စွန့်စားရှာဖွေခြင်း ဆိုတဲ့အရသာကို အပြည့်အဝပေးမယ့် The Trail

မြို့ပြရဲ့ မွန်းကျပ်မှုကနေ ခဏတာ လွတ်မြောက်ချင်တဲ့ ဆန္ဒကတော့ လူတိုင်းလိုလိုမှာ အနည်းနဲ့အများ ရှိကြပါတယ်။ တစ်ချို့တွေကတော့ ကမ်းခြေတွေသွားမယ်။ တစ်ချို့တွေကတော့ အဝေးပြေးလမ်းမကြီးပေါ်မှာ ကားမောင်းထွက်လိုက်မယ်။ တစ်ချို့တွေကတော့ ကျောပိုးအိတ်တစ်လုံးနဲ့ တောထဲတောင်ထဲမှာ လမ်းလျှောက်သွားလိုက်မယ်။ အခုမိတ်ဆက်ပေးချင်တဲ့ဂိမ်းလေးကတော့ တောထဲတောင်ထဲ စွန့်စားသွား လာလိုတဲ့ ကိုကိုမမ တွေအတွက် ဖြစ်ပါတယ်။ ဒီဂိမ်းလေးကတော့ Backpacking လုပ်ရတဲ့ အရသာကို အပြည့်အဝပေးစွမ်းနိုင်မယ့် ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ ဂိမ်းလေးရဲ့နာမည်ကတော့ The Trail လို့ ခေါ်ပါတယ်။

 .         

The Trail မှာ သင်ဟာ ခြေဗလာ အိတ်တစ်လုံးဘဝနဲ့ စရမှာပါ။ သင့်ရဲ့ ဦးတည်ရာကတော့ Eden Falls ဆိုတဲ့ မြို့လေးကိုပဲဖြစ်ပါတယ်။ ဘာသယ်ယူပို့ဆောင်ရေးမှမရှိတဲ့ ဒီနေရာမှာတော့ Eden Falls ကိုရောက်ဖို့အတွက် သင့်ခြေထောက်ကိုပဲ အားကိုးရမှာပါ။ လမ်းလျှောက်ရင်းနဲ့ သင်ဟာ ခရီးဆက်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ပြုလုပ်ရပါမယ်။ ဥပမာ လမ်းဝေးဝေးလျှောက်နိုင်အောင် ဖိနပ်လုပ်ရပါမယ်။ အဲဒီပစ္စည်းတွေလုပ်ဖို့အတွက် လမ်းဘေးဝဲယာကနေ ကုန်ကြမ်းတွေကို ကောက်ယူစုဆောင်းရမှာဖြစ်ပါတယ်။ ကုန်ကြမ်းကလည်း အမျိုးမျိုးရှိပါသေးတယ်။ လမ်းဘေးကနေ ဒီတိုင်းကောက်လို့ရတဲ့ ကျောက်တုံးတွေ အသီးတွေကနေ အမဲလိုက်ပြီးရတဲ့ အသားတွေအထိ ပါဝင်ပါတယ်။ ပစ္စည်းတွေကို ကိုယ်တိုင်အသုံးချရုံသာမက သူများတွေကိုပါ ရောင်းချပြီး ပိုက်ဆံရှာနိုင်ပါသေးတယ်။ ဒီလိုနဲ့ ခရီးဆက်ပြီး Eden Falls ကိုရောက်တဲ့အချိန်မှာတော့ အိမ်ဝယ်ပြီး အခြေချ နေထိုင်နိုင်ပါပြီ။ အိမ်ဝယ်ပြီးနောက်ပိုင်းမှာတော့ မိမိရဲ့မြို့ကို သူများမြို့တွေထက်သာအောင် တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ The Trail ဟာ နယ်မြေသစ်ကို စူးစမ်းရှာဖွေတာတွေ၊ ပစ္စည်းစုဆောင်းတာတွေ၊ ပစ္စည်းပြုလုပ်တာတွေ၊ ကုန်သွယ်တာတွေ ၊ မြို့တည်တာတွေကို ပေါင်းစပ်ထားတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။

 .         

လမ်းလျှောက်တဲ့နေရာမှာတော့ ပြေးချင်တိုင်းလည်း ပြေးလို့မရပါဘူး။ Stamina ပါဝင်ပြီး မြန်မြန်ပြေးလေလေ stamina မြန်မြန်ကုန်လေပဲ ဖြစ်ပါတယ်။ အသုံးအဆောင် ကောင်းကောင်းတွေ ဝတ်ဆင်ပြီး stamina တိုးအောင် လုပ်လို့ရပေမယ့် stamina ကုန်ရင်တော့ သင့်ဇာတ်ကောင်က မေ့လဲသွားမှာဖြစ်ပြီး သင့်အိတ်ထဲမှာရှိတဲ့ပစ္စည်းတွေကို တခြား လမ်းသွားလမ်းလာတွေက ခိုးယူသွားလို့ရပါတယ်။ အဲဒီတော့ သင့် stamina နဲ့ အမြန်နှုန်းကို ချင့်ချိန်ပြီး မနှေးမမြန်လေး သွားရမှာပါ။ နောက်နေရာတစ်ခုကို ရောက်ဖို့ အကြာကြီးသွားရလို့ ပျင်းစရာကြီးလို့မထင်လိုက်ပါနဲ့။ အလွန်လှပတဲ့ ပတ်ဝန်းကျင်နဲ့ သာယာတဲ့ နောက်ခံသီချင်းတို့က သင့်ကိုအဖော်ပြုကြမှာပါ။ တစ်ချို့နေရာတွေဆို ပတ်ဝန်းကျင်က လှလွန်းလို့ တမင်ကို ခဏရပ်ပြီး ငေးကြည့်မိပါလိမ့်မယ်။ ဒါဟာ The Trail ရဲ့ အနှစ်သာရပဲ ဖြစ်ပါတယ်။

The Trail ကို Android ရော iOS မှာပါ အခမဲ့ ရယူဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ ဆန္ဒရှိတယ်ဆိုရင်တော့ ပိုက်ဆံနဲ့ အစွမ်းထက်တဲ့ အသုံးအဆောင်တွေကို ဝယ်ယူပြီး သင့်ခရီးကြမ်းကို လွယ်ကူအောင် ပြုလုပ်နိုင်ပါသေးတယ်။ ပိုက်ဆံသုံးသည်ဖြစ်စေ မသုံးသည်ဖြစ်စေ The Trail ကတော့ ကစားသူကို ထူးခြားတဲ့ အတွေ့အကြုံကို ပေးစွမ်းမှာပါ။ ဒီဂိမ်းဆော့ပြီ trekking ကို ဝါသနာပါရင်လည်း ပါသွားနိုင်ပါတယ်။ ဒါကြောင့် The Trail ဟာ စိတ်လွတ်ကိုယ်လွတ်နဲ့ သဘာဝရဲ့ အလှတရားကို တစ်စိမ့်စိမ့် ခံစားလိုတဲ့သူတွေအတွက်တော့ ကွက်တိပဲ ဖြစ်ပါတယ်။ ဒီလိုဂိမ်းအမျိုးအစားကို ရှာဖွေနေသူတွေအတွက်တော့ The Trail ဟာ စမ်းသပ်ကြည့်သင့်တဲ့ ဂိမ်းကောင်းတစ်ခုဖြစ်တာမို့ စမ်းဖြစ်အောင် စမ်းကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Image Sources:

http://22cans.com

https://itunes.apple.com/us/app/the-trail/id1147002179?mt=8

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password