ရွှေဘုတ်နဲ့အတူ စားမယ်ဝါးမယ်

မိတ်ဆွေတစ်ယောက် လာပြလို့ ပုတက်က “ရွှေအိရွှေဘုတ်၊ ဝါးတီး” ဆိုတဲ့ဂိမ်း ရေးဆွဲထုတ်လုပ်ထားမှန်း သိခဲ့ရပါတယ်။ ကိုယ်နဲ့ ငယ်ငယ်ကတည်းက ရင်းနှီးခဲ့တဲ့ ကာတွန်းဇာတ်ကောင်တွေ ပါဝင်တာမို့ နှစ်ခါမစဉ်းစားဘဲ ချက်ချင်းလိုလို စမ်းသပ်ကစားဖြစ်ခဲ့ပါတယ်။

        

ဂိမ်းကတော့ နာမည်အတိုင်း ရွှေဘုတ်ရဲ့ ဝါးတီးဖွင့်ခန်းတွေကို အခြေခံထားတာကို တွေ့ရပါတယ်။ ဖုန်းမျက်နှာပြင်ရဲ့ အပေါ်ကနေ ကျလာတဲ့ အစားအစာတွေကို ရွှေဘုတ်ပါးစပ်နဲ့တည့်အောင် လိုက်ချိန်ပေးရမှာပါ။ ငါးရိုးတွေ၊ အဆိပ်တွေကို ရှောင်ရှားပြီး ရွှေဘုတ်ကြိုက်တဲ့ မုန့်တွေကို လိုက်စားရင်းနဲ့ အမှတ်တွေ များများရအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ ဆော့ကစားရတဲ့ပုံကတော့ ရိုးရိုးရှင်းရှင်းလေးဖြစ်လို့ အခန်းတစ်ခုလောက် ကစားကြည့်ရုံနဲ့ အဆင်ပြေပြေ ဆော့တတ်သွားမှာပါ။ ဒါ့အပြင် ကစားနည်းအသစ်တွေ ပါလာတိုင်း ပုံနဲ့တကွ သေချာရှင်းပြထားတာမို့ ကလေးသူငယ်တွေပါ အလွယ်တကူ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

Gameplay ပိုင်းက ရိုးရိုးရှင်းရှင်းပဲမို့ အခန်းတွေကို အောင်နိုင်ဖို့ မခက်ပေမယ့် အမှတ်များများ ရချင်ရင်တော့ combo တွေကို ကျကျနန ယူတတ်မှရမှာပါ။ အခန်းအနည်းငယ်ကစားပြီးတိုင်း ကာတွန်းတစ်မျက်နှာ ဖတ်လို့ရတာကိုတော့ အတော် သဘောကျမိပါတယ်။ ကျွန်တော်ဆိုရင် အဲဒီကာတွန်းတွေဖတ်ချင်လို့ ရှိသမျှအခန်းအားလုံးကို တစ်ထိုင်တည်း ဆော့ဖြစ်သွားခဲ့ပါတယ်။ ဂိမ်းရဲ့ နောက်ဆုံးအခန်းဖြစ်တဲ့ ဖိုးသူတော်နဲ့ လုစားရတဲ့အပိုင်းကိုလည်း သဘောကျမိပါတယ်။ သူငယ်ချင်းတွေနဲ့သာ ယှဉ်ပြိုင်ဆော့ကစားလို့ရခဲ့မယ်ဆို တော်တော်ပျော်ဖို့ကောင်းမှာပဲ လို့လည်း တွေးမိပါသေးတယ်။

တစ်ခုတော့ သတိပေးပါရစေ။ ဒီဂိမ်းကို ဗိုက်ဆာနေတဲ့အချိန်မှာ မဆော့ပါနဲ့။ ရွှေဘုတ် အားရပါးရ စားနေတာကိုမြင်ပြီး သင်ပါ ဗိုက်ဆာလာမှာစိုးလို့ပါ။ အဲဒီတစ်ချက်ကလွဲရင် ဒီဂိမ်းဟာ အားလပ်ချိန်မှာ ထုတ်ဆော့လို့ကောင်းတဲ့ ပေါ့ပေါ့ပါးပါး ဂိမ်းတစ်ခုဖြစ်ပြီး Google Play Store ကနေ အခမဲ့ ရယူဆော့ကစားနိုင်ပါတယ် လို့ သတင်းကောင်းပါးလိုက်ပါတယ်။

Image Source:

https://play.google.com/store/apps/details?id=com.karawii.puttet.shweeiandshwebookmm&hl=en

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password