စကားလုံး ပဟေဠိဂိမ်း ဝါသနာအိုးတွေအတွက် TypeShift

စကားလုံး ပဟေဠိဂိမ်းတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် ဒီတလောမှာ လူပြောအများဆုံး စကားလုံး ပဟေဠိဂိမ်းတွေထဲက တစ်ခုဖြစ်တဲ့ TypeShift နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဂိမ်းအမျိုးအစားဟာ အခြေခံသဘောတရားက ရိုးရှင်းလွန်းတဲ့အတွက် သူများထက်ထူးအောင် မလုပ်နိုင်ဘူးဆိုရင် အောင်မြင်ဖို့ မလွယ်ပါဘူး။ အဲဒီတော့ လူပြောများနေတဲ့ TypeShift ကရော ဘာတွေ ထူးထူးခြားခြားပါလို့လည်းလို့ မေးချင်စရာရှိပါတယ်။ TypeShift ဟာ crossword puzzle နဲ့ anagram ကစားနည်းကို လှလှပပ ပေါင်းစပ်ထားတဲ့ ဂိမ်းအမျိုးအစား ဖြစ်ပါတယ်။ သာမန် anagram ဂိမ်းတွေမှာ စကားလုံး တစ်လုံးတည်းကနေ အခြား စကားလုံးအသစ်တွေကို စဉ်းစားရတာပါ။ TypeShift မှာတော့ စကားလုံး ၃ လုံးကနေ ၅ လုံးခန့် အထိကို ရောထားပြီး အဲဒီကနေ စကားလုံးအသစ်တွေကို စဉ်းစားရမှာ ဖြစ်ပါတယ်။

 .         

TypeShift ကို ကစားရတာဟာ နံပါတ်သော့တစ်လုံးကို ဖွင့်နေရတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒေါင်လိုက်အတန်းတိုင်းမှာ အက္ခရာတွေရှိမှာဖြစ်ပြီး အဲဒီ အက္ခရာတွေကို အသုံးပြုပြီး စကားလုံးတွေ ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ ပါဝင်တဲ့ အက္ခရာအားလုံးကို အနည်းဆုံး တစ်ကြိမ်စီ အသုံးပြုပြီးသွားမှသာ အဆိုပါ ပဟေဠိကို အောင်မြင်မှာပါ။ ဒေါင်လိုက်အတန်းတွေ များလေလေ အဲဒီ ပဟေဠိက ပိုပြီး ခက်ခဲလေလေပဲ ဖြစ်ပါတယ်။ ပဟေဠိတစ်ခု ပြီးသွားတိုင်းမှာ အဲဒီပဟေဠိမှာ ပါဝင်တဲ့ စကားလုံးတွေကို ပြန်ပြပါတယ်။ တကယ်လို့ မိမိ မစဉ်စားမိတဲ့ စကားလုံးတွေ ပါဝင်ခဲ့မယ်ဆိုရင်လည်း လေ့လာလို့ရတဲ့အတွက် ဗဟုသုတလည်း တိုးပွားစေပါတယ်။

TypeShift မှာ Clue Puzzle လို့ခေါ်တဲ့ နောက်ထပ် ကစားနည်းတစ်ခု ပါဝင်ပါသေးတယ်။ Clue Puzzle မှာတော့ သတင်းစာတွေမှာ ပါတတ်တဲ့ crossword puzzle လိုပဲ သဲလွန်စတွေ ပေးထားပြီး အဖြေကို အပေါ်က ကစားနည်းအရ ထည့်သွင်းပေးရမှာပါ။ ဒီကစားနည်းမှာ အက္ခရာတွေကို လိုက်ရွှေ့ရင်း မိမိအဖြေမှန်သွားခဲ့ရင်လည်း မှန်နေကြောင်းကို တန်းမပြပါဘူး။ အဲဒီအဖြေနဲ့ ပတ်သက်တဲ့ သဲလွန်စကို သွားနှိပ်မှ အဖြေမှန် မမှန် သိရမှာပါ။ ဒါကြောင့် ဒီကစားနည်းမှာတော့ ကံကောင်းပြီး နိုင်သွားတယ်ဆိုတာမျိုး မရှိပါဘူး။ အဖြေရဖို့အတွက် အင်တာနက်ပေါ်မှာ ရှာရင်လည်း ရှာရနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စာတွေလိုက်ဖတ်ရတဲ့အတွက် ဗဟုသုတလည်း ရမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ TypeShift ကို iOS ပေါ်မှာပဲ ဆော့ကစားနိုင်ဦးမှာ ဖြစ်ပါတယ်။ အခမဲ့ဂိမ်းဖြစ်ပြီးတော့ ပဟေဠိအသစ်တွေ ရရှိလိုပါက ဝယ်ယူဆော့ကစားရမှာဖြစ်ပါတယ်။ အသစ်ထပ်မဝယ်ချင်တဲ့သူတွေအနေနဲ့ daily puzzle challenge ကို စောင့်မျှော်ဆော့ကစားနိုင်မှာပါ။ TypeShift ဟာ စကားလုံး ပဟေဠိဂိမ်းကောင်းကောင်း ရှာဖွေနေသူတွေ လက်မလွှတ်သင့်တဲ့ ဂိမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ သမားရိုးကျ စကားလုံး ပဟေဠိဂိမ်းတွေကို ငြီးငွေ့နေရင်တော့ TypeShift ကို ခပ်မြန်မြန်သာ စမ်းဆော့ကြည့်လိုက်ပါလို့ အကြံပေးလိုက်ရပါတယ်။

 

Image Sources:

https://itunes.apple.com/us/app/typeshift/id1084762137?mt=8

http://www.playtypeshift.com/

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password