စံချိန်သစ်တွေတင်ပြီး အိမ်ပြန် မျက်နှာပန်းလှခဲ့တဲ့ Team Liquid

Dota2 သာမက Esports လောကရဲ့ အကြီးကျယ် အခမ်းနားဆုံး ပြိုင်ပွဲတစ်ခုဖြစ်တဲ့ The International 2017 ဟာ Team Liquid ပရိသတ်တွေရဲ့ အောင်ပွဲခံ ကြွေးကျော်သံနဲ့အတူ အဆုံးသတ်သွားခဲ့ပါပြီ။ Team Liquid ဟာ ပထမဆုဖြစ်တဲ့ $10.8 million ကို လွယ်လွယ်ကူကူ နဲ့ ဆွတ်ခူးသွားခဲ့တာတော့ မဟုတ်ပါဘူး။ Main event ရဲ့ ပထမဆုံးပွဲစဉ်မှာပဲ Invictus Gaming ကို အရေးနိမ့်ခဲ့ကာ lower bracket သို့ ဆင်းခဲ့ရပြီး ထိုမှတစ်ဆင့် ရှုံးထွက်ပွဲစဥ်များကို အကြိတ်အနယ် ယှဉ်ပြိုင်ပြီး Grand Final သို့ တက်လှမ်းခဲ့ရတာ ဖြစ်ပါတယ်။

Grand Final မှာတော့ The International 2014 တုန်းက champion ဟောင်းဖြစ်တဲ့ Newbee အသင်းနဲ့ တွေ့ဆုံခဲ့ပြီး BO5 (Best of 5) ပွဲစဉ်ကို ဆော့ကစား ခဲ့ရပါတယ်။ ပထမဆုံးပွဲမှာတော့ MATUMBAMAN နဲ့ gh တို့ရဲ့ Lifestealer-Slardar combo နဲ့ MinD ContRoL ရဲ့ Nature`s Prophet တို့ဟာ Newbee ကို early game ရော mid game မှာပါ ဖိအားတောက်လျှောက် ပေးထားနိုင်ခဲ့ပြီး game 1 ကို လွယ်လွယ်ကူကူပဲ သိမ်းယူသွားနိုင်ခဲ့ပါတယ်။

ဒုတိယပွဲမှာတော့ အခြေအနေက ပြောင်းပြန်ဖြစ်သွားခဲ့ပြီး laning phase တစ်လျှောက်လုံးမှာ Newbee က Liquid ကို တောက်လျှောက်ဖိထားနိုင်ခဲ့ပါတယ်။ Team Liquid တစ်သင်းလုံးနီးပါး farm မရလို့ အခြေအနေမဟန်ပဲ ဒီပွဲတော့ Newbee နိုင်ပြီထင်တယ် လို့ တွေးရလောက်အောင် Newbee အခြေအနေကောင်းခဲ့ပါတယ်။ ဒါပေမယ့် kpii ရဲ့ Legion Commander ပြုလုပ်ခဲ့တဲ့ အမှားတစ်ခုဟာ Newbee အတွက် game 2 ကို လက်လွှတ်လိုက်ရဖို့ အကြောင်းဖန်ခဲ့ပါတယ်။ kpii ဟာ Linken`s Sphere ရှိတဲ့ MATUMBAMAN ကို dual သွားဆွဲလိုက်မိပြီး Reaper`s Scythe နဲ့ ပြန်အသတ်ခံလိုက်ရတဲ့အတွက် Newbee ဟာ 4vs5 အနေအထားနဲ့ base ကို ကာကွယ်ရသလိုဖြစ်သွားပါတယ်။ အဲ့ဒီကနေစပြီး Newbee ဟာ bottom နဲ့ middle barracks တွေနဲ့အတူ game 2 ကိုပါ Team Liquid လက်ထဲ ထည့်ပေးလိုက်ရပါတော့တယ်။

Game 3 မှာတော့ Newbee ဟာ ပထမနှစ်ပွဲက အမှားတွေကို ပြင်ဆင်ပြီး တောင့်တင်းတဲ့ line up နဲ့ပွဲထွက်လာပါတယ်။ နှစ်သင်းလုံးဟာ mid game အထိ လက်ရည်မျှနေခဲ့လည်းပဲ နောက်ဆုံး Roshan battle မှာ သွေး ၁၀၀ ခန့်မျှသာ ကျန်တော့တဲ့ Miracle ရဲ့ Juggernaut ကို gh ရဲ့ Earthshaker က လက်မတင်လေး ကယ်တင်နိုင်ခဲ့ခြင်းဟာ Team Liquid ကို game 3 ကို အနိုင်ရစေခဲ့ပြီး Aegis of Champions ကိုပါ ရရှိသွားစေခဲ့ပါတော့တယ်။

Team Liquid အနိင်ရခြင်းဟာ TI ရဲ့ ကျိန်စာလို့ခေါ်တဲ့ အရှေ့နဲ့ အနောက် တစ်လှည့်စီ champion ဖြစ်ခြင်း အစဥ်အလာကို ထိန်းသိမ်းသလို ဖြစ်သွားပြီး Newbee ရဲ့ နှစ်ထပ်ကွမ်း champion အိပ်မက်ကို ရိုက်ချိုးသွားခြင်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Team Liquid ဟာ TI Grand Final မှာ ပထမဆုံးသော 3-0 ရလဒ်နဲ့ အနိုင်ယူခဲ့တဲ့ အသင်းအဖြစ် စံချိန်လည်း တင်သွားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် TI ဘိုးအေကြီး KuroKy ရဲ့ အိပ်မက်ဟာ နောက်ဆုံးတော့ အကောင်ထည်ပေါ်သွားပြီဖြစ်ပြီး သူ့ရဲ့ Team Liquid ဟာလဲ အိမ်ပြန် မျက်နှာပန်း လှသွားခဲ့ပြီ ဖြစ်ပါတယ်။

Image Source: https://www.youtube.com/watch?v=jIrcdNu5h1g

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password