ကဒ်ထုပ်တွေ မလိုအပ်တော့တဲ့ ကဒ်ဂိမ်း Hearthstone

ကျွန်တော်တို့တွေ ၉၀ ခုနှစ်နဲ့ ၂၀၀၀ ပြည့်နှစ် အစောပိုင်းတုန်းမှာ Yu-Gi-Oh! နဲ့ Pokemon တို့လိုမျိုး ကဒ်ဂိမ်းတွေကို စွဲစွဲမက်မက် ဆော့ခဲ့ကြပါတယ်။ ကဒ်တွေကို စုဆောင်းပြီးတော့ deck တွေပြင်ဆင်၊ ပြီးတော့ သူငယ်ချင်းတွေကို စိန်ခေါ်ခဲ့ရတဲ့ အရသာကို တော်ရုံနဲ့ မေ့ပျောက်နိုင်ကြမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ ဒီနေ့ခတ်မှာတော့ အဲ့ဒီအရသာကို ထိုင်ရာမထ မိမိအိမ်ကနေ တစ်ဖန်ပြန်လည် ခံစားနိုင်ပြီ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ မျက်မှောက်ခေတ် CCG (Collectible Card Game) ဂိမ်းတွေဟာ digital စနစ်ဖက်ကို ကူးပြောင်းစပြုလာပြီမို့လို့ပါ။ Digital အသွင်ကူးပြောင်းသွားတဲ့အတွက် အရင်ကလို ကဒ်တွေကို ထိန်းသိမ်းစရာ မလိုတော့တဲ့အပြင် မိမိရောက်လေရာ နေရာကနေ အင်တာနက် ရှိရုံနဲ့ ဆော့ကစားနိုင်ပြီ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် Digital CCG ဂိမ်းတွေထဲက နာမည်အကြီးဆုံး ဂိမ်းတစ်ခုဖြစ်တဲ့ Hearthstone နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Hearthstone: Heroes of Warcraft ကို နာမည်ကျော် Blizzard Entertainment ကနေ ဖန်တီးရေးဆွဲထားတာဖြစ်ပြီး သူရဲ့ နဂိုရှိပြီးသား World of Warcraft ကဒ်ဂိမ်းကို အခြေပြုထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ပါဝင်တဲ့ hero တွေကလည်း Blizzard ပရိသတ်တွေနဲ့ မစိမ်းတဲ့ Jaina Proudmoore၊ Malfurion Stormrage၊ Thrall အစရှိတဲ့ ဇာတ်ကောင် တွေပဲ ဖြစ်ပါတယ်။ Hero တွေကို class ကိုးခု ခွဲထားပြီး class တစ်ခုနဲ့တစ်ခု အသုံးပြုနိုင်တဲ့ ability တွေနဲ့ ဆင့်ခေါ်အသုံးပြုနိုင်တဲ့ အကောင်ချင်းလည်း ကွဲပြားပါတယ်။ အဲ့ဒီကွဲပြားချက်တွေကို ပိုင်နိုင်စွာ လေ့လာပြီး အခြားသူတွေကို စိန်ခေါ်တိုက်ခိုက်ရမှာပါ။ Class က ကိုးခုတောင် ဆိုပြီး လန့်မသွားပါနဲ့ဦး။ Hero တွေရဲ့ ability တွေနဲ့ ကဒ်တစ်ခုချင်းစီရဲ့ အသုံးပြုပုံကို ရှင်းရှင်းလင်းလင်း ဖော်ပြထားတာမို့ Hearthstone ဟာ အင်မတန်မှ လေ့လာရလွယ်ကူတဲ့ ဂိမ်းဖြစ်ပါတယ်။

Deck တွေဆောက်ဖို့ ကဒ်တွေကို mission တွေပြုလုပ်ရာကဖြစ်စေ၊ Arena တွေ ပါဝင် ဆင်နွှဲရင်ပဲဖြစ်စေ၊ solo adventure mode ကို ဝင်ရောက်ကစားရာမှဖြစ်စေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ကြမ်းပေ့ဆိုတဲ့ ကဒ်တွေအကုန် လိုချင်တယ် ဆိုတဲ့ သူတွေအတွက်တော့ ဂိမ်းထဲကရွှေနဲ့ဖြစ်စေ၊ ပိုက်ဆံနဲ့ဖြစ်စေ card pack တွေကို ဝယ်ယူကံစမ်းနိုင်ပါတယ်။ Deck တွေမဆောက်တတ်ဖူး၊ အခု ဘာတွေ ခေတ်စားနေသလဲမသိဘူး ဆိုရင်လည်း guide တွေ လွယ်လင့်တကူရှိတဲ့ အတွက် အေးအေးဆေးဆေး လေ့လာနိုင်ပါသေးတယ်။ အွန်လိုင်းပေါ်က သူစိမ်းတွေနဲ့ မဆော့ချင်ဘူး၊ မိမိနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့ပဲ ဆော့ချင်တယ် ဆိုတဲ့သူတွေအတွက်လည်း Blizzard က ရယ်ဒီလုပ်ထားပေးပြီးသားပါ။ သင်နဲ့ သင့်သူငယ်ချင်းဟာ Hearthstone ထဲမှာ friend ဖြစ်ပြီ ဆိုတာနဲ့ တစ်ယောက်ကို တစ်ယောက် စိန်ခေါ် ဆော့ကစားနိုင်ပြီ ဖြစ်ပါတယ်။

Digital ကဒ်ဂိမ်းဖြစ်တဲ့အတွက် သာမာန်ကဒ်ဂိမ်းတွေထက် အားသာတဲ့အချက်တွေ အများကြီးရှိပါတယ်။ အဲ့ဒါတွေထဲက ထင်ရှားတဲ့ အချက်တစ်ချက်ကတော့ sound effect နဲ့ animation ဖြစ်ပါတယ်။ မိမိ အသုံးပြုလိုက်တဲ့ ability တိုင်းအတွက် animation တွေ ပါရှိသလို အကောင်တွေ ဆင့်ခေါ်လိုက်ပြီဆိုရင်လည်း အဲဒီအကောင်ရဲ့အသံကို နားဆင်ရမှာပါ။ ဒါဟာ သာမာန် ကဒ်ဂိမ်းတွေကနေ မရရှိနိုင်တဲ့ experience ဖြစ်ပါတယ်။ ဒါ့အပြင် Android၊ iOS၊ PC နဲ့ Mac platform အားလုံးမှာ free ဆော့ကစားလို့ရလို့ မိမိနဲ့ သုံးတဲ့ platform မတူတဲ့ သူငယ်ချင်းတွေ ကျန်ခဲ့မှာလည်း စိတ်ပူစရာမလိုပါဘူး။ ဒါကြောင့် classic ကဒ်ဂိမ်းအရသာလည်းရမယ်၊ အင်တာနက် ရှိတဲ့ နေရာတိုင်းကနေလည်း ဆော့ကစားနိုင်မယ်၊ ကဒ်တွေကိုလဲ ထိန်းသိမ်းစရာမလိုတဲ့အတွက် ကဒ်ဂိမ်းခရေဇီတွေ Hearthstone ကို စမ်းဆော့ကြည့်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Image Source:

https://itunes.apple.com/us/app/hearthstone/id625257520?mt=8

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password