Features

သင်ဘယ်လို Gamer မျိုးလဲ – ကြုံရဆုံရလေ့ရှိတဲ့ Gamer ၁၂ မျိုး

ဂိမ်းကစားရင်း ဘယ်လိုလူမျိုးတွေနဲ့ကြုံဖူးသလဲ၊ ဘယ်လိုလူတွေကို အမြင်အကပ်ဆုံးလဲ၊ ကိုယ့်သူငယ်ချင်းတွေကရော ဘယ်လို Gamer မျိုးလဲ၊ ကိုယ်ကိုယ်တိုင်ကရော ဘယ်အမျိုးအစားထဲမှာပါသလဲ… ကျယ်ပြန့်လှတဲ့ ဂိမ်းကမ္ဘာကြီးထဲမှာ ဆုံရကြုံရတတ်တဲ့ Gamer အမျိုးအစားတွေကို အစု ၁၂ စုခွဲပြီးဖော်ပြပေးလိုက်ပါတယ်။ ကြိုတင်ပြောထားချင်တာတစ်ခုက Mobile/Console/PC လို Gaming Platform တွေပေါ်လိုက်ပြီး အမျိုးအစားခွဲထားတာမဟုတ်ပဲ Personality နဲ့ Habit လိုအချက်တွေကို အဓိကဦးတည်ထားမှာဖြစ်ပါတယ်။

 

1. Casual Gamers

casual gamer

ပြောမယ်ဆိုရင် ဒီအစုက တော်တော်အင်အားတောင့်ပါတယ်။ ကိုယ်တွေရဲ့ အမေအဖေတွေကစလို့ ရုံးကစကီလေးတွေအထိ အစုံအလင်ပါဝင်ပါတယ်။ သူတို့တွေက Angry Birds နဲ့ Candy Crush လို Casual Game တွေကိုပဲဆော့ကြပါတယ်။ အဲဒီထက်ပိုတဲ့၊ တကယ့်ကို Gameplay တွေ၊ Story တွေကောင်းတဲ့ဂိမ်းတွေကိုဆော့ဖို့ စိတ်ကူးလုံးဝမရှိကြသူတွေပါ။ ဒါပေမယ့်လည်း သူတို့ဆော့တဲ့ဂိမ်းတွေမှာတော့ Level တွေအမြင့်ကြီးနဲ့ ဆရာတစ်ဆူတွေ ဖြစ်ကြတာများပါတယ်။

 

2. Hardcore Gamers

hardcore gamer

ဒါကတော့ Gamer ဆိုတဲ့စကားလုံးမြင်လိုက်တာနဲ့ အတွေးထဲမှာမြင်ယောင်မိတဲ့ လူစားတွေပါ။ မနက်မိုးလင်းတာကနေ ညအိပ်ယာဝင်တဲ့အထိ ဂိမ်းချည်းပဲတကုပ်ကုပ်ဆော့နေတတ်ကြပါတယ်။ သူတို့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ဆော့တဲ့ဂိမ်းပေါ်မူတည်ပြီး အချိန်စီမံခန့်ခွဲတတ်ကြပါတယ်။ ဂိမ်းထဲမှာ နေ့စဉ်မနက် ၅ နာရီ Guild Raid ရှိတယ်ဆိုရင် ၅ နာရီမထိုးခင် Alarm နဲ့ထပြီး ထ Raid တတ်တဲ့လူစားမျိုးဖြစ်ပါတယ်။ Pokedex Hunter လို့ပြောလို့ရတဲ့သူတွေကလည်း သူ့နည်းသူ့ဟန်နဲ့ Hardcore ကြသူတွေပါပဲ။ ဂိမ်းထဲမှာရှိသမျှ Achievement တွေ၊ Character တွေကို Unlock လုပ်ဖို့ဆိုတာ တော်ရုံတန်ရုံဇွဲနဲ့ မရတဲ့အတွက်ဖြစ်ပါတယ်။ သူတို့တွေဟာ သူတို့ဆော့တဲ့ဂိမ်းတွေကို ခရေစေ့တွင်းကျ သိကြသူတွေဖြစ်တဲ့အတွက် ဂိမ်းဆော့ရင်းတိုင်ပတ်နေရင် အားကိုးဖို့သင့်တော်သူတွေဖြစ်ကြပါတယ်။

 

3. ကပ်စေးကုပ်

freemium-meme

ဒီလူတွေကတော့ ကိုယ့်ကိုယ်ကိုယ် ‘Free-to-Play’ (F2P) Player ဆိုပြီး ဂုဏ်ယူတတ်ကြသူတွေပါ။ Free ရတဲ့ဂိမ်းတွေပဲရွေးဆော့ပြီး ဆော့တဲ့ဂိမ်းတိုင်းမှာ ပိုက်ဆံတစ်ပြားမှ မသုံးခဲ့သလို သုံးဖို့စိတ်ကူးလည်း လုံးဝမရှိကြပါဘူး။ Paid Game တွေကိုဆိုရင်လည်း Crack ထွက်တဲ့အထိ စိတ်ရှည်လက်ရှည်စောင့်တတ်ကြသလို Free ဆော့ရဖို့ ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကိုဖြတ်ဖို့ ဝန်မလေးကြပါဘူး။ ပြီးတော့ သူတို့တွေဟာ “ပိုက်ဆံမသုံးလည်း ငါကြမ်းတယ်ကွ” ဆိုတာကို ပြချင်တဲ့ဉာဉ်လေးရှိတတ်ကြပြီး ဂိမ်းထဲမှာပိုက်ဆံသုံးတဲ့သူတွေကို ခပ်ချိုးချိုးပြောတတ်ကြပါသေးတယ်။ ဒီလိုလူမျိုးနဲ့များ စကားလက်ဆုံကျမိရင် ယောင်လို့တောင် In-Game မှာပိုက်ဆံသုံးဖူးကြောင်း မဟမိဖို့ ဂရုစိုက်သင့်ပါတယ်။

 

4. ဘောစိ

apple

ဒီလူစုကိုတော့ အလွယ်တကူ ‘Pay-to-Win’ (P2P) Player လို့ခေါ်ကြပါတယ်။ Game Developer တွေရဲ့အချစ်တော်တွေလည်း ဖြစ်ကြပါတယ်။ သူတို့တွေဟာ ထိုင် Grind နေဖို့ စိတ်မရှည်လို့ပဲဖြစ်ဖြစ်၊ သူများထက် နှာတစ်ဖျားသာချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ်လိုချင်တဲ့ Limited Item ကိုလိုချင်လို့ပဲဖြစ်ဖြစ် ပိုက်ဆံသုံးဖို့ဝန်မလေးကြသူတွေပါ။ F2P သမားတွေရဲ့ ထာဝရရန်သူဖြစ်ပြီးတော့ F2P သမားတွေက သူတို့ကိုကြည့်မရသလောက် သူတို့က ဂရုကိုပြန်မစိုက်တတ်ကြပါဘူး။ ငြိမ်ငြိမ်လေးနေတတ်တဲ့ P2P တွေက ပြဿနာမရှိပေမယ့် အကြွားသန်တဲ့ကောင်ဆိုရင် ခပ်ခွာခွာနေပြီး ဆက်ဆံသင့်ပါတယ်။

 

5. လျှော့စျေးချစ်သူ

steam_sales

ဒီလူတွေကတော့ Premium ဂိမ်းတွေကိုလည်းဆော့ချင်တယ်၊ ဒါပေမယ့် ပိုက်ဆံလည်းအများကြီးမသုံးချင်ဘူး ဆိုတဲ့သူတွေပါ။ သူတို့တွေရဲ့တစ်နေ့တာမှာ Store တွေကို ထိုင်ပွတ်တာက အလုပ်သီးသန့်တစ်ခုအနေနဲ့ ပါဝင်ပါတယ်။ သူတို့တွေဟာ စျေးချတဲ့ဂိမ်းတွေကို အမိအရဝယ်နိုင်ဖို့ ကိုယ့် Account ထဲမှာ ပိုက်ဆံအရံသင့်ထည့်ထားပြီး စောင့်နေတတ်ကြပါတယ်။ သူတို့စောင့်နေတဲ့ဂိမ်း စျေးချတယ်သတင်းကြားတာနဲ့ မြေပြင်ပေါ်ကသားကောင်ကိုသုတ်မယ့် သိမ်းငှက်ကြီးအလား အရှိန်အဟုန်နဲ့ ပြေးဝယ်လေ့ရှိကြပါတယ်။ Discount သတင်းတွေကို Up To Date စောင့်ကြည့်နေတတ်ကြတဲ့အတွက် ဒီလူတွေက သူငယ်ချင်းအဖြစ်ပေါင်းထားဖို့ သင့်တော်တဲ့လူစုဖြစ်ပါတယ်။

 

6. ယောင်စိန်

ditchers

ဒီအဖွဲ့ကလည်း အင်အားတောင့်ချက်ပါပဲ။ ပြောမယ်ဆို လူဆယ်ယောက်ရှိရင် ထက်ဝက်ကျော်က ဒီလူတွေပါ။ သူတို့တွေက ဂိမ်းကို ပေါ်ပင်ဆော့တဲ့သူတွေပါ။ ဘယ်ဂိမ်းကခေတ်စားလဲ.. အဲဒီဂိမ်းကို သူတို့ဆော့ပြီးသားပါပဲ။ ဂိမ်းတွေနဲ့ပတ်သက်ပြီး Social Media တွေမှာ Post အတင်ဆုံးကလည်း သူတို့တွေပါပဲ။ ဒါပေမယ့် ကောက်ရိုးမီး ပြာကျတာကမှနှေးဦးမယ်.. သူတို့ နောက်ဂိမ်းတစ်ခုကိုပြောင်းဆော့တဲ့နှုန်းက အလင်းအမြန်နှုန်းထက် သာပါတယ်။ ဒီလူတွေကခေါ်လို့ ဂိမ်းအသစ်စမ်းကြည့်မယ်လို့ စိတ်ကူးရှိရင် နဖူးပေါ်ခေါင်းတင်ပြီး ၃ ရက် ၃ ည အချိန်ယူစဉ်းစားသင့်ပါတယ်။ ၁ လ မပြည့်ခင် ဂိမ်းထဲမှာ ကိုယ်တစ်ယောက်တည်းကျန်ခဲ့ဖို့က ၉၉% သေချာတဲ့အတွက်ဖြစ်ပါတယ်။

 

7. Cosplayer

Source: Reddit

ဒီလူတွေကတော့ အဝတ်အစားကို ဘီဒိုအပြည့် ဝယ်ထည့်တတ်သူတွေနဲ့တူပါတယ်။ ဂိမ်းထဲမှာပါတဲ့ Skin တွေ၊ Cosmetic Item တွေအားလုံးကို ဝယ်ယူစုဆောင်းလေ့ရှိကြပါတယ်။ သူတို့ရဲ့ Account ဟာဆိုရင်လည်း ရတနာသိုက်ကြီးအလားပါပဲ။ ဒါကြောင့် ဒီလူတွေက Gamer အများစုရဲ့ အားကျခြင်းကိုခံရသူတွေပါ။ ဒါပေမယ့် သူတို့တွေရဲ့အားနည်းချက်တစ်ခုက Skill အင်မတန်ဝိတာပဲဖြစ်ပါတယ်။ ဂိမ်းထဲမှာတွေ့လိုက်ရင် ပြောင်ပြောင်လက်လက်နဲ့ပေမယ့် သိပ်လိုက်တိုင်းခံရတဲ့လူတွေဖြစ်ပါတယ်။ အဲတော့ Rank တွေတက်ချင်ရင် ဒီလူတွေကို ဝေးဝေးရှောင်သင့်ပါတယ်။ သို့ပေမယ့်လည်း သဘောကောင်းတဲ့ Cosplay တွေကတော့ သူငယ်ချင်းအနေနဲ့ကပ်ထားသင့်တဲ့အထဲမှာ ပါပါတယ်.. ဘာကြောင့်လည်းဆိုတော့ Duplicate ဘာညာတွေကို စွန့်ကြဲပေးကမ်းဖို့ ဝန်မလေးတတ်ကြတဲ့အတွက်ဖြစ်ပါတယ်။

 

8. မိတ်ကပ်ကြိုက်သူ

ultra hd

ဒီလူတွေကတော့ ဂိမ်းတစ်ခုကောင်းမကောင်းကို Graphic အရည်အသွေးနဲ့ ဆုံးဖြတ်ကြသူတွေပါ။ Story မကောင်းဘူးလား.. No Problem, Gameplay ညံ့လား.. ပြဿနာမရှိ, သူတို့အတွက်အရေးကြီးတာက ကြည့်လို့လှနေဖို့ဖြစ်ပါတယ်။ ဂိမ်းထဲကကိုယ့် Character လေးလှနေသရွေ့ Negative Review တွေကို ချောင်ထဲပို့ထားတတ်ကြသူတွေဖြစ်ပါတယ်။ “ဒီဂိမ်းအရမ်းမိုက်တယ်.. Graphic ကလန်ထွက်နေတာပဲ” ဆိုပြီး ဖင်ပိတ်ငြင်းတတ်လွန်းကြလို့ တစ်ခါတစ်လေ စကားပြောရ အင်မတန်လက်ပေါက်ကပ်ပါတယ်။ ဒါကြောင့်လည်းပဲ သူတို့တွေဟာ Reto Gamer တွေရဲ့ မဟာရန်သူတွေဖြစ်ပါတယ်။ တကယ်လို့ Hardcore Gamer တွေ ဒီလိုလူတွေနဲ့ဆုံဖြစ်ခဲ့ရင် ပထမဦးဆုံးအနေနဲ့ သင့်စိတ်ကို အရှင်းလင်းဆုံးထားလိုက်ပါ၊ ပြီးတော့ သူတို့အာပေါင်အာရင်းသန်သန်နဲ့ ပြောသမျှစကားလုံးတွေကို ဘယ်ဖက်နားကနေဝင်ရင် ညာဖက်နားကနေထုတ်လိုက်ပါ.. အဲဒီဆိုရင်တော့ အရာအားလုံး အဆင်ပြေသွားပါလိမ့်မယ်။

 

9. နားဒုက္ခပေးသူ

Whiner, Toxic Player, Kids… အမျိုးစုံခေါ်ကြပါတယ်။ ကိုယ်စိတ်နှလုံး သုံးပါးလုံးကို ဒုက္ခပေးတဲ့ သူတော်ကောင်းလေးတွေဖြစ်ပါတယ်။ Dota 2 လို MOBA ဂိမ်းတွေကို လူတွေမဆော့ချင်လာတော့တာ ဒီကောင်တွေက တရားခံဖြစ်ပါတယ်။ ပွဲစကနေ ပွဲဆုံးထိ သင့်ရဲ့ Gaming Experience ကို ရစရာမရှိအောင် ဖျက်ဆီးဖို့က သူတို့ရဲ့သမိုင်းပေးတာဝန်ဖြစ်ပါတယ်။ နိုင်နေလား.. သူကောင်းလို့၊ ရှုံးပြီလား.. Support တွေဝိလို့၊ သူသေပြီလား.. လမ်းမပတ်ပေးလို့… ပြီးတော့ ညည်းချက်ကလည်း ခိုထက်တောင် အောင်ပါသေးတယ်။ ဒီကောင်တွေအကြောင်းပြောရင် တစ်ထောင့်တစ်ညပုံပြင်ထက်ရှည်မှာမို့လို့ ဒီလောက်နဲ့ပဲရပ်လိုက်ပါ့မယ်။

 

10. ကီးဘုတ်သူရဲကောင်း

keyboard warrior

In-Game Chat တွေ၊ Forum တွေထဲမှာ လေတစ်လုံးမိုးတစ်လုံးနဲ့ အာချောင်တတ်တဲ့ကောင်တွေဖြစ်ပါတယ်။ အရမ်းခက်တဲ့ Boss ကိုသတ်နိုင်လို့ ဝမ်းသာအားရပြောလာသူတွေကို “ဟာ.. အဲ့ Boss လွယ်ပါတယ်။ ငါဆို First Try နဲ့ ရတာ” ဆိုပြီး ရင်ဝကို ဖနောင့်နဲ့ဆောင့်ကန်တတ်ကြသူတွေပါ။ ပြီးတော့ သူတို့တကယ် Kill ဖူးလားဆိုတော့လည်း မ Kill ဖူး.. Chat ထဲမှာ သူတို့ကြွားနေတဲ့ Achievement တွေကလည်း လေလှိုင်းထဲမှာပဲရှိ.. အမြင်ကတ်ဖို့အကောင်းဆုံးလူတန်းစားမှာ နံပါတ် ၁ မဟုတ်တောင် ထိပ်ဆုံးနားကပါတဲ့ကောင်တွေဖြစ်ပါတယ်။ အဲလိုလူတွေနဲ့ ရင်းနှီးမိတယ်ဆိုရင် ခပ်ခွာခွာက ဆက်ဆံသင့်ပါတယ်။

 

11. စောင်ဖင်ခေါင်းကျယ်သူ

elitist

ဒီလူတွေက Keyboard Warriors တွေနဲ့ ပြောင်းပြန်ပါ။ သူကျွမ်းတဲ့ဂိမ်းကိုပဲရွေးဆော့ပြီး အဲဒီဂိမ်းမှာလည်း ဆရာတစ်ဆူကျနေအောင် ကျွမ်းကြသူတွေဖြစ်ပါတယ်။ ဒါပေမယ့် စောင်ဘဝင်က ခေါင်မိုးတက်ဆောင့်နေကြပါတယ်။ Newbie လေးတွေကိုလည်း မကူချင်၊ သူ့လောက်မကြမ်းတဲ့သူတွေကိုလည်း ခပ်နှိမ်နှိမ်ဆက်ဆံ၊ End Game Gear နဲ့မဟုတ်ရင် စောင်ဖက်တောင် လှည့်မလုပ်ကြတဲ့သူတွေဖြစ်ပါတယ်။ လူ့ချဉ်ဖတ်ဖြစ်ပေမယ့် Player အများစုထက် အများကြီးပိုကြမ်းနေတော့ မချစ်သော်လည်း အောင့်ကာနမ်းပါပဲ။ ဝေးဝေးကဆက်ဆံသင့်တဲ့လူတွေထဲမှာ ပါပါတယ်။

 

12. Forever Alone (aka) FA

ForeverAlone

ဒီလူတွေကတော့ နာမည်နဲ့လိုက်အောင် တစ်သက်လုံး တစ်ကိုယ်တည်းအရိုးထုတ်မယ့်သူတွေပါ။ သူတို့တွေဟာ လူအများနဲ့ဆက်ဆံရတဲ့ Multiplayer ဂိမ်းတွေဆို လုံးဝမဆော့ပဲ Single Player ဂိမ်းတွေချည်းရွေးဆော့နေတတ်ကြပါတယ်။ ဘယ်လိုခေါ်ခေါ် Multiplayer ဂိမ်းဆိုရင် ‘နိုး’ လို့ပဲပြန်ဖြေတတ်ကြပါတယ်။ လမ်းချော်ပြီး Multiplayer Feature ပါတဲ့ဂိမ်းကစားမိရင်တောင် Guild မ Join, Friend မရှာ.. Solo ပဲတီးလေ့ရှိကြပါတယ်။ မယုံမရှိပါနဲ့.. ဒီလိုလူထူးဆန်းတွေ တကယ်ရှိပါတယ်။

 

ကဲ.. သင်ကရော ဘယ်လို Gamer မျိုးပါလဲ? အပေါ်မှာပြောခဲ့တဲ့အထဲက ဘယ်အချက်တွေနဲ့ ကိုက်ညီပါသလဲ? 😆

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password