Rhythm Game ချစ်သူတွေအတွက် Top Rhythm Games for Mobile – အပိုင်း ၁

Rhythm Game တွေဟာ ကစားသူကို သံစဉ်တွေထဲ နစ်မြောသွားစေပြီး စိတ်အပန်းပြေစေတာကြောင့် လူတွေကြိုက်နှစ်သက်ကြတဲ့ ဂိမ်းအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ Rhythm Game ကောင်းကောင်းတစ်ခု လိုက်ရှာရတာကလည်း ထင်သလောက် မလွယ်ပါဘူး။ Gameplay အပိုင်း ကောင်းမကောင်း၊ သီချင်းကောင်းမကောင်း၊ Beatmap တွေက သီချင်းနဲ့ လိုက်မလိုက် အစရှိတဲ့ အချက်တွေအကုန်လုံးကို လိုက်ကြည့်ရပါတယ်။

ဒါကြောင့် ဆော့လို့ကောင်းတဲ့ Rhythm Game တွေ လိုက်ရှာနေသူတွေအတွက် လက်ရှိအချိန်မှာ အကောင်းဆုံးလို့ သတ်မှတ်ခြင်းခံထားရတဲ့ ဂိမ်းတွေနဲ့ မိတ်ဆက်ပေးသွားပါမယ်။ Gameplay ပုံစံပေါ်မူတည်ပြီး Classic Gameplay နဲ့ Platformer Gameplay ဆိုပြီး အပိုင်း ၂ ပိုင်းခွဲပြီးတင်ဆက်သွားမှာပါ။ ဒီဆောင်းပါးမှာတော့ ကျွန်တော်တို့ မြင်ဖူးနေကျဖြစ်တဲ့ သီချင်း Beatmap အတိုင်း Notes တွေကို လိုက်နှိပ်ရတဲ့ Classic Rhythm Game တွေနဲ့ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

TunesHolic

Developer    : SmartPlayland

Platform       : Android, iOS

Price             : Free/$4.99

TunesHolic ဟာ လက်ရှိ App Store တွေပေါ်မှာရှိတဲ့ Rhythm ဂိမ်းတွေထဲမှာ မိမိစိတ်တိုင်းကျ customize လုပ်ဖို့ ရွေးချယ်စရာတွေ အများဆုံးပေးတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ပုံမှန်ဂိမ်းတွေမှာ သီချင်း Note တွေလာတဲ့ လမ်းကြောင်း (Lane) က developer သတ်မှတ်ထားတဲ့အတိုင်း ပုံသေဖြစ်ပါတယ်။ TunesHolic မှာ Lane ၃ ခုကနေ ၈ ခုအထိ စိတ်တိုင်းကျ ရွေးချယ်ခွင့်ပေးထားပါတယ်။ Challenging ဖြစ်တာကို သဘောကျသူတွေက Lane များများကို ရွေးချယ်ပြီး ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Portrait (ဒေါင်လိုက်) နဲ့ Landscape (အလျှားလိုက်) mode ဆိုပြီး ရွေးချယ်လို့ရသေးတဲ့အတွက် သင်ရွေးချယ်လိုက်တဲ့ Lane ပမာဏနဲ့ Screen အရွယ်အစားပေါ်မူတည်ပြီး အဆင်ပြေရာ mode ကို ရွေးချယ်ဆော့ကစားလို့ ရမှာဖြစ်ပါတယ်။ ဒါ့အပြင် Note တွေကျလာတဲ့ အမြန်နှုန်းနဲ့ သီချင်း Difficulty ကိုလည်း စိတ်ကြိုက်ရွေးချယ်လို့ ရဦးမှာပါ။ အကောင်းဆုံးတစ်ချက်ကတော့ TunesHolic မှာ သင်နှစ်သက်ရာသီချင်းကို ထည့်သွင်းပြီး တီးခတ်ဆော့ကစားလို့ရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် TunesHolic ဟာ ကိုယ်ကြိုက်နှစ်သက်တဲ့ သီချင်းတွေကို Rhythm ဂိမ်းအသွင်နဲ့ ဆော့ကစားလိုသူတွေအတွက် သင့်တော်တဲ့ဂိမ်းတစ်ခု ဖြစ်ပါတယ်။

 .          .         

 

Lethe

Developer    : Changyou.com HK Limited

Platform       : Android, iOS

Price             : $0.99

Lethe ဟာ Classic Rhythm ဂိမ်းတွေထက် ဇာတ်လမ်းတစ်ခုကို ကြည့်နေရတာနဲ့ ပိုပြီးနီးစပ်ပါတယ်။ သီချင်းစတာနဲ့ ဂိမ်းရဲ့ နောက်ခံပုံတွေက ရုပ်ရှင်ပြနေသလို တောက်လျှောက်ပြောင်းနေမှာ ဖြစ်ပါတယ်။ ပြီးတော့ သီချင်းသံစဉ်အတိုင်းပေါ်လာမယ့် Note တွေကို စည်းချက်ကျကျ လိုက်နှိပ်ရမှာပါ။ နောက်ခံပုံတွေနဲ့ ဇာတ်လမ်းကို အေးအေးဆေးဆေး ခံစားလို့ရအောင် Beatmap တွေကို အရမ်းအခက်ကြီးတွေ မလုပ်ထားပါဘူး။ Lethe ရဲ့ ကောင်းကွက်ကတော့ သူ့ရဲ့ အလွန်လှပတဲ့ Graphic ဖြစ်ပါတယ်။ အဲဒီတော့ Lethe ကစားရင် Graphic အလန်းစားနဲ့ သရုပ်ဖော်ရေးဆွဲထားတဲ့ ဇာတ်လမ်းတွေကို သီချင်းငြိမ့်ငြိမ့်လေးတွေနားထောင်ပြီး ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။

 .          .         

 

Hachi Hachi

Developer    : Skytree Digital Limited

Platform       : Android, iOS

Price             : Free

Hachi Hachi ရဲ့ ကစားပုံ ကစားနည်းက Sega က ထုတ်လုပ်ထားတဲ့ Arcade Rhythm Game ‘Maimai’ နဲ့ ဆင်တူပါတယ်။ Screen ရဲ့ အလယ်မှာ စက်ဝိုင်းကြီးရှိပြီး Note တွေက စက်ဝိုင်းရဲ့ အလယ်ကနေ လာမှာဖြစ်ပါတယ်။ Hachi Hachi မှာ အခြားကစားသူတွေနဲ့ Real-Time ယှဉ်ပြိုင်နိုင်တဲ့ feature ထည့်သွင်းပေးထားတဲ့အတွက် ယှဉ်ပြိုင်ရတာ နှစ်သက်သူတွေ အကြိုက်တွေ့စေမှာပါ။ ဒါ့အပြင် Arena Mode မှာ အပတ်စဉ် Tournament တွေရှိဦးမှာဖြစ်ပြီး အဲဒီမှာ အနိုင်ရရှိအောင်ဆော့ပြီး ဆုတွေရယူနိုင်မှာ ဖြစ်ပါတယ်။ Artwork အပျံစားတွေကို အသုံးပြုထားပြီး Interface ကိုလည်း ကျကျနန ရေးဆွဲထားတာမို့ ကြည့်လိုက်တာနဲ့ ဆော့ချင်စိတ်တွေ တဖွားဖွားပေါ်လာစေမှာ ဖြစ်ပါတယ်။

 .         

 

Piano Tiles 2 (Don’t Tap The White Tile 2)

Developer    : Cheetah Technology Corporation Limited

Platform       : Android, iOS

Price             : Free

Rhythm Game အကြောင်းပြောရင် Piano Tiles ကို ချန်ထားခဲ့လို မရပါဘူး။ Screen ပေါ်က အဖြူရောင် အကွက်တွေကို ရှောင်ပြီးကစားရမယ့် သူ့ရဲ့ ရိုးရှင်းတဲ့ကစားနည်းက Piano Tiles ကို လူတွေကြိုက်နှစ်သက်ကြတဲ့ အဓိကအကြောင်းရင်းပဲ ဖြစ်ပါတယ်။ အမည်းရောင်အကွက်လေးတွေကို လိုက်နှိပ်နေရုံနဲ့ မိမိကိုယ်ကိုယ် Piano ဆရာတစ်ယောက်လို ခံစားရစေမှာဖြစ်ပြီး သီချင်းတွေ အများကြီးပါဝင်တဲ့အတွက် ဆော့ရတာ ပျင်းမသွားစေပါဘူး။ ဂိမ်း File Size ကလည်း သေးတာမို့ Storage နည်းတဲ့ Device တွေမှာလည်း ထည့်သွင်းထားရတာ ပြဿနာ မရှိပါဘူး။

 .          .         

 

Cytus

Developer    : Rayark International Limited

Platform       : Android, iOS

Price             : $1.99

Cytus ဟာ Rhythm ဂိမ်းတွေရေးဆွဲရမှာ ဆရာတစ်ဆူဖြစ်တဲ့ Rayark ကုမ္ပဏီရဲ့ ပထမဆုံးဂိမ်း ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ကတည်းက ထွက်ရှိထားတာဖြစ်ပေမယ့် ယခုအချိန်အထိ လူတွေ နှစ်နှစ်ခြိုက်ခြိုက် ဆော့ကစားနေကြသေးတဲ့ဂိမ်းတစ်ခု ဖြစ်ပါတယ်။ Gameplay ပိုင်းက ပုံမှန် Rhythm ဂိမ်းတွေနဲ့ အနည်းငယ် ကွဲပြားပါတယ်။ Screen ရဲ့အောက်ခြေက အတန်း (Judgement Line) ပေါ်ကို Note တွေကျလာမှာမျိုး မဟုတ်ပဲ Active Scan Line လို့ခေါ်တဲ့ အတန်းလေးက Screen ရဲ့ အပေါ်အောက်ကို တောက်လျှောက် ပြေးနေမှာ ဖြစ်ပါတယ်။ သီချင်း Note ကို အဲဒီအတန်းလေး ဖြတ်သွားတာနဲ့ ကွက်တိကျအောင် လိုက်နှိပ်ပြီး ဆော့ကစားရမှာ ဖြစ်ပါတယ်။ Cytus မှာ သီချင်းပေါင်း ၂၀၀ ခန့်ပါဝင်ပြီး ထက်ဝက်ခန့်ကို ဂိမ်းဝယ်ယူလိုက်တာနဲ့ ဆော့ကစားလို့ရမှာ ဖြစ်ပါတယ်။

 .         

 

Dynamix

Developer    : C4Cat Entertainment Ltd.

Platform       : Android, iOS

Price             : Free

ပုံမှန် Rhythm ဂိမ်းတွေကို လွယ်ကူတယ်လို့ ထင်နေပါသလား။ Note တွေက လမ်းကြောင်းတစ်ခုတည်းအတိုင်း သွားနေတာကို ရိုးအီနေပါသလား။ ဒါဆိုရင်တော့ Dynamix က သင့်ဆန္ဒတွေကို ဖြည့်ဆည်းပေးမယ့် ဂိမ်းတစ်ခု ဖြစ်ပါတယ်။ Note တွေက ဘယ်၊ညာ၊အပေါ် စုစုပေါင်း လမ်းကြောင်း ၃ ခုကလာမယ့် Dynamix ဟာ ခက်တာတွေကိုမှ ကြိုက်တဲ့ Hardcore player တွေအတွက် ဖြစ်ပါတယ်။ သင့်ရဲ့ အနှစ်နှစ်အလလ ပျိုးထောင်လာတဲ့ Tapping Skill တွေကို စမ်းသပ်မယ့် ဂိမ်းတစ်ခု ဖြစ်ပါတယ်။

 .         

 

Lanota

Developer    : Noxy Games Inc.

Platform       : Android, iOS

Price             : $1.99

စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းကို အလွန်ချစ်စရာကောင်းတဲ့ နောက်ခံပုံတွေနဲ့ ပုံဖော်ထားတဲ့ Lanota ဟာ လက်ရှိအချိန်မှာ App Store တွေပေါ်မှာ ရနိုင်တဲ့ အကောင်းဆုံး Rhythm ဂိမ်းတွေထဲကတစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့ Gameplay ဟာဆိုရင် ပုံမှန် Rhythm ဂိမ်းတွေလို တသမတ်တည်း ဖြစ်မနေဘဲ သီချင်း Tempo ပေါ်လိုက်ပြီး Note တွေက နေရာလိုက်ပြောင်းနေတဲ့ Dynamic Gameplay မျိုး ဖြစ်တာမို့ ကစားသူကို မပျင်းသွားစေပါဘူး။ Lanota ဟာ ဇာတ်လမ်းပါဝင်တဲ့ ဂိမ်းတွေကိုမှ ကစားလိုသူတွေအတွက် သင့်တော်တဲ့ ချစ်စဖွယ် Rhythm ဂိမ်းလေး ဖြစ်ပါတယ်။ သူ့ရဲ့ Beatmap တွေကလည်း သေသေချာချာ ရေးဆွဲထားတာမို့ Hardcore Rhythm Game ပရိသတ်တွေလည်း နှစ်ခြိုက်ကြမှာ ဖြစ်ပါတယ်။

 .         

 

Deemo

Developer    : Rayark International Limited

Platform       : Android, iOS

Price             : $1.99

Deemo ဟာ Rayark ကုမ္ပဏီရဲ့ ဒုတိယမြောက် Rhythm ဂိမ်းဖြစ်ပြီးတော့ ကမ္ဘာတစ်ဝန်းက Rhythm ဂိမ်းချစ်သူတွေအားလုံးနီးပါး ကြားဖူးကြတဲ့အထိ နာမည်ကြီးတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ Deemo မှာ Classical နဲ့ Acoustic သံစဉ်တွေ အဓိကပါဝင်တာမို့ အဆိုပါသီချင်းအမျိုးအစားတွေကို နှစ်သက်သူတွေ အကြိုက်တွေ့မယ့် ဂိမ်းတစ်ခု ဖြစ်ပါတယ်။ Deemo မှာပါဝင်တဲ့ သီချင်း ၂၂၀ ကျော်လုံးကို ထိုင်ဝမ်၊ ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့က နာမည်ကျော် သီချင်းရေးစပ်သူတွေက ရေးစပ်ပေးထားတာ ဖြစ်တဲ့အတွက် သီချင်းအရည်အသွေးပိုင်းကို စိတ်ချလို့ရပါတယ်။ ဒါ့အပြင် Deemo မှာ အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းလည်း ပါဝင်သေးတဲ့အတွက် သီချင်းတီးခတ်ရုံတင်မကဘဲ အဆိုပါဇာတ်လမ်းကိုပါ ခံစားလို့ရဦးမှာ ဖြစ်ပါတယ်။

 .         

 

VOEZ

Developer    : Rayark International Limited

Platform       : Android, iOS

Price             : Free

VOEZ ဟာ ဒီဆောင်းပါးမှာ တတိယမြောက်ဖော်ပြခြင်းခံရတဲ့ Rayark ကုမ္ပဏီရဲ့ ဂိမ်းဖြစ်ပါတယ်။ VOEZ ရဲ့ အခြားဂိမ်းတွေနဲ့ မတူတဲ့အချက်ကတော့ သူ့ရဲ့ Minimalistic ဆန်ဆန် Interface နဲ့ နွေးထွေးတဲ့ အရောင်တွေကို ရွေးချယ်သုံးစွဲထားမှု ဖြစ်ပါတယ်။ ပြီးတော့ ဂိမ်းဆော့တဲ့အချိန်မှာ အနောက်က ဒေါင်လိုက်အတန်းလေးတွေက ဘယ်ညာပြေးကစားနေပြီး သီချင်း Note တွေကပါ အဲဒါနဲ့အတူ လိုက်ရွေ့နေမှာဖြစ်တဲ့အတွက် ကစားရတာ ပိုပြီးအသက်ဝင်စေပါတယ်။ လက်ရှိအချိန်မှာ Free နဲ့ Paid သီချင်းပေါင်း ၁၆၀ ကျော်ကို တီးခတ်ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

 .         

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password