Features

Vici Gaming ဘာတွေအမှားလုပ်ခဲ့တာလဲ | ESL One Katowice Major 2018 – Grand Final Breakdown

ESL One Katowice Major 2018 ကတော့ Virtus.pro က ပထမဆု ဒေါ်လာ ၄ သိန်းရယူပြီး အိမ်ပြန်သွားခဲ့ပါပြီ။ Grand Final မှာ Virtus.pro နဲ့ Vici Gaming တို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြပြီး VP က 3-1 နဲ့ အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။ ဒါဟာ RodjER တစ်ယောက် Virtus.pro ကိုရောက်ရောက်ချင်းမှာပဲ ရရှိခဲ့တဲ့ဖလားဖြစ်ပါတယ်။ Roster အသစ်နဲ့ Virtus.pro က Grand Final မှာ ဘယ်လိုတွေများလက်စွမ်းပြခဲ့တာလည်း… ပြိုင်ဖက် Vici Gaming ရဲ့အမှားတွေကို ဘယ်လိုအသုံးချခဲ့တာလည်း.. အောက်မှာ ပွဲတစ်ပွဲချင်းစီကို breakdown လုပ်ပြီး ဆွေးနွေးပြသွားမှာပဲဖြစ်ပါတယ်။

 

Game 1 : Winner – Virtus.pro

 

ESL One Katowice 2018 Grand Final

VG Backline ထဲ RodjER ဝင်မွှေနေပုံ

Grand Final Bo5 ရဲ့ ပထမဦးဆုံးပွဲကိုတော့ VG က Ultimate Combo တွေအပေါ် အရမ်းအားထားတဲ့ lineup နဲ့ပွဲထွက်လာခဲ့ပါတယ်။ Fenrir က Bane, Ori က Death Prophet, LaNm က Rubick, Paparazi က Faceless Void နဲ့ eLeVeN က Batrider တို့ကိုပွဲထုတ်ခဲ့ပါတယ်။ VG ရဲ့ ဒီ lineup ကို VP က tanky ဖြစ်ပြီး sustain ကောင်းတဲ့ Gyrocopter (Noone), Omniknight (RAMZES666), Ancient Apparition (Solo), Earthshaker (RodjER), Dragon Knight (9pasha) lineup နဲ့ တုံ့ပြန်ခဲ့ပါတယ်။

အပေါ်မှာပြောခဲ့သလိုပဲ VG ရဲ့ lineup က Ultimate တွေအပေါ်မှာ အများကြီးမူတည်နေပါတယ်။ ပြီးတော့ Batrider နဲ့ Faceless Void နှစ်ယောက်ကမှ စမဝင်ရင် သူတို့ဖက်က initiate လုပ်မယ့်သူမရှိပါဘူး။ ဒါပေမယ့် Ult ကိုအားကိုးတဲ့ lineup က initiation ကောင်းသရွေ့ ပြဿနာမဟုတ်ပါဘူး။ VP က ဒီအချက်ကို ကောင်းကောင်းအသုံးချသွားခဲ့ပါတယ်။

VP က ပွဲစဉ်တစ်လျှောက်လုံး Vici Gaming အသင်းသားတွေကို ဟိုနားကဝင်နှိုက်လိုက်၊ ဒီနားကဝင်ကောက်လိုက်နဲ့နှောင့်ယှက်တာ Death Prophet က သူ့ရဲ့ Ult ကို objective တွေအပေါ်မှာ ကောင်းကောင်းအသုံးချခွင့်မရခဲ့ပါဘူး။ Faceless Void ဆိုရင် Chronosphere ကို ထွက်ပြေးဖို့သုံးရတဲ့အခေါက်တွေတောင်ရှိခဲ့ပါတယ်။ Batrider ကတော့ အဆိုးဆုံးပါ.. သူ့အလုပ်ဖြစ်တဲ့ Blink+Lasso ကိုတောင် မလုပ်နိုင်ခဲ့ရှာပါဘူး။ ပြောမယ်ဆိုရင် VG ရဲ့ Teamfight Ult ၃ ခုလုံးကို battle တစ်ခုတည်းမှာ ကောင်းကောင်းမွန်မွန်သုံးခွင့်မရခဲ့အောင် Virtus.pro က နှောင့်ယှက်နိုင်ခဲ့ပါတယ်။ VG အနေနဲ့ သူတို့ရဲ့ dream teamfight ကို early game မှာ လုံးဝမရရှိခဲ့ပါဘူး။

ပြီးတော့ ဒီပွဲမှာ RodjER ရဲ့ Earthshaker က အင်မတန်ကောင်းလွန်းခဲ့ပါတယ်။ Laning Phase မှာ mid-lane ကို တောက်လျှောက်ဖိအားပေးနိုင်ခဲ့သလို teamfight တွေမှာလည်း လိုအပ်တဲ့အချိန် လိုအပ်တဲ့နေရာမှာ spell တွေကွက်တိကျအောင် အသုံးပြုနိုင်ခဲ့ပါတယ်။ Highilight လုပ်ပြီးပြောရမယ်ဆိုရင် မိနစ် ၂၀ အချိန် Roshan Pit နားက battle မှာဆိုရင် Chronosphere က Roshan Pit ထဲကို အုပ်လိုက်ပေမယ့် RodjER ရဲ့ Echo Slam က အနောက်မှာကျန်ခဲ့တဲ့ VG အသင်းသားတွေကိုထိသွားခဲ့ပြီး fight တစ်ခုလုံးကို VP လက်ထဲရောက်အောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Game 1 ကတော့ VG မှားလို့ဆိုတာထက် VP ဖက်ကကောင်းလွန်းလို့ အရှုံးပေးလိုက်ရတာလို့ပြောရမှာပါ။ VG lineup ရဲ့ အားနည်းချက်ကို အမိအရအသုံးချနိုင်ခဲ့တဲ့ VP ကို ချီးကျူးရမှာပဲဖြစ်ပါတယ်။

 

Game 2 : Winner – Virtus.pro

 

ESL One Katowice 2018 Grand Final

Radiant Secret Shop နားမှာ Battle ဆိုင်ဖို့ပြင်နေပုံ

Game 2 မှာလည်း VG က Ult အားကိုးတဲ့ lineup နဲ့ပဲပွဲထွက်လာခဲ့ပြန်ပါတယ်။ VG ရဲ့ Tusker (LaNm), Death Prophet (Ori), Warlock (Fenrir), Dragon Knight (Paparazi) နဲ့ Enigma (eLeVeN) lineup ကို VP က Gyrocopter (Noone), Omniknight (9pasha), Disruptor (Solo), Nyx Assassin (Solo) နဲ့ Faceless Void (RAMZES666) lineup နဲ့ ရင်ဆိုင်ခဲ့ပါတယ်။

Early Game ကတော့ သူမသာကိုယ်မသာပါပဲ။ ပွဲစပြီး ၁၃ မိနစ်အချိန်ခန့်မှာ VG ကတောင် battle တစ်ပွဲနိုင်လိုက်ပါသေးတယ်။ ဒါပေမယ့် VG က ဒီအရှိန်ကိုမထိန်းထားနိုင်ခဲ့ပါဘူး။ သူတို့ battle နိုင်ပြီး ၂ မိနစ်ကြာပြီးနောက်မှာပဲ battle coordination လုပ်တာလွဲတာကြောင့် fight တစ်ခုလုံးကို VP လက်ထဲထည့်ပေးလိုက်ရပါတယ်။ DK, DP နဲ့ Tusker က Omni ကို ဝိုင်းချနေတဲ့အချိန်မှာ ကျန်တဲ့နှစ်ယောက်က Gyro နဲ့အလုပ်ရှုပ်နေခဲ့ပါတယ်။ ပိုဆိုးသွားတာက VG ရဲ့ Ult တွေကုန်သွားချိန်မှာ သူတို့ဝိုင်းချနေတဲ့ Omni က မသေတဲ့အပြင် backline ကို Gyro နဲ့ Nyx က အပြောင်ရှင်းခြင်းခံလိုက်ရပါတယ်။

Teamfight တွေနည်းတူ အရေးပေးပြီးပြောရမှာတစ်ခုက VP ရဲ့ ward position တွေပါ။ Ward position တွေဘယ်လောက်ကောင်းသလဲဆို VG ဖက်က smoke gank တွေအားလုံးကို VP ဖက်ကအတိုင်းသားမြင်နေခဲ့ရတဲ့အထိပါပဲ။ ထင်ရှားတဲ့တစ်ကြိမ်ကို ရွေးပြောရမယ်ဆိုရင် မိနစ် ၂၀ အချိန် Radiant Secret Shop နား VG ဖက်က smoke gank လာတာကို VP တစ်ဖွဲ့လုံးက High Ground Ward ကျေးဇူးနဲ့ စိတ်တိုင်းကျနေရာယူပြီး battle ဆိုင်ခဲ့ပါတယ်။ Ward Vision ကျေးဇူးနဲ့ battle များစွာကိုပေးလိုက်ရပြီးနောက် ၂၅ မိနစ်အရောက်မှာ VG ဖက်ကနေ GG ခေါ်လိုက်ရပါတော့တယ်။

Game 2 ကတော့ လုံးဝကို Vision Game ပါ။ Offensive ရော၊ Defensive Ward တွေကပါ teamfight တွေကို ဘယ်လိုအဆုံးအဖြတ်ပေးနိုင်တယ်ဆိုတာကိုပြသသွားတဲ့ ဥပမာကောင်းတစ်ခုပဲဖြစ်ပါတယ်။

 

Game 3 : Winner – Vici Gaming

 

ESL One Katowice 2018 Grand Final

Dream Coil + Blinding Light Combo

၂ ပွဲတက်တိုက်ရှုံးပြီးနောက်မှာတော့ VG ဖက်က lineup အပြောင်းအလဲလေးတွေလုပ်လာခဲ့ပါတယ်။ VG က Tusker (LaNm), Keeper of the Light (Fenrir), Puck (Ori), Terrorblade (Paparazi) နဲ့ Batrider (eLeVen) တို့ကိုပွဲထုတ်ခဲ့ပြီး VP ဖက်က Chen (RodjER), Gyrocopter (Noone), Witch Doctor (Solo), Jakiro (9pasha) နဲ့ Broodmother (RAMZES666) တို့နဲ့ပွဲထွက်လာခဲ့ပါတယ်။

ဒီပွဲမှာ VP ရဲ့ gameplan က early tower push ဆိုတာကို Chen, Jakiro နဲ့ Broodmother အတွဲကို ကြည့်ရုံနဲ့သိနိုင်ပါတယ်။ ပြီးတော့ Brood ကို last pick ယူခဲ့တာကလည်း Terrorblade မကြမ်းလာခင်အချိန်လေးမှာ ပွဲဖြတ်နိုင်ဖို့အတွက်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ VP အလိုကျအတိုင်းမဖြစ်လာခဲ့ပါဘူး။ VG ဖက်က early game မှာ အရမ်းသတိထားနေနိုင်ခဲ့ပြီး kill အရေအတွက်ကလည်း သိပ်မကွာကြပါဘူး။ Broodmother ရဲ့ ပင့်ကူလေးတွေအားကိုးနဲ့ tower push ဖို့ကြိုးစားတာတွေကိုလည်း KoTL ရဲ့ Illuminate, Puck ရဲ့ spell တွေနဲ့ကောင်းကောင်းထိန်းထားနိုင်ခဲ့ပါတယ်။

ဒီလိုနဲ့ Mid Game ကိုရောက်ရှိသွားခဲ့ပြီး item တွေထွက်လာပြီဖြစ်တဲ့ Terrorblade ကို ထိန်းနိုင်မယ့်သူမရှိတော့ပါဘူး။ အဆိုးဆုံးကတော့ VP ဖက်မှာ Terrorblade ကိုထိန်းဖို့အတွက် disable အလုံအလောက်မရှိတာပါ။ အဲဒီတော့ သွေးနည်းလာရင် ခပ်တည်တည်ပဲ Gyro နဲ့ Broodmother ဆီလမ်းလျှောက်ဝင်သွားပြီး Sunder ကောက်သုံးလိုက်ရုံနဲ့ VP ဖက်က core တစ်ကောင်ကိုရပါတယ်။ Battle တိုင်းက အဲဒီလိုမျိုးပဲဖြစ်နေတော့ Terrorblade က အမှန်အကန် fat လာပြီး Game 3 ကို VG ဖက်ကရသွားခဲ့ပါတယ်။

ဒီပွဲရဲ့ highlight ကတော့ VG ရဲ့ execution တွေပါ။ ၁၈ မိနစ် Radiant T1 နားက battle မှာဆိုရင် Ori နဲ့ Fenrir တို့ရဲ့ Dream Coil + Blinding Light combo ဟာဆိုရင် ဒီ Grand Final မှာ အလှပဆုံး combo လို့တောင်ပြောလို့ရပါတယ်။ Dream Coil က Brood, Witch Doctor နဲ့ Jakiro တို့ ၃ ယောက်ကိုမိသွားခဲ့ပြီး Dream Coil ကျကျချင်း Blinding Light ခွဲလိုက်တော့ ၃ ယောက်လုံးတန်းမူးသွားစေတဲ့အပြင် VP ရဲ့ positioning ပါအောက်သွားစေခဲ့ပါတယ်။ အင်မတန်ကိုလှတဲ့ combo လေးဖြစ်ပြီး Game 3 ကိုအဆုံးအဖြတ်ပေးခဲ့တဲ့ battle လည်းဖြစ်ပါတယ်။

 

Game 4 : Winner – Virtus.pro

 

ESL One Katowice 2018 Grand Final

RodjER ရဲ့ Centaur Army

Confidence ရသွားတဲ့ VG က Game 4 မှာလည်း Terrorblade ကို ထပ်မံပွဲထုတ်ခဲ့ပါတယ်။ ဒီပွဲမှာ VG ရဲ့ Elder Titan (LaNm), Terrorblade (Paparazi), Witch Doctor (Fenrir), Dragon Knight (Ori), Batrider (eLeVeN) lineup နဲ့ VP ရဲ့ Chen (RodjER), Gyrocopter (RAMZES666), Tiny (9pasha), Disruptor (Solo), Pugna (Noone) lineup တို့ ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

အဲဒီလို confidence များသွားလို့လည်း ဒီဂိမ်းက VP လက်ထဲရောက်သွားတာလို့ ယူဆလို့ရပါတယ်။ VG က Terrorblade ကို 2nd Pick အနေနဲ့ယူခဲ့တာပါ။ ပြီးတော့ Tinker နဲ့ Batrider ကို ban ခဲ့ပါတယ်။ အဲဒီနောက် ချက်ချင်းဆိုသလိုပဲ VP ဖက်က Tiny ကို 3rd pick အနေနဲ့ယူလိုက်ပါတယ်။ Game 3 မှာတုန်းကတောင် VG က Tiny ကို ban ခဲ့ရက်နဲ့ Game 4 မှာလွှတ်ပေးလိုက်တာက သူတို့ရဲ့မဟာအမှားကြီးဖြစ်သွားခဲ့ပါတယ်။ တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလို VP ဖက်က last pick ကို Pugna ယူလိုက်တော့ lineup မှာတင် တော်တော်ကြီးကိုကွာသွားခဲ့ပါတယ်။

VG ရဲ့ gameplan ဖြစ်တဲ့ Terroblade အားကိုးနဲ့ mid-late game အထိဆွဲဆော့မယ့်အကြံက Tiny+Pugna+Chen တို့ရဲ့လက်အောင်မှာ ရေစုံမျှောသွားခဲ့ပါတယ်။ ပွဲစစချင်းမှာ Terrorblade က အပေါ်လမ်းကိုသွားခဲ့ပြီး Tiny-Chen အတွဲကိုရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီမှာ Terrorblade တစ်ယောက် ဒုက္ခနဲ့လှလှတွေ့တာပါပဲ.. Chen က Penitence သုံးထားတဲ့အချိန်မှာ Tiny က Avalanche+Toss လုပ်လိုက်တာနဲ့ တန်းလျှောတာပါပဲ။ ၇ မိနစ်အရောက်မှာ ၂ ကြိမ်သေပြီးတော့ Terrorblade lane ပြောင်းသွားခဲ့ပါတယ်။ ဒါပေမယ့် Chen က သူ့နောက်ကိုတောက်လျှောက်လိုက်လာပြီး ပယ်ပယ်နှယ်နှယ်ကိုလိုက်နှိမ်ပါတယ်။ Early game မှာ Terrorblade ရှယ်အဖိခံလိုက်ရတော့ VG အနေနဲ့ အခြေအနေသိပ်မလှဘူးဖြစ်သွားပါတယ်။

တကယ့်ပြဿနာက Mid game ရောက်မှစတာပါ… Penitence+Decrepify combo က VG lineup ထဲက ဘယ်သူ့ကိုမဆို စက္ကန့်ပိုင်းအတွင်း အပျောက်ဖျောက်နိုင်ခဲ့ပါတယ်။ ပြီးတော့ Chen ရဲ့ Centaur ၄ ကောင် Army ကြီးက battle ဆိုင်တိုင်း VG ကို ဒုက္ခကောင်းကောင်းပေးနိုင်ခဲ့ပါတယ်။ ဒီလိုနည်းနဲ့ ၂၃ မိနစ်မှာ VG ဖက်က အလယ်နဲ့အောက်လမ်းကို mega ပေးလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ Chen က Scepter ထည့်ပြီး Ancient Black Dragon တစ်အုပ်နဲ့ push တဲ့အချိန်မှာတော့ VG ဖက်က all mega ပေးလိုက်ရပြီး ESL One Champion ဆုကို VP လက်ထဲထည့်လိုက်ရပါတော့တယ်။

Game 4 မှာ VP ဖက်က အစစအရာရာ သာသွားခဲ့တယ်လို့ပြောလို့ရပါတယ်။ VG ရည်ရွယ်ထားတာတွေအားလုံးကို drafting phase ကစပြီး ပွဲပြီးတဲ့အထိ အရမ်းတိကျတဲ့ execution တွေနဲ့ကစားပြီး block သွားနိုင်ခဲ့ပါတယ်။ Game 3 တုန်းကအမှားတွေကို ချက်ချင်းလိုလိုပြင်ဆင်နိုင်ခဲ့တဲ့ Solo ရဲ့အစွမ်းကိုလည်း credit ပေးရမှာပဲဖြစ်ပါတယ်။

 

ကဲ.. Virtus.pro ကတော့ 1st Prize ဆုကြေးအပြင် RodjER တစ်ယောက် MVP ဆုကနေရတဲ့ မာစီဒီးကားပါမောင်းပြီး အိမ်ပြန်လှသွားခဲ့ကြပါပြီ။ အိပ်ရေးပျက်ပြီးကြည့်ရတာနဲ့တန်တဲ့ performance မျိုးပေးတဲ့ Virtus.pro ရော Vici Gaming ကိုပါ အထူးပဲကျေးဇူးတင်မိပါတယ် (အရမ်းဂွမ်းတဲ့ Grand Final ကြည့်ဖူးတဲ့သူတွေဆို အဲဒီခံစားချက်ကိုသဘောပေါက်ပါလိမ့်မယ်)။ 😆

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: