ထူးခြားတဲ့ combat ဒီဇိုင်းနဲ့ RPG ဂိမ်း Terra Battle

Sakaguchi Hironobu ဟာ Square Enix က ထွက်လာခဲ့တာ ကြာပြီဖြစ်ပေမယ့် ယခုအချိန်ထိ သူ့ကို သူ့ရဲ့လက်ရာတွေဖြစ်တဲ့ Final Fantasy series နဲ့ တွဲပြီး အမှတ်ရနေကြတုန်းပါ။ Square Enix က ထွက်လာပြီးနောက် Mistwalker ဆိုတဲ့ ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး ဂိမ်းတွေဆက်လက် ထုတ်လုပ်နေခဲ့ပါတယ်။ Terra Battle ကတော့ သူရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ လက်ရာတစ်ခု ဖြစ်ပါတယ်။

Terra Battle ဟာ Puzzle RPG ဂိမ်းတစ်ခုဖြစ်ပါတယ်။ တိုက်ပွဲတွေအားလုံးကို 8×6 အရွယ်အစားရှိတဲ့ ဇယားကွက်ပေါ်မှာပဲ ဆင်နွှဲရမှာပါ။ Fancy ဖြစ်တဲ့ spell animation တွေကို နှစ်သက်သူတွေ နည်းနည်းအင်တင်တင် ဖြစ်သွားမယ်ထင်ပါတယ်။ ကောက်ချက်ချ မစောပါနဲ့ဦး။ ဘာကြောင့်လည်းဆိုတော့ Terra Battle ရဲ့ အနှစ်သာရက သူ့ရဲ့ combat system မှာရှိတာဖြစ်လို့ပါ။

ကစားသူဟာ တိုက်ပွဲထဲကို unit စုစုပေါင်း ၆ ယောက် ခေါ်ဆောင်သွားလို့ရမှာပါ။ ကစားပုံကစားနည်းကတော့ ကစားသူဟာ ရန်သူကို မိမိ unit ၂ ယောက်ကြားရောက်အောင် နေရာလိုက်ချပေးရမှာ ဖြစ်ပါတယ်။ တကယ်လို့ ချနေတဲ့ unit ၂ ယောက်နဲ့ Vertical သို့မဟုတ် Horizontal အနေအထားမှာ အခြား unit တွေရှိနေရင် combo ထွက်ပါတယ်။ ဒီဂိမ်းမှာ combo ဟာ အသက်ပါပဲ။ Unit များများကို combo တွဲနိုင်လေလေ damage ထွက်လေလေပဲ ဖြစ်ပါတယ်။

ဒါဆိုရင် ကိုယ့်အလှည့်ရောက်ရင် ရှိသမျှ unit အားလုံးကို အတန်းလိုက်ကြီးဖြစ်နေအောင် ရွှေ့လိုက်မှာပေါ့လို့ စဉ်းစားနေတယ်ဆိုရင် သင့်အကြံ အောင်မြင်မှာ မဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ တစ်ကြိမ်မှာ unit တစ်ယောက်ကိုပဲ ရွေးချယ်ပြီး ရွှေ့လို့ရမှာ မို့လို့ပါ။ ဒါကြောင့် အကွက်တွေ ကြိုမြင်ပြီး မိမိ unit တွေကို နေရာကြိုချတာတို့၊ combo အများဆုံးထွက်မယ့်နေရာကို တွက်ချက်တာတို့ စတာတွေကို လုပ်နိုင်မှ တိုက်ပွဲတွေကို လွယ်လွယ်ကူကူ အောင်နိုင်မှာ ဖြစ်ပါတယ်။ တစ်ခုရှိတာက ရန်သူတွေက သင်ကြိုးစားပန်းစား အကွက်ချပြင်ဆင်ထားတာတွေကို ပျက်သွားအောင် သူတို့ရဲ့ ability တွေသုံးပြီး နှောင့်ယှက်ဦးမှာဖြစ်လို့ ဖြစ်ပေါ်လာတဲ့ အခြေအနေအရ strategy တွေ လိုက်ပြောင်းဖို့ လိုအပ်ပါသေးတယ်။

Terra Battle ရဲ့ တိုက်ပွဲစနစ်ကို အကျွမ်းဝင်သွားပြီဆိုရင်တော့ ကစားပြီးရင်း ကစားချင်အောင် ဆွဲဆောင်ထားမှာ ဖြစ်ပါတယ်။ ဂိမ်းရဲ့ အခြား aspect တွေဖြစ်တဲ့ ဇာတ်လမ်း၊ character စတာတွေကို မစဉ်းစားရင်တောင် combat စနစ် တစ်ခုတည်းနဲ့တင် ဒီဂိမ်းဟာ ဆော့ကစားကြည့်သင့်တဲ့ ဂိမ်းစာရင်းထဲမှာ ပါဝင်ပါတယ်။ Free-to-Play ဂိမ်းဖြစ်တာမို့ လွယ်လွယ်ကူကူ ရယူဆော့ကစားနိုင်ဦးမှာပါ။ Terra Battle ကို ဆော့ပြီးရင် JRPG ဆိုတာကို ကမ္ဘာကသိအောင် လုပ်ခဲ့တဲ့ ဂုရုကြီးကတော့ လက်စွမ်းထက်နေဆဲပဲဆိုတာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Media sources:

https://www.youtube.com/channel/UCGCzM_LPGQMZqsyY4gFJQTg

https://itunes.apple.com/us/app/terra-battle/id888628623?mt=8

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password