
ကျွန်တော်တို့တွေ ဂိမ်းတွေဆော့ကြပါတယ်.. PC ဆိုလည်း PC, Console ဆိုလည်း Console, Mobile ဆိုလည်း Mobile ပေါ့။ ဒါပေမယ့် ကျွန်တော်တို့တွေ ဂိမ်းတွေအပေါ်မှာ သုံးလိုက်တဲ့ပိုက်ဆံတွေက ဘယ်သူတွေလက်ထဲကို ရောက်သွားသလဲဆိုတာကိုတော့ တော်ရုံနဲ့ မစဉ်းစားဖြစ်ကြပါဘူး။ ဒီအကြောင်းနဲ့ပတ်သက်ပြီး စျေးကွက်စောင့်ကြည့်လေ့လာရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Newzoo က ၂၀၁၇ ခုနှစ်ရဲ့ ကမ္ဘာ့ဂိမ်းစျေးကွက်ကို လေ့လာပြီး ဝင်ငွေအရရှိဆုံး ကုမ္ပဏီ ၂၅ ခုကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။
Newzoo ရဲ့ပြောကြားချက်အရဆိုရင် ၂၀၁၇ ခုနှစ်ရဲ့ ကမ္ဘာ့ဂိမ်းစျေးကွက်ဟာ အမေရိကန်ဒေါ်လာ ၁၂၁.၇ ဘီလျံတန်ဖိုးရှိနေခဲ့ပါတယ်။ အဲဒါရဲ့ ၇၇% ဖြစ်တဲ့ ၉၄.၁ ဘီလျံကတော့ ထိပ်ဆုံးမှာရှိနေတဲ့ ကုမ္ပဏီ ၂၅ ရဲ့ စုစုပေါင်းဝင်ငွေဖြစ်နေခဲ့ပါတယ်။ ဒီအချက်ကိုကြည့်ခြင်းအားဖြင့် အဲဒီကုမ္ပဏီ ၂၅ ခုက ဂိမ်းလောကကို ဘယ်လောက်တောင် လက်ဝါးကြီးအုပ်ထားနိုင်တယ်ဆိုတာကို သိရှိနိုင်မှာပဲဖြစ်ပါတယ်။ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတာတစ်ချက်က PC-Console-Mobile သုံးခုမှာ Mobile စျေးကွက်က အကြီးမားဆုံးဖြစ်နေခဲ့တာပါပဲ။ အဲဒီကုမ္ပဏီ ၂၅ ခုထဲက ထက်ဝက်ကျော်ဖြစ်တဲ့ ၁၃ ခုဟာ သူတို့ရဲ့ဝင်ငွေအများစုကို Mobile Gaming ကနေ ရရှိခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Console က ဒုတိယနေရာမှာ လိုက်နေပြီး PC ကတော့ Market Share အနည်းဆုံးဖြစ်နေတာကို တွေ့ရမှာပါ။
ကဲ.. ဘယ်သူတွေက Gaming Market ရဲ့ထိပ်မှာ ရောက်နေကြတာလဲ.. အောက်မှာဆက်ကြည့်လိုက်ရအောင်ပါ…
ထိပ်ဆုံးမှာရှိနေတာကတော့ တရုတ်နိုင်ငံက Gaming Giant ကြီး Tencent ဖြစ်ပါတယ်။ Tencent ဟာ ဒီစာရင်းမှာ ၅ နှစ်ဆက်တိုက် နံပါတ် ၁ နေရာကို ရရှိထားခြင်းလည်း ဖြစ်ပါတယ်။ Tencent ကတော့ အခြားသူမဟုတ်ပါဘူး.. Mobile ဖက်မှာဆိုရင် PUBG ကို Mobile ပေါ်သယ်လာပေးခဲ့သူပါ။ ပြီးတော့ League of Legends ရဲ့ဖန်တီးရှင် Riot Games နဲ့ Clash of Clan ဖန်တီးရှင် Supercell တို့အပါအဝင် အထင်ကရ Game Stuido ပေါင်းများစွာကို ဝယ်ယူထားသူလည်းဖြစ်ပါတယ်။ အဲဒီတော့ သူက ထိပ်ဆုံးမှာရှိနေတာ မဆန်းလှဘူးလို့တောင် ပြောလို့ရပါတယ်။ အဲဒီနောက်မှာတော့ Sony, Apple, Microsoft နဲ့ Activision Blizzard တို့က မတိမ်းမယိမ်းလေးတွေနဲ့ ကပ်လိုက်နေကြတာကို တွေ့ရမှာပါ။
ဒီကိန်းဂဏန်းတွေကိုကြည့်မယ်ဆိုရင် ရှိရှိသမျှ Developer အားလုံး ဘာကြောင့် Mobile မှ Mobile ဖြစ်နေပြီး ရှိသမျှဂိမ်းအကုန်လုံးကို Mobile ဖက် Port နေကြသလဲဆိုတာ မြင်သာစေပါတယ်။ ပြီးတော့ Mobile ဂိမ်းတွေ ပိုအလုပ်ဖြစ်လေ App Store နဲ့ Playstore ပိုင်ရှင်တွေဖြစ်တဲ့ Apple နဲ့ Google တို့က ပိုကြိုက်လေပါပဲ။ အဲဒီတော့ လာမယ့်နှစ်တွေမှာ ထိပ်နားကကုမ္ပဏီတွေအားလုံး ဒီထက်မက ပိုမိုကြီးထွားလာဖို့ပဲရှိပါတယ်။
တစ်လက်စတည်း စိတ်ဝင်စားဖို့ကောင်းတာ နောက်တစ်ချက်ကို ဖော်ပြပေးသွားချင်ပါတယ်။ ကမ္ဘာပေါ်မှာ ဘယ်သူတွေက Mobile Game အတွက် ပိုက်ဆံအသုံးဆုံးလဲ???
အဲဒါရဲ့အဖြေကတော့ ဝေးဝေးလံလံတောင် လိုက်စဉ်းစားစရာမလိုပါဘူး။ Gacha ဂိမ်းမှာ Waifu ရဖို့ ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကိုတောင် ရဲရဲကြီးဖြတ်ကျော်ကြတဲ့ ဂျပန်နိုင်ငံက Gamer တွေဖြစ်ကြပါတယ်။ အဲဒီတော့ ဂျပန်ဂိမ်းကုမ္ပဏီတွေရဲ့ ဝင်ငွေက အော်တိုကို တိုးသွားပါတော့တယ်။ ဘယ်လောက်တောင်လဲဆိုရင် Konami တို့၊ Square Enix တို့၊ Bandai Namco တို့ဆိုရင် Mobile ကရတဲ့ဝင်ငွေက သူတို့ရဲ့ Console Platform ကရတဲ့ဝင်ငွေကို ကျော်တက်သွားခဲ့ပြီဖြစ်ပါတယ်။