သမိုင်း ဒဏ္ဍာရီထဲက သူရဲကောင်းတွေကို ဆင့်ခေါ်ပြီး ဆော့ကစားရမယ့် Fate/Grand Order

Fate/Grand Order ဆိုတဲ့ ဒီဂိမ်းကတော့ ဂျပန်နိုင်ငံမှ Type Moon ကုမ္ပဏီရဲ့ နာမည်ကျော် Fate/stay Night ဆိုတဲ့ ရုပ်ပြဝတ္ထု (Visual Novel) ကို အခြေခံပြီး ရေးဆွဲထားတဲ့ RPG ဂိမ်းဖြစ်ပါတယ်။ ဒီဂိမ်းထဲမှာ ကစားသူဟာ မျိုးသုဉ်း ပျောက်ကွယ်တော့မယ့် လူသားမျိုးနွယ်စုကို ကယ်တင်ဖို့အတွက် အတိတ်ကို အချိန်ခရီးသွားပြီး တိုက်ပွဲဝင်ရသူ နေရာကနေ ဆော့ကစားရမှာဖြစ်ပါတယ်။ ကမ္ဘာကြီးကို ကယ်တင်ဖို့ဆိုတာ သာမန်လူတစ်ယောက်ရဲ့ အစွမ်းအစနဲ့ မဖြစ်နိုင်ပါဘူး။ အဲဒီတော့ စစ်ကူခေါ်ရပါမယ်။ ကမ္ဘာကြီးကို ကယ်တင်မယ့် ကျွန်တော်တို့ကို ကူညီမယ့်သူတွေကတော့ သမိုင်း၊ ဒဏ္ဍာရီထဲက နာမည်ကျော် လူပုဂ္ဂိုလ်တွေပဲ ဖြစ်ပါတယ်။

‘Master’ လို့ခေါ်တဲ့ ကစားသူတွေဟာ ‘Servant’ လို့ခေါ်တဲ့ အတိတ်က သူရဲကောင်းတွေကို ဆင့်ခေါ်ပြီး မိမိတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင် ကြိုးစားကြရမှာပါ။ ဆင့်ခေါ်အသုံးပြုနိုင်တဲ့ Servant တွေကလဲ အများကြီးပါ။ ဥပမာပေးရမယ်ဆိုရင် King Arthur ဒဏ္ဍာရီထဲက ဘုရင် Arthur Pendragon နဲ့ သူ့ရဲ့ Round Table က သူရဲကောင်းတွေ၊ ဂရိဒဏ္ဍာရီထဲက သူရဲကောင်း Heracles၊ ဂျပန်ဒဏ္ဍာရီထဲက မြေခွေးနတ်ဘုရား Tamamo no Mae၊ ၁၉ရာစုနှစ်တုန်းက လန်ဒန်မှာ သောင်းကျန်းခဲ့တဲ့ လူသတ်သမား Jack the Ripper အစရှိတဲ့ နိုင်ငံပေါင်းစုံက အထင်ကရ ပုဂ္ဂိုလ်တွေပဲ ဖြစ်ပါတယ်။ ဒီဂိမ်းကို စဆော့လိုက်ပြီဆိုရင် ကိုယ်မရင်းနှီးတဲ့ နာမည်တွေအများကြီး တွေ့ရမှာပါ။ အဲ့ဒီနာမည်တွေကို လိုက်လံလေ့လာရင်းကနေ ဗဟုသုတရတာကလည်း ဒီဂိမ်း ဆော့ရင်းနဲ့ရတဲ့ အကျိုးကျေးဇူးတစ်ခု ဖြစ်ပါတယ်။

Fate/Grand Order ဟာ turn-based RPG ဖြစ်ပြီး Servant များနဲ့ သူတို့ရဲ့ ability များကို မိမိဉာဏ်ရှိသလို ပေါင်းစပ်ပြီး အသုံးပြုကာ ရန်သူများကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ Fate/Grand Order ဟာ free-to-play ဂိမ်းတွေထဲမှာ ပိုက်ဆံမသုံးဘဲနဲ့ သုံးသူများနည်းတူ ဂိမ်းကို အေးအေးဆေးဆေး နိုင်အောင် ဆော့လို့ရတဲ့ ရှားရှားပါးပါး ဂိမ်းတစ်ခုဖြစ်ပါတယ်။ SSR Servant တွေမရှိလည်း rarity နိမ့်တဲ့ Servant တွေနဲ့ ဂိမ်းကို လွယ်လွယ်ကူကူ ဆော့ကစားနိုင်ပါတယ်။ ဒါကြောင့် ပိုက်ဆံမသုံးချင်တဲ့သူတွေလည်း စိတ်ချမ်းသာစွာနဲ့ ဆော့ကစားနိုင်မှာပါ။ ဒါ့အပြင် ဒီဂိမ်းဟာ game balance အပိုင်းနဲ့ပတ်သက်ပြီး ကမ္ဘာတစ်ဝန်းက ကစားသူတွေကြားမှာ နာမည်ကောင်း ရထားပါသေးတယ်။ Servant အဟောင်းတွေကိုလည်း ပုံမှန် အဆင့်မြင့်တင်ပေးနေတာကြောင့် ဒီဂိမ်းထွက်ရှိတာ ၂နှစ်လောက်ရှိပြီ ဖြစ်ပေမယ့် လွန်ခဲ့တဲ့ ၂ နှစ်က Servant ဟာ ယနေ့ထွက်ရှိတဲ့ Servant အသစ်နဲ့ ရင်ပေါင်တန်းနိုင်ပါတယ်။ ဒါကြောင့် Servant အသစ်တွေမရှိလို့ သူများနည်းတူ လိုက်မဆော့နိုင်ဘူး ဆိုတာ မရှိပါဘူး။ ဒါပေမယ့်  PvP မပါဝင်တာကြောင့် အခြားကစားသူတွေနဲ့ ပြိုင်ဆိုင်ကစားလိုသူတွေအဖို့ အားမလိုအားမရ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

PvP ဘာကြောင့် မပါဝင်ရသလဲဆိုတော့ Fate/Grand Order ဟာ ဇာတ်လမ်းအသားပေးတဲ့ ဂိမ်းမျိုး ဖြစ်လို့ပါ။ ခေတ်ကာလ တစ်ခုကနေ နောက်တစ်ခုကို သွားရောက်ပြီး တိုက်ပွဲတွေ ဆင်နွှဲရာကနေ ဇာတ်လမ်းဇာတ်အိမ်ကလည်း တဖြည်းဖြည်း ကျယ်ပြန့်လာမှာဖြစ်ပါတယ်။ ဇာတ်လမ်းကို Visual Novel ပုံစံအတိုင်း စကားပြောခန်းတွေနဲ့ တင်ဆက်မှာဖြစ်ပြီး ရယ်မောစရာကနေ ဝမ်းနည်းရတဲ့အထိ ရသစုံပါဝင်တာကြောင့် ဖတ်ရတာလည်း မငြီးငွေ့လှပါဘူး။ ဇာတ်လမ်းအစအဆုံးကို Fate/stay Night ကိုရေးသားခဲ့သူ နာမည်ကျော် စာရေးဆရာ Nasu Kinoko က ဦးဆောင်ပြီး ရေးသားထားတာဖြစ်ပြီး ဂိမ်းထဲမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေကို ဂျပန်နိုင်ငံက ထိပ်တန်း ပုံဆွဲသူတွေနဲ့ အသံသရုပ်ဆောင်တွေက အသက်သွင်းထားကြတာမို့ အရည်အသွေးပိုင်းကို စိတ်ချထားလို့ရပါတယ်။

   

ဒီဂိမ်းကို iOS နဲ့ Android နှစ်မျိုးလုံးမှာ အခမဲ့ ဆော့ကစားနိုင်မှာဖြစ်ပြီး လက်ရှိမှာတော့ ဂျပန်၊ တရုတ် နဲ့ အမေရိကား ဆိုပြီး ဆာဗာ တွေရှိတာမို့ မိမိနှစ်သက်ရာဆာဗာမှာ ဆော့ကစားနိုင်ပါတယ်။ တစ်ခုရှိတာက ဂျပန်ဂိမ်းတွေထုံးစံအတိုင်း ဂျပန်ဆာဗာဟာ နောက်ဆုံးထွက်တဲ့ update ကို အရင်ဆုံးရရှိတတ်တာကို သတိထားစေလိုပါတယ်။ ဒါကြောင့် turn-based RPG နှစ်သက်သူတွေ၊ ဂျပန်ကာတွန်း (Anime) နှစ်သက်သူတွေ၊ နောက်ခံဇာတ်အိမ် ကောင်းကောင်းနဲ့ ဂိမ်းတွေကို ကြိုက်နှစ်သက်တတ်သူတွေကို ဒီ Fate/Grand Order ဂိမ်းလေးကို ဆော့ကစားကြည့်ကြဖို့ ညွှန်းလိုက်ရပါတယ်။

Image Source:

http://fategrandorder.wikia.com/

https://itunes.apple.com/us/app/fate-grand-order-english/id1183802626?mt=8/

http://onecall2ch.com/archives/8393375.html

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password