Facebook ရဲ့တန်ဖိုးကိုကျော်တက်သွားတဲ့အထိ အောင်မြင်နေတဲ့ Tencent က ဘယ်သူလဲ၊ ဘာလုပ်တာလဲ

နိုဝင်ဘာတတိယရက်သတ္တပတ်ထဲမှာ တရုတ်နိုင်ငံက IT ကုမ္ပဏီတစ်ခုဖြစ်တဲ့ Tencent ရဲ့တန်ဖိုးဟာ $500 billion ကျော်သွားပြီး Facebook ရဲ့တန်ဖိုးကိုကျော်တက်သွားခဲ့ပါတယ်။ ဒါ့ကြောင့် Tencent ဟာ တရုတ်ကုမ္ပဏီတွေထဲမှာ ပထမဆုံး Half-A-Trillion-Club ထဲရောက်ရှိလာတဲ့ လုပ်ငန်းစုတစ်ခုဖြစ်သွားပါတယ်။ Half-A-Trillion-Club ဆိုတာက တန်ဖိုး $500 Billion ကျော်တဲ့ Apple ၊ Alphabet (Google ရဲ့ပင်မကုမ္ပဏီ) ၊ Microsoft ၊ Amazon နဲ့ Facebook စတဲ့ကုမ္ပဏီတွေကိုခေါ်ဝေါ်တာဖြစ်ပါတယ်။ အဲဒီလိုဒိပ်ဒိပ်ကြဲကုမ္ပဏီတွေနဲ့ရင်ပေါင်တန်းနိုင်တဲ့ Tencent ဆိုတဲ့ကုမ္ပဏီရဲ့နာမည်ဟာ မနေ့တစ်နေ့ကအထိ တရုတ်ပြည်တွင်းကလူတွေကလွဲပြီး အပြင်ကလူတွေမသိကြသလောက်ပါပဲ။

Tencent ဆိုတာက တရုတ်နိုင်ငံမှာ အရမ်းနာမည်ကြီးတဲ့ QQ နဲ့ WeChat စတဲ့ Service တွေရဲ့နောက်ကွယ်က ကုမ္ပဏီဖြစ်ပါတယ်။ တရုတ်တစ်နိုင်ငံလုံးအသုံးပြုတဲ့ Service တွေဆိုတော့ အဲဒါတွေကြောင့် အောင်မြင်တာနေမှာပါလို့ ချက်ချင်းပြေးမြင်မိကြမှာပါ။ ဒါပေမယ့် တကယ်တမ်းက အဲဒီလိုမဟုတ်ပါဘူး။ Tencent ရဲ့ ဝင်ငွေအများစုက Mobile Game တွေကနေရရှိနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Financial Quarter (Q3 2017) မှာဆိုရင် Mobile Game တွေကနေ $2.75 billion ဝင်ငွေရရှိခဲ့ပြီး အဲဒီပမာဏဟာ Tencent ရဲ့ ဝင်ငွေစုစုပေါင်းရဲ့ သုံးပုံတစ်ပုံရှိပါတယ်။

Mobile Game လို့ခြုံငုံပြီးပြောလိုက်ပေမယ့် သူ့ကိုအဓိကပိုက်ဆံရှာပေးနေတာက ဆော့ကစားသူသန်း၂၀၀ရှိတဲ့ MOBA ဂိမ်း Honour of Kings ဖြစ်ပါတယ်။ ဘယ်လောက်အထိနာမည်ကြီးသလည်းဆိုရင် လူကြီးလူငယ်မရွေး အလုပ်အကိုင်ပျက် အရူးအမူးဆော့ကြလွန်းလို့ မီဒီယာတွေကဝိုင်းဝေဖန်ရာကနေသက်ငယ်ပိုင်းတွေကို ကစားချိန်ကန့်သတ်ပေးခဲ့ရတဲ့အထိပါပဲ။ အခုလက်ရှိမှာတော့ အဲဒီဂိမ်းကို Arena of Valor ဆိုပြီး English Version ထုတ်ပြီး ပြည်ပစျေးကွက်ကိုထိုးဖောက်ဖို့ကြိုးစားနေပါတယ်။ Mobile MOBA လောကနဲ့သိပ်မစိမ်းတဲ့သူတွေကတော့ အဲဒီဂိမ်းကိုကြားဖူးကြမှာပါ၊ League of Legends ကိုကူးချထားတဲ့ဂိမ်းဆိုပြီးတော့။ ဒါပေမယ့် လူတွေသိပ်မသိတဲ့အချက်ကတော့ Tencent က League of Legends ကိုပိုင်တယ်ဆိုတာပါပဲ။

League of Legends ကိုထုတ်လုပ်တဲ့ Riot Games ကို ၂၀၀၈ ခုနှစ်ကနေစပြီး တဖြည်းဖြည်းချင်းဝယ်ယူလာရာကနေ ၂၀၁၅ ခုနှစ်မှာတော့ Riot Games ဟာ Tencent လက်အောက်ကို လုံးလုံးရောက်သွားခဲ့ပါတယ်။ Tencent ရဲ့လက်အောက်မှာရှိတဲ့ ဂိမ်းကုမ္ပဏီက Riot Games တစ်ခုတည်းမဟုတ်ပါဘူး။ ပြောမယ်ဆို ကျွန်တော်တို့သိတဲ့နာမည်ကြီးဂိမ်းတော်တော်များများက Tencent နဲ့မကင်းပါဘူး။ Gears of War ကိုထုတ်လုပ်ခဲ့တဲ့ Epic Games ဟာဆိုရင်လည်း Tencent နဲ့မကင်းပါဘူး။ Call of Duty ၊ Destiny ၊ World of Warcraft ၊ Starcraft ၊ Overwatch… Gamer တွေမကြားဖူးမရှိကြတဲ့နာမည်တွေပါ။ အဲဒီဂိမ်းတွေကိုထုတ်တဲ့ Activision Blizzard ကုမ္ပဏီရဲ့ ၂၅ ရာခိုင်နှုန်းကိုလည်း Tencent ကပိုင်ဆိုင်ပါသေးတယ်။

          

          

ဒါတင်ပဲလားဆိုတော့ မကသေးပါဘူးလို့ပြန်ဖြေရမှာပါ။ Mobile Game လောကမှာ ဝက်ဝက်ကွဲအောင်မြင်တဲ့ Clash of Clans နဲ့ Clash Royale တို့ကိုထုတ်တဲ့ Supercell ကုမ္ပဏီရဲ့ ၈၄ ရာခိုင်နှုန်းခန့်ကို ၂၀၁၆ တုန်းက $8.6 billion ပေးပြီး ပစ်ဝယ်လိုက်ပါသေးတယ်။ အဲဒီတော့ သင်ဘယ်ဂိမ်းဆော့ဆော့ Tencent နဲ့ပြေးမလွတ်သလောက်ပါပဲ။

ဒါ့အပြင် ဒီအတောအတွင်းမှာ ရေပန်းအစားဆုံးဂိမ်းဖြစ်တဲ့ PUBG လည်း Tencent လက်ထဲကပြေးမလွတ်ပါဘူး။ မနေ့ကပဲ PUBG ရဲ့ Developer ဖြစ်တဲ့ Bluehole နဲ့ Tencent တို့ပူးပေါင်းပြီး Official PUBG Mobile Game ထုတ်မယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒါအပြင် Bluehole ကိုဝယ်ယူဖို့တာစူနေတယ်လို့လည်း ကောလဟာလတွေထွက်ရှိနေပါသေးတယ်။ နာမည်ကြီးလာတဲ့ Game Developer တွေကို ငွေထုပ်နဲ့စောင့်နေတတ်တဲ့ Tencent ရဲ့လုပ်ကိုင်ပုံတွေအရဆိုရင်တော့ တကယ်ကြီးဟုတ်မယ့်ပုံစံပါပဲ။

Console ဂိမ်း၊ PC ဂိမ်း၊ Mobile ဂိမ်း.. ဘယ်ဟာမှ Tencent နဲ့မလွတ်ပါဘူး။ ပြောမယ်ဆိုရင် Tencent ဟာ လက်ရှိအချိန်မှာအကြီးမားဆုံး ဂိမ်းကုမ္ပဏီဖြစ်နေပါပြီ။ ဒီကုမ္ပဏီဟာ အခုအချိန်မှာလည်း အရှိန်အဟုန်နဲ့တိုးတက်နေဆဲဖြစ်တဲ့အတွက် ဒီအတိုင်းဆက်သွားရင် တစ်ကမ္ဘာလုံးရဲ့ Gaming Industry ကိုချုပ်ကိုင်သွားနိုင်တဲ့အဆင့်အထိ ရောက်ရှိသွားနိုင်ပါတယ်။ သူ့ရဲ့ ဒေါ်လာဘီလီယံနဲ့ချီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ရှေ့လျှောက်မြင်နေကြားနေရဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် eSports အပိုင်းမှာလည်း ၅ နှစ်အတွင်းမှာ $15 billion သုံးစွဲသွားမယ်လို့ဆိုထားပါသေးတယ်။ ဒါကြောင့် လူအများရဲ့မျက်စိကွယ်ရာကနေ အချီကြီးတွေလှုပ်ရှားနေတဲ့ IT Giant ကြီးဖြစ်တဲ့ Tencent အကြောင်းကို မသိလိုက်မရှိရလေအောင် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password