News

WWDC 2018 မှာ ‘Apple Design Award’ ရရှိသွားကြတဲ့ iOS ဂိမ်းများ

Apple က သူ့ရဲ့ နှစ်စဉ်ပြုလုပ်နေကျ WWDC ပွဲမှာ ၂၀၁၈ အတွက် Apple Design Award ဆုရရှိတဲ့ Mac နဲ့ iOS Platform တွေပေါ်က Application တွေကို ကြေညာလိုက်ပြီဖြစ်ပါတယ်။ ဒီဆုဟာ ဒီဇိုင်း၊ တီထွင်ဆန်းသစ်နိုင်မှု၊ ကဏ္ဍအလိုက် သုံးစွဲသူတွေကို အကျိုးပြုနိုင်မှု စတဲ့အချက်တွေနဲ့ အကဲဖြတ်ရွေးချယ်ပြီး အကောင်းဆုံးလို့သတ်မှတ်ခံရတဲ့ Application တွေကို ချီးမြင့်တဲ့ဆု ဖြစ်ပါတယ်။

ဒီနှစ်အတွက် ဆုရရှိသူစာရင်းမှာ iOS ဂိမ်း စုစုပေါင်း ၅ ခုပါဝင်ခဲ့ပါတယ်။ ဆုရရှိသွားတဲ့ဂိမ်းအများစုက Appstore ရဲ့ Editor’s Choice စာရင်းဝင်တွေဖြစ်ကြပြီးတော့ တကယ့်ကို ဆုရဖို့ထိုက်တန်တဲ့ ဂိမ်းကောင်းတွေဖြစ်တယ်ဆိုတာကိုလည်း တွေ့ရပါတယ်။ ကောင်းပေ့ဆိုတဲ့ဂိမ်းတွေကို ရှာဖွေနေသူတွေအတွက် ဆုရရှိသွားတဲ့ဂိမ်းတွေအကြောင်း အကျဉ်းကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

 

Alto’s Odyssey ($4.99)

ဒီဂိမ်းကတော့ နာမည်ကြီး Alto’s Adventure ရဲ့အဆက်ဖြစ်ပြီးတော့ အရမ်းကောင်းပါတယ်ဆိုတဲ့ မူရင်းဂိမ်းထက်ကိုတောင် ပိုကောင်းတယ်လို့ သတ်မှတ်ခြင်းခံရတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ Runner ဂိမ်းအမျိုးအစားဖြစ်ပြီးတော့ ရင်သပ်ရှုမောဖွယ် နောက်ခံပုံရိပ်တွေနဲ့ သာယာနာပျော်ဖွယ် သံစဉ်တွေကို ပေါင်းစပ်ထားတာမို့ ဆော့ရတာကတော့ တကယ့်အနှစ်ဖြစ်ပါတယ်။ အချိန်မရွေး နေရာမရွေး ဆော့ကစားဖို့ သင့်တော်တဲ့ဂိမ်းတစ်ခုဖြစ်ပြီး ဖုန်းထဲမှာ ဆောင်ထားလို့ကောင်းတဲ့ ဂိမ်းမျိုးလည်း ဖြစ်ပါတယ်။

Download Link – Alto’s Odyssey

 

Florence ($2.99)

Mobile ဂိမ်းကောင်းကောင်းလေးတွေကို လိုက်စုံစမ်းတတ်သူတွေအဖို့ Monument Valley ကို ကြားကိုကြားဖူးကြပါတယ်။ ဆုတွေ တစ်သီတစ်တန်းကြီး ဆွတ်ခူးထားပြီး ယနေ့တိုင်အောင် လူတွေ နှစ်နှစ်ခြိုက်ခြိုက်ဆော့နေကြတဲ့ ဂိမ်းတစ်ခုလည်းဖြစ်ပါတယ်။ Florence ဟာ Monument Valley ရဲ့ Lead Designer ဖြစ်သူ Ken Wong ရဲ့ နောက်ထပ် Masterpiece တစ်ခုဖြစ်ပါတယ်။ အချစ်ရဲ့ အနိမ့်၊ အမြင့် နှစ်မျိုးလုံးကို ပီပီပြင်ပြင် ဖော်ကျူးထားတဲ့ Interactive Novel ဖြစ်ပါတယ်။ ဂိမ်းဖန်တီးသူက 500 Days of Summer, Eternal Sunshine of Spotless Mind နဲ့ Titanic လို့ အချစ်ဇာတ်လမ်းတွေကို ကြည့်ရှုပြီး ဒီဂိမ်းကို ဖန်တီးထားတာဆိုတော့ အချစ်ဇာတ်လမ်းကောင်းကောင်းလေး ဖတ်ချင်သူတွေနဲ့ အံကိုက်ဖြစ်မယ့် ဂိမ်းဖြစ်ပါတယ်။

Download Link – Florence

 

Inside (Free)

ဒါကတော့ Console Platform တွေပေါ်မှာ ရှယ်နာမည်ကြီးတဲ့ Playdead ကုမ္ပဏီရဲ့ Inside ပါ။ Puzzle-Adventure Platformer အမျိုးအစားဖြစ်ပြီးတော့ ဆုတွေ တောင်ပုံရာပုံ ရရှိထားတဲ့ ဂိမ်းတစ်ခုလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ Game Mechanic, လူကိုစိတ်ချောက်ခြားစေတဲ့ Art Design, Animation နဲ့ နောက်ခံအသံတွေကြောင့် အထူးနာမည်ကြီးပါတယ်။ ဂိမ်းရဲ့ပီပြင်ချက်က ကစားရင်းနဲ့ ဂိမ်းထဲကကောင်လေးနေရာမှာ ကိုယ်တိုင်ပြေးနေရသလို ခံစားရစေပြီး ထိတ်လန့်ချောက်ခြားစိတ်တွေပါ တဖွားဖွားပေါ်လာစေမှာပါ။ သူ့ရဲ့ Demo Ver ကိုတော့ အခမဲ့ စမ်းဆော့ကြည့်လို့ရပြီး Full Game ကတော့ $6.99 ကျသင့်မှာဖြစ်ပါတယ်။

Download Link – Inside

 

Oddmar ($4.99)

Inside က ‘ည’ ဆိုရင် Oddmar က သူ့ရဲ့ ဆန့်ကျင်ဖက် ‘နေ့’ ပါ။ Oddmar ဟာ ချစ်စရာကောင်းတဲ့ Character, နှစ်လိုဖွယ်ကောင်းတဲ့ Art Design, ပျော်စရာကောင်းတဲ့ Game Mechanic တွေပါဝင်တဲ့ Action-Adventure Platformer ဂိမ်းလေးဖြစ်ပါတယ်။ Oddmar ဟာ လက်ရှိ Appstore ပေါ်က အကောင်းဆုံး Platformer ဂိမ်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

Download Link – Oddmar

 

Frost ($4.99)

ဝိဉာဉ်လေးတွေကို သူတို့နေရာမှန်ရောက်သွားအောင် လမ်းကြောင်းလေး ဆွဲပေးရတဲ့ဂိမ်း၊ ရှင်းရှင်းပြောမယ်ဆိုရင် အရမ်းရိုးရှင်းတဲ့ Basic Puzzle Concept ကိုအသုံးပြုထားတဲ့ဂိမ်းတစ်ခုက ဘာတွေများ ထူးခြားနိုင်မှာမို့လဲ။ အဲဒီ သံသယစိတ်တွေက Frost ကစားပြီးရင် လုံးလုံးပျောက်သွားမှာပါ။ Frost ရဲ့ ရိုးရှင်းပေမယ့် အင်မတန်လှပတဲ့ Animation, စိတ်ကို သက်တောင့်သက်သာဖြစ်စေမယ့် သံစဉ်ငြိမ့်ငြိမ့်လေးတို့က အချိန်ကုန်လို့ကုန်မှန်းမသိအောင် ဖမ်းစားနိုင်စွမ်းရှိပါတယ်။ ဒီလိုဂိမ်းမျိုးမှ ဆုမရရင် ဘယ်လိုဂိမ်းက ရဦးမှာလဲလို့တောင် ပြောယူရလောက်တဲ့အထိ Frost က လှပလွန်းလှပါတယ်။ Puzzle ဂိမ်းချစ်သူတွေအတွက် စမ်းကိုစမ်းကြည့်သင့်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။

Download Link- Frost

 

Ref: TC

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: