Features

‘Battle Royale’ ဂိမ်းတွေ ဘယ်ကစခဲ့တာလဲ

ဒီနောက်ပိုင်းမှာ Battle Royale ဂိမ်းတွေက Gamer တွေရဲ့ အာရုံကို ကောင်းကောင်းကြီး ဖမ်းစားလာနိုင်ပါတယ်။ PUBG နဲ့ Fortnite တို့ဆိုရင် ကမ္ဘာတစ်ဝန်းက ဂိမ်မာတွေ မဆော့ဖူးရင်သာနေမယ် မကြားဖူးမရှိတဲ့ နာမည်တွေ ဖြစ်လာကြပါတယ်။ စထွက်ထွက်ချင်းတုန်းက PC နဲ့ Console ပေါ်မှာပဲရှိခဲ့ပေမယ့် ဒီနောက်ပိုင်း Mobile ပေါ်ပါ ရောက်ရှိလာပြီး Platform ပေါင်းစုံမှာ အောင်မြင်တဲ့ ဂိမ်းအမျိုးအစားတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒီလို ရက်ရက်စက်စက်အောင်မြင်လာတဲ့ Game Genre က ဘယ်ကနေ အစပျိုးခဲ့တာလဲ?

 

Mainstream ပေါ်က Battle Royale Genre

battle royale mainstream

Popular Battle Royale Media

Pop Culture အရတော့ Battle Royale Genre ကို လူတွေ စတင်သတိထားမိလာခဲ့တာက ၂၀၁၂ ခုနှစ်ကထွက်ခဲ့တဲ့ Hunger Games ရုပ်ရှင်ကနေလို့ ဆိုရမှာပါ။ အဲဒီအချိန်တုန်းက လူတွေသိပ်သတိမထားမိတဲ့ ဇာတ်လမ်းတင်ဆက်ပုံမျိုးနဲ့ ပွဲထွက်လာခဲ့တာကြောင့် ရုပ်ရှင်ကြည့်ပရိသတ်တွေရဲ့ အထူးအာရုံစိုက်ခြင်းခံခဲ့ရပြီး Mainstream ဖြစ်လာလို့ Video Game Media ဖက်ကိုပါ ဂယက်ရိုက်လာခဲ့ပါတယ်။ ပထမဦးဆုံး Battle Royale Mode စတင်ခဲ့တဲ့ဂိမ်းက Minecraft ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အားလုံးပဲသိကြတဲ့အတိုင်း Arma 2, 3 ကနေ ဇာတ်လမ်းဆက်လိုက်တာ မျက်မှောက်ခေတ် PUBG, Fortnite နဲ့ အခြား Battle Royale Title ပေါင်းစုံထွက်ပေါ်လာခဲ့တဲ့အထိပါပဲ။

ဒါပေမယ့် ဒီဆောင်းပါးမှာ အဓိကပြောချင်တာက Hunger Games မဟုတ်သလို လက်ရှိနာမည်ကြီးနေတဲ့ Battle Royale Game တွေလည်းမဟုတ်ပါဘူး။ ဒီ Battle Royale Genre တစ်ခုလုံးကို စတင်မွေးဖွားပေးခဲ့တဲ့ မူလဇာတ်မြစ် ဝတ္ထုစာအုပ်နဲ့ ရုပ်ရှင်အကြောင်းကို ပြောပြချင်တာ ဖြစ်ပါတယ်။

 

‘Battle Royale’ (1999-2000)

ဂျပန်လူမျိုး စာရေးဆရာ Takami Koushun ဟာ သူ့ရဲ့ ပထမဦးဆုံး ဝတ္ထုစာအုပ်ဖြစ်တဲ့ ‘Battle Royale’ ကို ၁၉၉၉ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ အဲဒီဝတ္ထုဟာ ကျွန်းတစ်ကျွန်းပေါ်မှာ အလယ်တန်းကျောင်းသားတွေ နောက်ဆုံးတစ်ယောက်တည်းကျန်တဲ့အထိ အချင်းချင်း အပြန်အလှန် သတ်ဖြတ်ကြရတဲ့အကြောင်းကို ဇာတ်အိမ်တည် ရေးသားထားတာပါ။ အဲဒီစာအုပ်ကို ၁၉၉၆ ခုနှစ်ကတည်းက ရေးသားပြီးစီးခဲ့တာဖြစ်ပေမယ့် သူ့ရဲ့ ပုံမှန်မဟုတ်တဲ့ ဇာတ်အိမ်အနေအထားတွေကြောင့် ထုတ်ဝေဖို့ အခက်အခဲအမျိုးမျိုးကြုံတွေ့ခဲ့ရပါတယ်။ ၁၉၉၇ ခုနှစ် ဂျပန်စာပေပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်စဉ်ကလည်း ဝတ္ထုရဲ့အကြောင်းအရာက အင်မတန်ကြမ်းတမ်းတဲ့အတွက် ပြိုင်ပွဲကနေ ပယ်ချခြင်း ခံခဲ့ရပါတယ်။

battle royale book

Battle Royale First Edition Cover

ဒါပေမယ့် တကယ်တမ်းလည်း ထုတ်ဝေရော အံ့အားသင့်ဖွယ်ပဲ ရောင်းအားအကောင်းဆုံး ဝတ္ထုစာရင်းဝင်ခဲ့ပါတယ်။ ဝတ္ထုကအောင်မြင်လွန်းတာကြောင့် ထုတ်ဝေပြီး ၁ နှစ်အကြာ ၂၀၀၀ ခုနှစ်မှာ Manga အသွင်ပြောင်းပြီး ဆက်လက်ထုတ်ဝေခဲ့သလို ဝတ္ထုကိုမှီငြမ်းပြီး ရုပ်ရှင်ဇာတ်ကားလည်း ရိုက်ကူးထုတ်ဝေခဲ့ပါတယ်။ အဲဒီရုပ်ရှင်ဟာဆိုရင် ရုံတင်တင်ချင်းကိုပဲ ဂျပန်နိုင်ငံတွင်းမှာ ဝင်ငွေအရဆုံးဇာတ်ကားတစ်ခုအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီခေတ်ကာလတုန်းက Battle Royale ဆိုတဲ့ concept နဲ့စိမ်းနေတဲ့ လူမှုအဖွဲ့အစည်းအတွက်တော့ အဲဒီရုပ်ရှင်ဟာ ထိတ်လန့်စရာတစ်ခုအနေနဲ့ ရှုမြင်ခြင်းခံခဲ့ရပြီး နိုင်ငံအချို့မှာ ပြသဖြန့်ချိခွင့် ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။

battle royale manga

Cover of Battle Royale Manga

ဒါပေမယ့်လည်း သူ့ရဲ့ unique ဖြစ်လှတဲ့ concept ကြောင့် ကမ္ဘာတစ်ဝန်းက ရုပ်ရှင်ကြည့်ပရိသတ်တွေရဲ့ ချီးကျူးခြင်းကို ခံခဲ့ရပါတယ်။ ဒါ့အပြင် ‘Battle Royale’ ဟာ ရုပ်ရှင်ကောင်းတစ်ခုဖြစ်ခဲ့ရုံသာမကပဲ လူမှုအဖွဲ့အစည်းရဲ့ စံတွေ၊ တန်ဖိုးတွေ၊ တွေးခေါ်ပုံတွေကိုပါ မေးခွန်းထုတ်နိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့ပြီး ၂၁ ရာစုအစောပိုင်းရဲ့ ရုပ်ရှင်၊ ဗီဒီယိုဂိမ်း ကဏ္ဍတွေကို ဂယက်ရိုက်နိုင်တဲ့အထိ လွှမ်းမိုးမှုကြီးမားခဲ့ပါတယ်။ ပြောမယ်ဆိုရင် Battle Royale Genre ကို mainstream ပေါ်တင်ပေးခဲ့တဲ့ ရုပ်ရှင်လို့ ပြောရမှာပါ။ ဒီနေ့ ကျွန်တော်တို့ မြင်နေကြားနေရတဲ့ Battle Royale အမျိုးအစား ဗီဒီယာပေါင်းစုံဟာဆိုရင် သူ့လွှမ်းမိုးမှုရဲ့ ပြယုဒ်တွေပဲဖြစ်ပါတယ်။

battle royale film

Poster of Battle Royale Film

 

‘Battle Royale’ x Video Games

ကျွန်တော်တို့ဆော့နေတဲ့ PUBG/Fortnite ဂိမ်းတွေဟာဆိုရင်လည်း ဒီ ‘Battle Royale’ ရုပ်ရှင်ရဲ့ အငွေ့အသက်တွေ မကင်းပါဘူး။ အဲဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းကို အကျဉ်းပြောပြပါ့မယ်။ ဖတ်လို့အဆုံးမှာတော့ ဘယ်အချက်တွေက ဘယ်လိုတူတယ်ဆိုတာ သဘောပေါက်သွားမှာဖြစ်ပါတယ်။ Movie Review ရေးတာမဟုတ်တော့ ဇာတ်လမ်းအကျဉ်းနဲ့ ထင်ရှားတဲ့အချက်လေးတွေလောက်ကိုပဲ ရွေးချယ်ဖော်ပြပေးထားပါတယ်။

အဲဒီ ‘Battle Royale’ ဝတ္ထု/ရုပ်ရှင်ရဲ့ အဓိက ဇာတ်ကောင်တွေကတော့ Field Trip ထွက်လာကြတဲ့ အလယ်တန်းကျောင်းသူ/သား တွေဖြစ်ပါတယ်။ သူတို့ တန်းလုံးကျွတ် ခရီးထွက်လာရင်း ဘတ်စ်ကားပေါ်မှာ Sleeping Gas လက်ချက်နဲ့ အားလုံးအိပ်ပျော်သွားကြပါတယ်။ ပြန်နှိုးလာကြတော့ သူတို့ကိုယ်သူတို့ လူသူမရောက်မပေါက်တဲ့ ကျွန်းတစ်ကျွန်းပေါ်ရောက်နေတယ်ဆိုတာ သိရှိလိုက်ရပါတယ်။ အဲဒီနောက်မှာ ပွဲစီစဉ်သူတွေရဲ့ ရှင်းပြချက်အရ သူတို့အတန်းဟာ နှစ်စဉ်ကျင်းပတဲ့ Battle Royale အစီအစဉ်ထဲပါဝင်ဖို့ ရွေးချယ်ခြင်းခံရတယ်ဆိုတာ သိလာကြရပါတယ်။

battle-royale

A scene from Kinji Fukasako’s classic cult film BATTLE ROYALE

သူတို့မှာ အချိန် ၃ ရက်ရှိမှာဖြစ်ပြီးတော့ အဲဒီ ၃ ရက်အတွင်းမှာ တစ်ယောက်ကို တစ်ယောက် အပြန်အလှန်သတ်ဖြတ်ကြရမှာဖြစ်ပြီး နောက်ဆုံးအသက်ရှင်ကျန်တဲ့တစ်ယောက်တည်းကပဲ အနိုင်ရသူအဖြစ် သတ်မှတ်ခံရမှာဖြစ်ပါတယ်။ ၃ ရက်ပြည့်လို့ အနိုင်ရသူမပေါ်ရင် ကျန်နေတဲ့သူအကုန်လုံး သေမှာဖြစ်တဲ့အတွက် လွတ်လမ်းလည်း လုံးဝမရှိပါဘူး။ အဲဒီနောက်မှာတော့ ကျောင်းသား/သူ တစ်ယောက်ချင်းစီကို လက်နက်တွေ random ပေးပြီး သွေးချောင်းစီးမယ့် Battle Royale ကြီး စတင်ပါတယ်။ Battle Royale ထဲပါဝင်သူတွေအနေနဲ့ အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ Safe Zone/Danger Zone တွေကြောင့် တစ်နေရာတည်းမှာ ပုန်းနေလို့မရပဲ ကျွန်းပေါ်မှာ လျှောက်သွားနေရပြီး မိမိအသက်ရှင်ဖို့အတွက် သွေးရူးတန်းရူး ရုန်းကန်ကြရပါတော့တယ်။

ဒီလောက်ဆိုရင်တော့ ယနေ့ခေတ် Battle Royale ဂိမ်းတွေထဲက Last Man Standing Concept, Random Weapon, Danger Zone နဲ့ အချိန်နဲ့အမျှ ကျဉ်းလာတဲ့ Play Zone Mechanic တွေက ဘယ်ကလာတယ်ဆိုတာ သတိထားမိကြလောက်ပြီလို့ ထင်ပါတယ်။

 

TLDR (အချုပ်ဆိုရသော်)

Battle Royale ဂိမ်းချစ်သူတွေကိုတော့ ဒီရုပ်ရှင်လေးကို လမ်းကြုံရင် ကြည့်ကြည့်ကြဖို့ အကြံပေးလိုပါတယ်။ Battle Royale Genre ရဲ့ ဖခင်ကြီးဖြစ်ရုံတင်မကပဲ ရုပ်ရှင်ဇာတ်ကားတစ်ခုအနေနဲ့ပါ အင်မတန်ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်တစ်ခုဖြစ်တဲ့အတွက် ဖြစ်ပါတယ်။ သူငယ်ချင်း အချင်းချင်း နောက်ကျောဓားနဲ့ထိုးတာတွေ၊ အသက်ရှင်ဖို့အတွက် သာမန်အချိန်မှာ မလုပ်မှာမျိုးတွေကို လုပ်ဆောင်ကြတာတွေ၊ အသက်ရန်နဲ့နီးကပ်လာချိန်မှာ သွေးပျက်ကြတာတွေကို ပီပီပြင်ပြင် ရိုက်ကူးပုံဖော်ထားတာမို့ ကြည့်ရတာ တကယ့်အနှစ်ပဲဖြစ်ပါတယ်။

ကဲ.. ‘Battle Royale’ ရုပ်ရှင်လေးကိုကြည့်ပြီး သူ့ရဲ့ ယနေ့ခေတ် မီဒီယာတွေအပေါ် ဘယ်လောက်တောင် လွှမ်းမိုးမှုရှိသလဲဆိုတာကို အဖြေရှာကြည့်လိုက်ပါလို့…

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password