Features

ဂိမ်းကစားသူတော်တော်များများ ကြုံတွေ့နေရတဲ့ စိတ်ပိုင်းဆိုင်ရာ ဂိမ်းစွဲခြင်း လက္ခဏာများ

ဂိမ်းကစားခြင်းရဲ့ ကောင်းကျိုးတွေကို အရင်ကလည်း တစ်ခါဖော်ပြပေးဖူးတဲ့အတွက် အခုတစ်ခေါက်မှာတော့ ဂိမ်းကစားခြင်းရဲ့ ဆိုးကျိုး တွေကို ဖော်ပြပေးချင်ပါတယ်။ ကောင်းကျိုးနဲ့ ဆိုးကျိုး ဒွန်တွဲနေတာကြောင့် ကောင်းကျိုးကြီးပဲ ဖော်ပြသွားလို့လည်း ဘယ်မျှတပါ့မလဲနော့်။ အဲ့တာကြောင့် အချိန်ရရင် ဒီဆိုးကျိုးလေးတွေကို လည်း ဖတ်ကြည့်သွားပေးဖို့ အကြံ ပြုချင်ပါတယ်။ ဆောင်ရန် ရှောင်ရန် လုပ်လို့ရတာပေါ့နော်။

အခုနောက်ပိုင်းမှာ video game တွေကလည်း အမျိုးမျိုးပေါ်လာတာက တစ်ကြောင်း၊ နည်းပညာတွေတိုးတက်လာတာက တစ်ကြောင်း စတဲ့ အမျိုးမျိုးသော အကြောင်း ကိစ္စတွေကြောင့် ဗီဒီယိုဂိမ်းစွဲခြင်းဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ စွဲလမ်းမှုတစ်ခု ဆယ်ကျော်သက်လူငယ်တွေမှာ အဖြစ်များလာတယ်လို့သိရပါတယ်။

ကိုယ် ကိုယ်တိုင် ဂိမ်းစွဲနေပြီလား မစွဲသေးဘူးလားသိရအောင် ဘယ်လိုလုပ်မလဲ???

ဂိမ်းစွဲနေလား၊ မစွဲသေးဘူးလားကို အခုဖော်ပြပေးသွားမယ့် လက္ခဏာတွေကိုကြည့်ပြီး သိရှိနိုင်ပါတယ်။ အကယ်၍ သင့်မှာ ဒီ symptoms တွေအားလုံးရှိနေပြီဆိုရင်တော့ ဂိမ်းကစားတာကို နည်းနည်း လျော့တာပဲဖြစ်ဖြစ် ဒါမှမဟုတ်ရင်လည်း အချိန်တိုင်း ဂိမ်းချည်း ကစားမနေပဲ အခြား activity လေးတွေ ပြောင်းလုပ်တာပဲဖြစ်ဖြစ် လုပ်ကြည့်ပေးဖို့တိုက်တွန်းပါတယ်နော်။ အခုအချိန်အထိတော့ အမေရိကန်ဆေးပညာအဖွဲ့အစည်းတွေက ဂိမ်းစွဲတာကို ရောဂါတစ်ခုအနေနဲ့ မသတ်မှတ်ထားသေးပါဘူး။

ဒါပေမယ့် ဂိမ်းစွဲတဲ့ ဖြစ်စဉ်က လူအများကြားထဲမှာ ပြဿနာတစ်ခုအနေနဲ့ တည်ရှိနေပါတယ်။ New Mexico တက္ကသိုလ်ရဲ့လေ့လာတွေ့ရှိချက်အရ ဂိမ်းကစားသူအားလုံးရဲ့ ၆ ရာခိုင်နှုန်း (သို့) ၁၅ ရာခိုင်နှုန်းလောက်မှာ ဂိမ်းစွဲခြင်း လက္ခဏာ တွေတွေ့ရှိရတယ်လို့ သိရပါတယ်။ ဂိမ်းစွဲခြင်းမှာ သိသာထင်ရှားတဲ့ အကျိုးဆက်တွေရှိပေမယ့် ဂိမ်းစွဲခြင်းလက္ခဏာတွေကိုတော့ ခွဲခြားသိနိုင်ဖို့ ခက်ခဲပါတယ်။ အဲ့တာကြောင့် ကိုယ့်ကိုယ်ကို မလိမ်မညာပဲသေသေချာချာလေး ခွဲခြားသုံးသပ်ကြည့်ပါနော်။ 😀

ပျမ်းမျှအားဖြင့် လူတစ်ယောက်ကို မဆော့ပဲ မနေနိုင်အောင် စွဲလမ်းစေနိုင်တဲ့ ဂိမ်းအမျိုးအစားနှစ်ခုရှိပါတယ်။ သူတို့ကတော့ တိကျတဲ့ပန်းတိုင်တစ်ခုရှိတဲ့ဂိမ်းနဲ့ အဆုံးသတ်မရှိတဲ့ဂိမ်း အမျိုးအစား တွေပါ။ တိကျတဲ့ ပန်းတိုင်ရှိတဲ့ဂိမ်းတွေဆိုတာကတော့ မစ်ရှင် တစ်ခုကို အောင်မြင်အောင်ကစားရမယ့်ဂိမ်းတို့၊ သတ်မှတ်ထားတဲ့ score ထိရောက်အောင် ကစားရမယ့်ဂိမ်းတို့၊ နေရာတစ်ခုကနေ လွတ်မြောက်အောင်ထွက်ရတဲ့ဂိမ်းတို့ လူတစ်ယောက်ကို ကယ်တိုင်ရမယ်ဂိမ်းတို့ စတဲ့စတဲ့ အဆုံးသတ်ပန်းတိုင်ပါတဲ့ဂိမ်းတွေဖြစ်ပါတယ်။

ပန်းတိုင်မရှိတဲ့ဂိမ်းတွေဆိုတာကတော့ online multiplayer games တွေကိုပြောတာပါ။ Online ဂိမ်းတွေတော်တော်များများက အင်တာနတ်(သို့) ဝိုင်ဖိုင်နဲ့ ချိတ်ဆက်ကစားရတာကြောင့် အပြင်က တကယ့် gamer တွေ နဲ့ အချင်းချင်း ဆက်သွယ်နိုင်ပါတယ်။ ဒါ့အပြင် သူတို့မှာ အဆုံးသတ် ဆိုတာလည်း မရှိပါဘူး။ အဲ့တာကြောင့် သူတို့ကပိုပြီး စွဲလမ်းစေနိုင်တယ်လို့သိရပါတယ်။ Online ဂိမ်းတွေကို စွဲလမ်းမိတဲ့သူတော်တော်များများဟာ ဖန်တီးရတာကို ကြိုက်နှစ်သက်ကြပြီး ဂိမ်းဇာတ်ကောင်တွေရဲ့ပုံစံလို ခဏတာ ရှင်သန်ရတာကို သဘောကျ ကြပါတယ်။ ဂိမ်းကမ္ဘာလောကဟာ သူတို့ကို လက်ခံပေးနိုင်ဆုံး နားလည်ပေးနိုင်ဆုံး နေရာတစ်ခုလို့ ခံစားကြသူတွေလည်းဖြစ်ပါတယ်။

ဂိမ်းစွဲလမ်းခြင်းလက္ခဏာမှာ Emotional Symptoms (စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ) နဲ့ (Physical Symptoms) ရုပ်ပိုင်းဆိုင်ရာလက္ခဏာများဆိုပြီး နှစ်မျိုးထပ်ကွဲပါတယ်။

စိတ်ပိုင်းဆိုင်ရာ လက္ခဏာ အချို့ကတော့ –

– မနားတမ်းကစားလိုခြင်း/ ကစားလို့မရလျှင် စိတ်တိုခြင်း၊

– ပြီးပြီးသား online activity ကိုပြန်စမြှပ်ပြန်နေခြင်း (သို့) လာမယ့် online session မှာ ဘယ်လိုဝုန်းမယ်ဆိုတဲ့ ကြိုတင်အတွေးများနဲ့ချာချာလည်နေခြင်း

-ဂိမ်းကစားချိန် ပိုမိုရရှိဖို့အတွက် သူငယ်ချင်းများ/မိသားစုဝင်များကို လိမ်ညာခြင်း

– ဂိမ်းကစားချိန်ပိုမိုရရှိဖို့အတွက် အခြားသူများနှင့် ကွဲ၍ သီးခြားနေထိုင်မိနေခြင်း

ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ ကတော့-

– ပင်ပန်းနွမ်းလျခြင်း

– အာရုံစိုက်မှုကြောင့် ခေါင်းတစ်ခြမ်းကိုက်ခြင်း/ မျက်စိညောင်းနေခြင်း

– ကွန်ပျူတာမောက်စ် (သို့) ဖုန်းမျက်နှာပြင်ကို အချိန်ကြာကြာ ပွတ်ထိခြင်း ကြောင့် လက်မျက်ရိုးကိုက်ခြင်း

– တစ်ကိုယ်ရည်သန့်ရှင်းမှုနည်းခြင်း

အခြားစွဲလမ်းမှုတွေလိုပဲ ဗီဒီယိုဂိမ်းစွဲလမ်းမှုတွေမှာလည်း ဆိုးရွားတဲ့ အကျိုးဆက်တွေရှိပါတယ်။ အပေါ်မှာ ဖော်ပြထားတဲ့လက္ခဏာတွေက အချိန်အကြာကြီးစွဲပြီးဖြစ်တတ်တဲ့ လက္ခဏာတွေမဟုတ်ကြပါဘူး။ အနားပေးရင်ပေးသလောက်ပြန်လည်သက်သာနိုင်ပါတယ်။ ဒါပေမယ့် သူတို့တွေကြောင့်ဖြစ်လာတဲ့ နောက်ဆက် အကျိုးဆက်တွေကတော့ အိပ်ရေးပျက်ခြင်း၊ အစာစားချိန်မမှန်ခြင်း နဲ့ ပေါင်းသင်းဆက်ဆံရေး အဆင်မပြေခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် ငွေကြေးဆိုင်ရာပြဿနာ၊ ပညာရေး ဆိုင်ရာ ပြဿနာနဲ့ အလုပ်ခွင် ပြဿနာ တွေပါ ကြုံဆုံရနိုင်ပါတယ်။ အဲ့တာကြောင့် ဘော်ဒါတို့ဆီမှာလည်း အပေါ်မှာ ဖော်ပြသွားတဲ့ ဂိမ်းစွဲလမ်းခြင်းနဲ့ပတ်သက်တဲ့ လက္ခဏာတွေကို ခံစားနေရပြီဆိုရင် မလိုလားအပ်တဲ့ side effect တွေထပ်မံမဖြစ်ရလေအောင် အတတ်နိုင်ဆုံး ဂိမ်းကစားချိန်လေးကို ပြန်လည် ထိန်းသိမ်းပြင်ဆင်ဖို့ အကြံပြုပါတယ်နော်။ အပေါ်မှာဖော်ပြသွားတဲ့ လက္ခဏာတွေထဲက တစ်ခုနဲ့မှ မကိုက် ညီသေးဘူးဆိုရင်တော့ ဘော်ဒါက ဂိမ်းကိုစွဲလမ်းနေတဲ့သူမဟုတ်သေးပါဘူး။ သာမန်ဂိမ်းကစား သူတစ်ယောက် အဖြစ် ပဲရှိပါသေးတယ်။ အဲ့တာကြောင့် ကိုယ်ကစားနေကျ ပုံစံအတိုင်း စိတ်ချလက်ချနဲ့ ဆက်ပြီး ကစားလို့ရပါတယ်။ 😆☺)

 

Ref: Psychguides

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password