သီချင်းသံနဲ့ စည်းချက်ကျကျ ပြေးရမယ့် အပြေးဂိမ်း Lost in Harmony

မိမိ ဇာတ်ကောင်မှ အလိုအလျှောက် ပြေးတဲ့ဂိမ်း (auto-runner game) တွေဟာ app stores တွေမှာ တောင်ပုံရာပုံပဲ ဖြစ်ပါတယ်။ Theme ပေါင်းစုံနဲ့ အဆိုပါဂိမ်းတွေထဲကမှ ကိုယ်ပေးလိုက်ရတဲ့ အချိန်နဲ့တန်အောင် ကောင်းတဲ့ ဂိမ်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဂိမ်းလေးရဲ့ နာမည်ကတော့ Lost in Harmony ဖြစ်ပါတယ်။ Lost in Harmony ကို ၂၀၁၆ ခုနှစ်ရဲ့ အကောင်းဆုံးဂိမ်းအဖြစ် Apple Store ရော Google Play Store ကပါ သတ်မှတ်ခဲ့ကြပြီး ဂိမ်းဝေဖန်ရေး website တွေကလည်း အထူးတလည် ချီးမွမ်းခဲ့ကြပါတယ်။ ဘာကြောင့်များ ဒီဂိမ်းက တစ်ခြားဂိမ်းတွေနဲ့မတူဘဲ ထူးခြား ကောင်းမွန်နေတာလဲ။

ဒီဂိမ်းဟာ auto-runner ဂိမ်းနဲ့ rhythm ဂိမ်း နှစ်မျိုးကို လှလှပပ ပေါင်းစပ်ထားတဲ့ ဂိမ်းမျိုးပဲ ဖြစ်ပါတယ်။ ဂိမ်းကစားရတဲ့ပုံစံကတော့ auto-runner ဂိမ်းတွေထုံးစံအတိုင်း မိမိကိုင်တွယ်ရတဲ့ ဇာတ်ကောင်က ပြေးလမ်းပေါ်မှာ အလိုအလျှောက် ပြေးနေမှာဖြစ်ပြီး လမ်းတစ်လျှောက်မှာ ပေါ်လာသမျှ အတားအဆီးတွေကို ဘယ်ညာ ရွှေ့ပြီးဖြစ်စေ၊ အပေါ်သို့ ခုန်ပြီးဖြစ်စေ ရှောင်ရှားရမှာပါ။ ထူးခြားတာကတော့ stage တစ်ခုချင်းစီတိုင်းမှာ နောက်ခံသီချင်းများပါဝင်ပြီး အတားအဆီးတွေကလည်း သီချင်းသံစဉ်အတိုင်း လာမှာဖြစ်ပါတယ်။ ဥပမာ သီချင်းအေးအေးလေး လာနေရင် အတားအဆီးတွေကလဲ ဖြည်းဖြည်းချင်းစီ လာမှာဖြစ်ပြီး သီချင်း tempo မြင့်လာတာနဲ့အမျှ အတားအဆီးတွေ လာတဲ့နှုန်းက မြန်လာမှာပါ။ သီချင်းပြီးဆုံးတဲ့အထိ ပြေးနိုင်ရင် အဲ့ဒီ stage ကို အောင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် သီချင်းအနေအထားပေါ် မူတည်ပြီး နောက်ခံရှုခင်းကလဲ လိုက်ပြောင်းဦးမှာဖြစ်တဲ့အတွက် အမြင်၊အကြား နှစ်မျိုးလုံးနဲ့ သီချင်းသံစဉ်ကို စီးမြော ခံစားနိုင်မှာပါ။

ဂိမ်းကစားရတဲ့ပုံစံ တစ်ခုတည်းကပဲ စိတ်ဝင်စားဖို့ ကောင်းနေတာ မဟုတ်ပါဘူး။ ဂိမ်းရဲ့ဇာတ်လမ်းနဲ့ ပါ၀င်တဲ့ဇာတ်ကောင်တွေကလည်း ဒီဂိမ်းရဲ့ ကောင်းကွက်တွေထဲက တစ်ခုအပါအဝင်ပါ။ ကောင်လေးရဲ့ နာမည်က Kaito လို့ခေါ်ပြီး ကောင်မလေးကတော့ Aya ဖြစ်ကာ သူတို့တွေက အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။ Aya ဟာ နေမကောင်းဖြစ်နေပြီး Kaito အနေနဲ့ သူ့ရဲ့အချစ်ဆုံး သူငယ်ချင်းအတွက် သူမဘေးမှာ ရှိနေပေးရုံကလွဲလို့ ဘာမှမလုပ်ပေးနိုင်ပါဘူး။ စိတ်မကောင်းဖြစ်နေတဲ့ Kaito ဟာ Aya ကျန်းမာရေးကောင်းတယ်ဆိုတဲ့ အိပ်မက်ကမ္ဘာတစ်ခုကို တည်ဆောက်ပြီး စိတ်ကူးတွေ ယဉ်ကာ နာကျင်မှုတွေကို ဖြေဖျောက်နေခဲ့ပါတယ်။ ကျွန်တော်တို့ ကစားရမယ့် stage တွေက Kaito ရဲ့ စိတ်ကူးယဉ် အိပ်မက်တွေဖြစ်ပါတယ်။ ကစားသူတွေအနေနဲ့ အဲဒီ stage တွေကို အနိုင်ယူပြီး သူငယ်ချင်းနှစ်ယောက် နောက်ဆုံးဘယ်လို ဖြစ်သွားမယ် ဆိုတဲ့ အဆုံးသတ်ကို ချဉ်းကပ်ရမှာပဲ ဖြစ်ပါတယ်။

Rhythm ဂိမ်းဖြစ်တာနဲ့အညီ ပါဝင်တဲ့ သီချင်းတွေကလည်း အပျံစားတွေပါပဲ။ အသုံးပြုထားတဲ့ သီချင်းတွေက classical သီချင်းတွေကို remix လုပ်ထားတာ ဖြစ်ပြီး ဂိမ်းရဲ့ ဇာတ်လမ်း၊ ပါ၀င်တဲ့ ဇာတ်ကောင်တွေရဲ့ ခံစားချက် နဲ့ stage တစ်ခုချင်းစီရဲ့ ခက်ခဲမှုအဆင့်ကို ကောင်းမွန်စွာ ထင်ဟပ်နိုင်ကြပါတယ်။ ဒါကြောင့် အားလပ်ချိန်မှာ တစ်နေရာမှာ အေးအေးဆေးဆေးထိုင်၊ နားကြပ်လေးတပ်ပြီး Kaito နဲ့ Aya တို့ရဲ့ ဇာတ်လမ်းထဲမှာ နစ်မျောကြည့်လိုက်ကြဖို့ အကြံပေးလိုက်ရပါတယ်။

 

Image Source:

http://www.pocketmeta.com/review-lost-harmony-power-love-death-music-36572/

http://lostinharmony.com/en/home/

https://itunes.apple.com/us/app/lost-in-harmony/id1018743724?mt=8

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password