အခု မိတ်ဆက်ပေးချင်တဲ့ ဂိမ်းလေးကတော့ မကြာသေးမီက ထွက်ရှိထားတဲ့ Leap On! လို့ခေါ်တဲ့ one-touch arcade ဂိမ်းလေးပဲ ဖြစ်ပါတယ်။ Leap On! ဟာ Apple store မှာရော Play store မှာပါ ကစားသူအများစုရဲ့ positive review တွေ ရရှိထားတဲ့ ဂိမ်းတစ်ခုလည်း ဖြစ်ပါတယ်။ One-touch ဂိမ်းတွေဟာ ဆော့ကစားရတာ ရိုးရှင်းတာမို့ လူကြီး လူငယ်မရွေး စွဲစွဲမက်မက် ဆော့ကစားကြတဲ့ ဂိမ်းတွေ ဖြစ်ပါတယ်။ Leap On! ဟာဆိုရင်လည်း ထိုနည်း၎င်း ဖြစ်ပါတယ်။ ကစားနည်းက အင်မတန်ရိုးရှင်းပေမယ့် လူကို နာရီပေါင်းများစွာ တစ်ထိုင်တည်း ဆော့ဖြစ်သွားစေနိုင်ပါတယ်။
ဒီဂိမ်းမှာ ကစားသူက အလယ်ဗဟိုကို ကြိုးနဲ့ဆက်ထားတဲ့ ဘောလုံးလေးကို ထိန်းချုပ်ရမှာပါ။ ဘောလုံးလေးဟာ နာရီလက်တံသွားရာအတိုင်း အလယ်ကို ဗဟိုပြုပြီး လှည့်ပတ်နေမှာဖြစ်ပါတယ်။ ဘောလုံးသွားရာ လမ်းတစ်လျှောက်မှာ အဖြူရောင်နဲ့ အနက်ရောင် ဘောလုံးတွေ ရှိမှာဖြစ်ပြီး ကစားသူရဲ့တာဝန်က အဖြူရောင် ဘောလုံးတွေကိုလိုက်စားပြီး အမည်းရောင် ဘောလုံးတွေနဲ့ မထိအောင် ရှောင်ရှားရင်း အမှတ်များများရအောင် ယူရမှာ ဖြစ်ပါတယ်။ လှည့်တာ တစ်ပတ်ပြည့်သွားတိုင်း ရမှတ်ရတာက ၂ဆ၊ ၃ဆ အစရှိသဖြင့် တိုးသွားဦးမှာပါ။ လမ်းတစ်လျှောက်မှာရှိတဲ့ power up လေးတွေကို လိုက်စားပြီး အခက်အခဲတွေကိုလည်း ကျော်လွှားနိုင်ပါသေးတယ်။
အချိန်ကန့်သတ်ချက်မရှိ၊ ဂိမ်းပြီးဆုံးတာလည်း မရှိတဲ့အတွက် ရမှတ်များများ ရအောင် ကစားဖို့က ဒီဂိမ်းရဲ့ အဓိက ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ အရင်တုန်းက Fruit Ninja ၊ Flappy Bird တို့လိုပဲ သူငယ်ချင်းတွေနဲ့ ရမှတ်တွေ ပြိုင်ဆိုင်ပြီး ပျော်လို့ရတဲ့ ဂိမ်းမျိုးပဲ ဖြစ်ပါတယ်။ Android ရော iOS မှာပါ အခမဲ့ ရယူဆော့ကစားနိုင်မှာဖြစ်ပြီး in-app purchase ဆိုလို့ ကြော်ငြာတွေကို ဖျောက်တာ တစ်ခုပဲ ပါရှိတဲ့အတွက် ပိုက်ဆံမသုံးချင်သူတွေအနေနဲ့လည်း ပြဿနာ မရှိလှပါဘူး။ Leap On! ဟာ ချစ်သူနဲ့ ချိန်းထားတာကို စောင့်နေရင်းပဲဖြစ်ဖြစ်၊ ဘတ်စ်ပေါ်မှာ အချိန်ဖြုန်းချင်ရင်ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ ပျော်ချင်ရင်ပဲဖြစ်ဖြစ် ဆော့ကစားလို့ သင့်တော်တဲ့ ဂိမ်းမျိုးဖြစ်တာမို့ ခေတ်နောက်မကျသွားရအောင် အခုပဲ စမ်းဆော့ကြည့်လိုက်ဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။
Image Source: https://play.google.com/store/apps/details?id=com.noodlecake.leapon