စစ်သမိုင်းအကြောင်း စိတ်ဝင်စားသူတွေအတွက် Valiant Hearts: The Great War

World War II အကြောင်းကို ဗီဒီယိုဂိမ်းတွေအပါအဝင် မီဒီယာပေါင်းစုံရဲ့ကျေးဇူးနဲ့ ကျွန်တော်တို့တွေ အနည်းနဲ့အများ သိကြပါတယ်။ ဒါပေမယ့် World War I ကတော့ လူတွေ နာမည်သာကြားဖူးပြီး ပါဝင်တဲ့အကြောင်းအရာတွေကို သိပ်မသိကြတဲ့ သမိုင်းထဲက ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။ Game Developer တွေကလည်း တော်ရုံနဲ့ WWI အကြောင်းအခြေခံပြီး ဂိမ်းမထုတ်ကြသလို သူ့အကြောင်းရုပ်ရှင်တွေကလည်း သိပ်မရှိလှပါဘူး။ Valiant Hearts လို့နာမည်ရတဲ့ ဒီဂိမ်းကတော့ ရှားရှားပါးပါး The Great War လို့ခေါ်တဲ့ WWI အကြောင်းကို အခြေခံထားတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။

Valiant Hearts ဟာ Graphic Novel ကို Adventure ရယ်၊ Action ရယ်၊ Puzzle ရယ်နဲ့ ပေါင်းစပ်ထားတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းမှာ ပြင်သစ်နိုင်ငံသား Emile ၊ ဂျာမနီနိုင်ငံသား Karl ၊ အမေရိကန်နိုင်ငံသား Freddie နဲ့ ဘယ်လ်ဂျီယမ်နိုင်ငံသူ Anna တို့ကို ထိန်းချုပ်ပြီး ဆော့ကစားရမှာဖြစ်ပါတယ်။ သူတို့အားလုံးဟာ ကမ္ဘာစစ်ကြီးရဲ့ သားကောင်တွေ ဖြစ်ကြပြီး ဇာတ်ကောင်တစ်ယောက်ချင်းစီမှာ မတူညီတဲ့ နောက်ခံဇာတ်လမ်းတွေရှိကြပါတယ်။ သူတို့ရဲ့ ခံယူချက်တွေကိုယ်စီကို ဆုပ်ကိုင်ပြီး စစ်ကြီးအတွင်းမှာ အသက်ရှင်ဖို့ ရုန်းကန်ကြရတဲ့အကြောင်းကို ဒီဂိမ်းထဲမှာ သရုပ်ဖော်ထားတာ ဖြစ်ပါတယ်။

 .         

ဒီဂိမ်းရဲ့ဇာတ်လမ်းကို ကမ္ဘာစစ်ကြီးစတင်တဲ့ ၁၉၁၄ ခုနှစ်မှာ စတင်ထားပါတယ်။ Austria နိုင်ငံရဲ့ Archduke ဖြစ်တဲ့ Franz Ferdinand လုပ်ကြံခံရတဲ့ကိစ္စကို အရင်းပြုပြီး ကမ္ဘာစစ်ကြီးဟာ အစပျိုးခဲ့ပါတယ်။ စစ်ကြီးစတင်တော့ ဒီဂိမ်းထဲက ဇာတ်ကောင်တွေကလည်း မိမိနိုင်ငံရဲ့ တပ်တွေထဲကိုဝင်ပြီး စစ်ကြီးထဲ ပါဝင်ဆင်နွှဲရပါတော့တယ်။

ကစားသူဟာ အဲဒီ ဇာတ်ကောင်တွေကို ထိန်းချုပ်ပြီး Battle of the Marne ၊ Battle of the Somme အစရှိတဲ့ သမိုင်းထဲက အထင်ကရတိုက်ပွဲတွေကို ဆင်နွှဲရမှာပါ။ ဆင်နွှဲတယ်ဆိုရာမှာ သေနတ်ကိုင်ပြီး ဝင်ပစ်ရတာမျိုးမဟုတ်ပါဘူး။ Puzzle ဆန်ဆန် objective တွေကို လိုက်လံဖြေရှင်းပြီး ရန်သူတွေကို တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ Puzzle တွေက အရမ်းအခက်ကြီးတွေ မဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီဂိမ်းဟာ ဇာတ်လမ်းအသားပေးဂိမ်းမျိုး ဖြစ်တဲ့အတွက်ပါ။ Puzzle တွေကိုဖြေရှင်း၊ အခန်းတွေကို အနိုင်ယူပြီး အနောက်မှာရှိတဲ့ ဇာတ်လမ်းတွေကို ဆက်ဖတ်ရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းတွေကို တင်ဆက်ရာမှာ Developer တွေရဲ့ စိတ်ကူးယဉ် ဖန်တီးထားတဲ့ အကြောင်းအရာတွေသာမကပဲ တကယ့်သမိုင်းထဲက အချက်အလက်တွေကိုပါ သင့်လျှော်သလို ဖော်ပြသွားတဲ့အတွက် ဗဟုသုတလည်း ရစေပါတယ်။ ဒါ့အပြင် Stage တိုင်းမှာ ပါဝင်တဲ့ ပစ္စည်းလေးတွေရဲ့ description ကိုလိုက်ဖတ်ပြီး ပထမကမ္ဘာစစ်ကာလက လူတွေရဲ့ စစ်ကြီးကို ဖြတ်သန်းခဲ့ရပုံကိုပါ သိရှိရပါသေးတယ်။ ဇာတ်လမ်းတင်ဆက်ပုံကလည်း အင်မတန် ကောင်းမွန်တဲ့အတွက် ဇာတ်လမ်းအနောက်ပိုင်းကို ရောက်လာလေလေ ဇာတ်ကောင်တွေ ဘယ်လိုဖြစ်သွားမယ်ဆိုတာ သိချင်လာလေလေ ဖြစ်လာမှာပါ။

Valiant Hearts ကို ကစားသူတွေရော ဝေဖန်ရေးသမားတွေကပါ နှစ်သက်သဘောကျကြပါတယ်။ ဒီဂိမ်းဟာ ၂၀၁၄ ခုနှစ် ‘The Game Awards’ မှာ ‘Best Narrative’ နဲ့ ‘Games for Change’ ဆုတွေကို ရရှိခဲ့တဲ့အထိ အောင်မြင်မှု ရရှိခဲ့ပါတယ်။ Valiant Hearts: The Great War ကို Android နဲ့ iOS အပြင် Windows ၊ Playstation နဲ့ Xbox Platform တွေမှာပါ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ Mobile version မှာတော့ ဂိမ်းကို အခမဲ့ ရယူဆော့ကစားနိုင်မှာဖြစ်ပြီး ဇာတ်လမ်းအဆုံးအထိဆော့ချင်ရင် Episode တွေကို ဝယ်ယူဆော့ကစားရမှာ ဖြစ်ပါတယ်။ Narrative gameplay မျိုးကို နှစ်သက်တယ်ဆိုရင်တော့ Valiant Hearts ဟာ လုံးဝကစားသင့်တဲ့ ဂိမ်းထဲမှာ ပါဝင်ပါတယ်။ မိမိအကြိုက်နဲ့ကိုက်မကိုက်သိချင်ရင်လည်း အလွယ်တကူ စမ်းသပ်ဆော့ကစားနိုင်တဲ့အတွက် Valiant Hearts ကစားပြီး ပထမကမ္ဘာစစ်ကြီးထဲကို အလည်သွားကြည့်ဖို့ အကြံပေးလိုပါတယ်။ သင်ပေးလိုက်ရတဲ့ အချိန်နဲ့ထိုက်တန်တဲ့ အတွေ့အကြုံကို ပြန်လည်ရရှိမယ်လို့ ယုံကြည်ပါတယ်။

Image Source:

https://itunes.apple.com/us/app/valiant-hearts-the-great-war/id840190360?mt=8

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password