Colorful ဖြစ်တဲ့ Rhythm ဂိမ်း VOEZ

Cytus နဲ့ Deemo တို့ကို ထုတ်လုပ်ခဲ့တဲ့ Rayark ကုမ္ပဏီရဲ့ နောက်ဆုံး ထွက်ရှိထားတဲ့ rhythm ဂိမ်းဖြစ်ပါတယ်။ VOEZ ဟာ သူ့ရဲ့အစ်ကိုတွေနည်းတူ လက်ရှိ ကမ္ဘာ့အကောင်းဆုံး rhythm ဂိမ်းတွေထဲက တစ်ခုအပါအဝင်လည်း ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ အရှေ့မှာ ပြောခဲ့တဲ့ ဂိမ်းနှစ်ခုကို ကြိုက်နှစ်သက်တယ်ဆိုရင် VOEZ ကိုလည်း နှစ်သက်မှာ မလွဲမသေပါပဲ။ ဒါဆိုရင် အရှေ့က ဂိမ်းတွေနဲ့ တူလို့လား လို့မေးရင် သီချင်းရေးစပ်သူအချို့ကလွဲရင် ကျန်တာတွေ မတူဘူး လို့ပဲ ပြန်ဖြေရမှာပါ။ တိတိကျကျ ပြောရရင် VOEZ ဟာ လောလောဆယ် စျေးကွက်ထဲမှာရှိတဲ့ တစ်ခြား ဘယ် rhythm ဂိမ်းနဲ့မှ မတူပါဘူး။ Core gameplay ကတော့ ဆင်ပေမယ့် VOEZ ရဲ့ တင်ဆက်ပုံ တင်ဆက်နည်းကတော့ ကစားသူတွေရင်ထဲမှာ ထူးထူးခြားခြား စွဲကျန်နေခဲ့စေမှာ ဖြစ်ပါတယ်။

VOEZ အကြောင်းပြောရရင် သူ့ရဲ့ interface နဲ့ အရောင် ရွေးချယ်မှုကို အရင်ဆုံးပြောရမှာပါ။ Interface ဟာ ဖြစ်နိုင်သမျှ မလိုအပ်တာတွေကို ဖယ်ထုတ်ထားတဲ့အတွက် ကြည့်ရတာ အလွန်ပဲ မျက်စိရှင်းစေပါတယ်။ အသုံးပြုထားတဲ့ အရောင်တွေကလည်း နွေးနွေးထွေးထွေး နဲ့ လူကို တက်ကြွစေတဲ့ အရောင်မျိုးတွေ ဖြစ်တဲ့အတွက် ဂိမ်းကို စဖွင့်လိုက်တာနဲ့ စိတ်ကို လန်းဆန်းစေမှာပါ။ ကဗျာဆန်တတ်သူတွေအတွက်တော့ ကွက်တိပဲလို့ ပြောရမှာပါ။

အပေါ်မှာ ပြောခဲ့သလိုပဲ gameplay ပိုင်းနဲ့ပတ်သက်ပြီး ပြောရရင်တော့ တစ်ခြား rhythm ဂိမ်းတွေနဲ့ အခြေခံခြင်းကတော့ အတူတူပါပဲ။ ဖုန်းမျက်နှာပြင် အောက်နားမှာရှိတဲ့ ကန့်လန့်ဖြတ်မျဉ်းနဲ့ အပေါ်ကနေ ကျလာတဲ့ သီချင်း notes လေးတွေ ကွက်တိထပ်တဲ့အချိန် လိုက်နှိပ်ပေးရမှာပါ။ တစ်ချက်ခြင်းနှိပ်ရတဲ့ notes တွေရှိသလို နှိပ်ပြီး ဆက်ဖိထားရတဲ့ notes တွေလည်း ပါဝင်ပါတယ်။ ဒီအထိကတော့ သူသူငါငါ အားလုံးနဲ့ အတူတူပါပဲ။ အခု ပြောမယ့်အချက်ကတော့ VOEZ ရဲ့ သူများနဲ့မတူတဲ့ ထူးခြားချက် ဖြစ်ပါတယ်။ ကျလာတဲ့ သီချင်း notes လေးတွဟာ သီချင်း စည်းချက်ပေါ်လိုက်ပြီး ဘယ်ညာ လိုက်ရွှေ့ကြတာပါ။ သီချင်း notes တွေနဲ့အတူ အနောက်က အရောင်တန်းတွေကပါ စည်းချက်ကျကျ လိုက်လံ ပြောင်းလဲကြသေးတဲ့အတွက် သာမန် rhythm ဂိမ်းနဲ့မတူတဲ့ ထူးခြားတဲ့ အတွေ့အကြုံကို ကစားသူတွေက ခံစားရရှိမှာပါ။

VOEZ ကို Android နဲ့ iOS မှာ အခမဲ့ ရယူဆော့ကစားနိုင်ပြီး Nintendo Switch မှာတော့ ဝယ်ယူကစားနိုင်ပါတယ်။ Mobile version မှာ ကစားဖို့အတွက်ဆိုရင် အင်တာနက် ကွန်နက်ရှင် ရှိရမှာဖြစ်ပြီး Switch version မှာတော့ မလိုအပ်ပါဘူး။ လက်ရှိ VOEZ မှာ သီချင်းပေါင်း ၁၆၀ ကျော် တီးခတ်နိုင်ပြီဖြစ်ပေမယ့် သီချင်းအားလုံးကို unlock လုပ်ဖို့အတွက် သော့တွေလိုအပ်ပြီး သော့တွေကို ဂိမ်းကစားရင်ဖြစ်စေ၊ ဝယ်ယူပြီးဖြစ်စေ ရရှိနိုင်မှာပါ။ Switch version မှာတော့ mobile version မှာလို သီချင်းတွေကို သပ်သပ်ထပ်ဝယ်စရာ မလိုအပ်တဲ့ အားသာချက် ရှိပါသေးတယ်။ သူ့အားသာချက်နဲ့သူမို့ မိမိနဲ့ အဆင်ပြေရာကို ရွေးချယ် ဆော့ကစားနိုင်ပါတယ်။

ပါဝင်တဲ့ သီချင်းတွေအားလုံးကို ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား နဲ့ ထိုင်ဝမ်နိုင်ငံတို့မှ နာမည်ကျော် တေးရေးစပ်သူတွေက ရေးစပ်ထားတဲ့အတွက် အရည်အသွေးပိုင်းကိုတော့ စိတ်ပူစရာမရှိပါဘူး။ ဂိမ်းဒီဇိုင်းပိုင်းအရရော ပါဝင်တဲ့ သီချင်းအရပါ ထူးထူခြားခြား ကောင်းမွန်လှတဲ့ VOEZ ဟာ rhythm ဂိမ်းချစ်သူတွေအတွက် လက်လွတ်မခံသင့်တဲ့ ဂိမ်းကောင်းတစ်ခု ဖြစ်တာမို့ မကစားဖူးသေးဘူးဆိုရင် အခုပဲ ပြေးပြီး စမ်းဆော့ကြည့်လိုက်ပါလို့ အကြံပေးလိုက်ရပါတယ်။

Image Source:

https://itunes.apple.com/us/app/voez/id1007929736?mt=8

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password