Transformer ပရိသတ်တွေ အကြိုက်တွေ့မယ့် Transformers: Forged to Fight

Transformer ဇာတ်လမ်းတွေကို လူတွေ ဘာကြောင့်ကြိုက်ကြတာလဲ။ ကျွန်တော်တို့တွေ အသက်ဘယ်လောက်ပဲ ကြီးကြီး ကျွန်တော်တို့ရဲ့ ကိုယ်တွင်းက ၁၆ နှစ်သားစိတ်ကတော့ ဧရာမစက်ရုပ်ကြီးတွေ တစ်ယောက်နဲ့တစ်ယောက် လက်သီးနဲ့ ထိုးနေကြတာကို မကြိုက်ပဲကို မနေနိုင်တာပါ။ အခုလည်း စက်ရုပ်ကြီးတွေ ကြိုက်တတ်သူတွေအတွက် ကွက်တိဖြစ်စေမယ့် Transformers: Forged to Fight ဆိုတဲ့ ဂိမ်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီဂိမ်းဟာ Street Fighter လိုမျိုး 1 vs 1 ချရတဲ့ ဂိမ်းမျိုးဖြစ်ပြီး combat စနစ်က တော်တော် ချောမွေ့တဲ့အတွက် ကစားရတာ ပျော်ဖို့ကောင်းပါတယ်။ ဖုန်းမျက်နှာပြင်ကို ဘယ်ညာ အပေါ်အောက် ပွတ်ပြီး ချကွက်တွေအမျိုးမျိုးကို တွဲဆက်ကာ ကစားရမှာ ဖြစ်ပါတယ်။ အနီးကပ်ချလို့ရသလို အဝေးကနေလည်း လှမ်းပစ်လို့ရပြီး ပါဝါတန်း ပြည့်သွားရင်တော့ အထူးတိုက်ကွက်ကို အသုံးပြုနိုင်မှာပါ။ သဘောအကျဆုံးကတော့ စက်ရုပ်တွေရဲ့ alternate mode ကို ချတဲ့နေရာမှာ အသုံးပြုလို့ရအောင် ထည့်သွင်းထားတဲ့ အချက်ပဲ ဖြစ်ပါတယ်။ Alternate mode ကိုအသုံးပြုပြီး ရန်သူရဲ့ guard ကို ထိုးဖောက်ရမှာပါ။ စက်ရုပ် တစ်ရုပ်နဲ့တစ်ရုပ်ရဲ့ alternate mode တွေက မတူကြတဲ့အတွက် alternate mode အသုံးပြုပြီး တိုက်ခိုက်ပုံတွေကလည်း ကွဲပြားကြပါသေးတယ်။

ဒီဂိမ်းမှာ စက်ရုပ်အမျိုးအစား ၆ မျိုးပါရှိပြီး rock-paper-scissors လိုမျိုးပဲ အားသာချက် အားနည်းချက်တွေရှိကြပါတယ်။ အဲဒါကြောင့် ဘယ်စက်ရုပ်ကို အသုံးပြုပြီး တိုက်ခိုက်မယ် ဆိုတာကို အစဉ်သတိပြုနေရမှာပါ။ Mission တစ်ခုသွားပြီဆိုရင် Party ထဲမှာ မိမိလိုချင်တဲ့ စက်ရုပ်တွေကို ခေါ်သွားနိုင်ပြီး ရန်သူနဲ့တွေ့တဲ့အခါ ရန်သူကို အသာရနိုင်မယ့် စက်ရုပ်ကို ရွေးချယ် ဆော့ကစားရမှာ ဖြစ်ပါတယ်။

ဒီဂိမ်းမှာ စခန်းဆောက်ပြီး ထိန်းသိမ်းရတဲ့ ကစားနည်း ပါဝင်ပါသေးတယ်။ စခန်းဆောက်ရတာ နှစ်သက်တတ်သူတွေအတွက်တော့ မဆိုးလှပေမယ့် မကြိုက်တတ်သူတွေအတွက်တော့ နည်းနည်း မျက်စိနောက်ချင်စရာ ကောင်းပါတယ်။ ဒါပေမယ့် စခန်းကနေ စက်ရုပ်တွေအဆင့်မြင့်တင်ရာမှာ လိုအပ်တဲ့ ပစ္စည်းတွေရမှာမို့ မချစ်ရင်လည်း အောင့်ကာနမ်းရမှာပါ။ ဒီဂိမ်းရဲ့ အဓိက အားနည်းချက်ဟာဆိုရင် အလွန်ရှုပ်ထွေးတဲ့ currency စနစ်ဖြစ်ပါတယ်။ အသုံးပြုရတဲ့ currency တွေက များပြားလွန်းတဲ့အတွက် စဆော့ဆော့ချင်းဆိုရင် မျက်စိတွေလည်သွားနိုင်ပါတယ်။

 .         

ဒီဂိမ်းမှာ ခေတ်ကာလပေါင်းစုံက Transformer တွေ အစုံအလင် ပါဝင်မှာဖြစ်တဲ့အတွက် Transformer hardcore ပရိသတ်တွေ လုံးဝနှစ်သက်ကြမှာပါ။ ဒါပေမယ့် စက်ရုပ်တွေကို Energon သုံးပြီး ဆင့်ခေါ်ရမှာ ဖြစ်တဲ့အတွက် Freemium ဂိမ်းတွေ ထုံးစံအတိုင်း လိုချင်တဲ့ စက်ရုပ်ကိုရဖို့ ကံ ဒါမှမဟုတ် ပိုက်ဆံကို အားကိုးရမှာပါ။ ဘယ်လိုပဲ အားနည်းချက်တွေရှိရှိ Transformers: Forged to Fight ဟာ အလွန်ကိုကောင်းမွန်တဲ့ အက်ရှင်ဂိမ်းတစ်ခုဆိုတာ ငြင်းလို့ မရပါဘူး။ စက်ရုပ်တွေ ချနေတာကို မြင်ရရင်ကို ပျော်နေတတ်တဲ့ ကိုကိုမောင်တွေအဖို့တော့ ဒီဂိမ်းဟာ စမ်းဆော့ကြည့်သင့်တဲ့ ဂိမ်းတစ်ခုဖြစ်တာမို့ မသိလိုက် မရှိရလေအောင် လက်တို့လိုက်ရပါတယ်။

Image Sources:

https://transformersforgedtofight.com/

https://itunes.apple.com/us/app/transformers-forged-to-fight/id1002635492?mt=8

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password