အလန်းစား Shooter-Clicker ဂိမ်း War Tortoise

ခေါင်းစဉ်မှာ ပြောထားသလိုပါပဲ။ War Tortoise ဆိုတဲ့ဒီဂိမ်းဟာ Shooter နဲ့ Idle Clicker ဂိမ်းအမျိုးအစား ၂ ခုကို ပေါင်းစပ်ထားတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ မြင်တွေ့ရခဲတဲ့ ပေါင်းစပ်မှုတစ်ခုဆိုရင်လည်း မမှားပါဘူး။ အဲဒါကြောင့် မဆော့ကြည့်ရသေးခင်မှာ အဆင်မှပြေပါ့မလားဆိုပြီး သံသယတွေရှိပေမယ့် တကယ်တမ်းကစားကြည့်လိုက်တော့ ထင်မထားလောက်အောင် ဆော့လို့ကောင်းတဲ့ဂိမ်းတစ်ခုဆိုတာ သိလိုက်ရပါတယ်။

ဘယ်လိုကစားရတာလဲ

War Tortoise မှာ ကစားသူဟာ သံချပ်ကာတွေအပြည့်အုပ်ထားတဲ့ လိပ်ကြီးတစ်ကောင်ကို ထိန်းချုပ်ပြီး ကစားရမှာပါ။ လိပ်ကြီးကိုထိန်း ချုပ်တယ်ဆိုတာထက် လိပ်ကြီးပေါ်က လက်နက်ပေါင်းစုံကို ထိန်းချုပ်ရတာဆိုရင် ပိုမှန်ပါမယ်။ Screen အလယ်မှာရှိတဲ့ ချိန်ကွင်းကို ရန်သူတွေရှိတဲ့ဖက်ကို လိုက်လှည့်ပေးပြီး ကစားရမှာ ဖြစ်ပါတယ်။

Objective ကတော့ ရှင်းပါတယ်။ ရန်သူတွေ ကိုယ့်ဆီမရောက်လာဖို့နဲ့ ကိုယ့်ရဲ့လိပ်ကြီး မသေသွားဖို့ပါ။ အဲဒီအတွက် သင့်ရဲ့လိပ်ကြီးကို လက်နက်ပေါင်းစုံ တပ်ဆင်ပြီး ကာကွယ်ပေးလို့ရပါတယ်။ Machine Gun ၊ Howitzer ၊ Sniper ၊ Mortar စတဲ့လက်နက်မျိုးစုံကို တပ်ဆင်ပေးလို့ရမှာပါ။ ပိုပိုပြီး အစွမ်းထက်လာမယ့် ရန်သူတွေကို ရင်ဆိုင်ဖို့အတွက် သင့်ရဲ့ လက်နက်တွေကို အကောင်တွေသတ်ပြီးရတဲ့ ပိုက်ဆံတွေနဲ့ Upgrade လုပ်သွားရမှာ ဖြစ်ပါတယ်။

လက်နက်တွေသာ မကပါဘူး။ သင့်ကို ကူညီပေးမယ့် Support တွေကိုလည်း အသုံးပြုလို့ရဦးမှာ ဖြစ်ပါတယ်။ ရိုးရိုးစစ်သားတွေအပြင် Hero တွေကိုပါ အသုံးပြုပြီး ရန်သူတွေကို ရင်ဆိုင်ခိုင်းလို့ရပါတယ်။ သူတို့တွေ သေသွားရင်လည်း စိတ်ပူစရာမရှိပါဘူး။ Timer ပြည့်တာနဲ့ အလိုအလျှောက် ပြန်ထွက်လာကြမှာပါ။ အဲဒီ Support တွေကိုလည်း Unit တွေပိုများလာအောင်၊ Damage တွေပိုများလာအောင် Upgrade လုပ်လို့ရပါသေးတယ်။

အဲဒီလိုနဲ့ကစားရင်း Level တစ်ခုကိုရောက်ရင် သင်ရှုံးကိုရှုံးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မပူပါနဲ့။ ရှုံးသွားရင် သင့်လိပ်ကြီးကို နောက် Generation တစ်ခုဆီ ကူးပြောင်းခိုင်းလို့ ရပါတယ်။ Upgrade လုပ်လိုက်တဲ့ သဘောပါပဲ။ Generation ပြောင်းလိုက်တိုင်း သင့်လိပ်ကြီးက ပိုပိုကြမ်းလာမှာပါ။ သင်အရှေ့က ရွေးချယ်ထားတဲ့ Perk တွေက Generation ပြောင်းသွားလည်း ဆက်လက်ရှိနေဦးမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကစားသူက Perk တွေစု၊ လိပ်ကြီးကို Generation တွေမြင့်လာအောင်လုပ်ပြီး တဖြည်းဖြည်း Level တွေမြင့်လာအောင် ဆော့ကစားရမှာ ဖြစ်ပါတယ်။

ဘယ်လိုလူတွေအတွက် သင့်တော်သလဲ

War Tortoise ဟာ တကယ့် Shooter ဂိမ်းစစ်စစ်ကိုမှ နှစ်သက်တဲ့သူတွေအတွက်တော့ မဟုတ်ပါဘူး။ အားတဲ့အချိန်လေး ဖုန်းထုတ်ပြီး ခဏတဖြုတ် ဂိမ်းကစားချင်တဲ့သူတွေနဲ့ ပိုပြီးသင့်တော်ပါတယ်။ ဖုန်းပိတ်ထားရင်လည်း ပိုက်ဆံတွေရနေတာတွေ၊ Auto-Battle စနစ်ပါဝင်တာတွေ၊ Control စနစ်က ရိုးရှင်းတာတွေဟာ War Tortoise ကို နေရာမရွေး အချိန်မရွေး ကစားလို့ အဆင်ပြေစေပါတယ်။ ဘယ်လောက်ထိအဆင်ပြေလဲဆိုရင် ကျွန်တော် Auto-Battle ကို 4x Speed နဲ့ လွှတ်ထားပေးပြီး ဒီဆောင်းပါးကို ရေးနေတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် Casual ဂိမ်းကောင်းကောင်း ရှာဖွေနေသူတွေကိုတော့ War Tortoise ကို စမ်းဆော့ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီဂိမ်းကို ရယူဆော့ကစားလိုတယ်ဆိုရင်တော့ ဒီနေရာ မှာ သွားရောက်ပြီး Download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password