News

“စာမေးပွဲမှာအဆင့်ကောင်းရင် ဂိမ်းပိုဆော့ရမယ်” ဆိုတဲ့ Tencent ရဲ့ Digital Contracts အစီအစဉ်

တရုတ်နိုင်ငံက IT Giant ကြီး Tencent ကတော့ အရမ်းဝေဖန်ခံနေရတဲ့ သူ့ရဲ့ Mobile Game တွေနဲ့ပတ်သက်ပြီး အဆင်ပြေရာပြေကြောင်းနည်းလမ်းတွေ အမြဲလိုလိုရှာဖွေနေတာ အခုလည်း ‘Digital Contracts’ ဆိုတာကိုမိတ်ဆက်ပေးလာပါတယ်။ ဒီ ‘Digital Contracts’ အားဖြင့် ကလေးငယ်တွေနဲ့ မိဘတွေကြားမှာ နားလည်မှုတစ်ခု တည်ဆောက်ပေးနိုင်ဖို့ ရည်ရွယ်လာတာဖြစ်ပြီး သူ့ရဲ့ဂိမ်းတွေ၊ အထူးသဖြင့် Honor of Kings ရဲ့ Public Image ကို အဖတ်ဆည်ဖို့ကြိုးစားလာတာလည်းဖြစ်ပါတယ်။

Tencent ရဲ့ဂိမ်းတစ်ခုဖြစ်တဲ့ Honor of Kings ဟာ ကစားသူပေါင်း သန်း ၂၀၀ ရှိတဲ့ အရမ်းကိုနာမည်ကြီးတဲ့ MOBA ဂိမ်းတစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက တရုတ်အမျိုးသမီးတစ်ယောက် ဂိမ်းတအားဆော့လွန်းလို့ မျက်စိတစ်ဖက်မှာ အမြင်အာရုံဆုံးရှုံးသွားရတယ်ဆိုတဲ့သတင်းကိုကြားမိပါသလား… ဟုတ်ပါတယ်၊ အဲဒါက Honor of Kings ကြောင့်ပါတဲ့။ ဒါ့အပြင် ကလေးလူကြီးမရွေး နေ့မအားညမနား အသည်းအသန်ဆော့ကြပြီး အလုပ်အကိုင်ပျက်ရတဲ့အထိဖြစ်လာလို့ နိုင်ငံပိုင်မီဒီယာကနေတစ်ဆင့် “HoK က လူတွေအတွက် အဆိပ်တစ်ခွက်ပါ” ဆိုပြီးတောင် ဝေဖန်ခြင်းခံခဲ့ရပါတယ်။ အဲဒါကြောင့်လည်း အသက် ၁၂ အောက်ကလေးငယ်တွေကို တစ်နေ့ ၁ နာရီနှုန်း၊ အသက် ၁၂-၁၈ နှစ်လူငယ်တွေကို တစ်နေ့ ၂ နာရီနှုန်း အစရှိပြီး ကစားချိန်တွေကန့်သတ်ခဲ့ပေမယ့် ထင်ထားသလောက် ထိရောက်ခြင်းမရှိခဲ့ပါဘူး.. ကစားသူတွေက အကောင့် ၂ ခု ၃ ခုနဲ့ကစားနေကြတာပါပဲ။

အဲဒါကြောင့်လည်း Tencent က အပေါ်မှာပြောခဲ့တဲ့ ‘Digital Contracts’ ကို မိတ်ဆက်ပေးလာတာပဲဖြစ်ပါတယ်။ ဒီစနစ်အရဆိုရင် ကလေးငယ်တွေနဲ့ မိဘတွေကြားမှာ သဘောတူညီချက်တစ်ရပ် ထားရှိနိုင်မှာဖြစ်ပြီး ကလေးငယ်တွေဟာ အိမ်မှုကိစ္စတွေလုပ်ပြီးဖြစ်စေ၊ စာမေးပွဲမှာ အမှတ်ကောင်းကောင်းရယူပြီးဖြစ်စေ မိဘတွေဆီကနေ ပုံမှန်ထက်ဂိမ်းပိုဆော့ခွင့်ကို ရရှိနိုင်မှာဖြစ်ပါတယ်။ အလွယ်ပြောမယ်ဆိုရင် Game Time ဝယ်ခွင့်ပေးလိုက်တာပဲဖြစ်ပါတယ်။ ဒါ့အပြင် မိဘတွေက ခိုင်းတုန်းကခိုင်းပြီး ဂိမ်းဆော့ခွင့်မပေးတာမျိုးမလုပ်ရလေအောင် Contract ရေးထိုးတဲ့အခါ ကလေးတွေဖက်က သူ့တို့ရဲ့သူငယ်ချင်းတွေကို အသိသက်သေအနေနဲ့ ခေါ်ဆောင်ခွင့်ရှိဦးမယ်လို့ဆိုထားပါသေးတယ်။

Tencent ကတော့ သူ့ရဲ့ Cash Cow ကိုကာကွယ်ဖို့ အသည်းအသန်ကို ကြိုးစားနေပါတယ်။ ဒီ ‘Digital Contracts’ အစီအစဉ် တကယ်ထိရောက်မထိရောက်ဆိုတာကတော့ အချိန်ကအဖြေပေးမှာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအနေနဲ့ ဒီ Honor of Kings က ဘယ်လောက်တောင်ကောင်းလို့ ဒီလောက်ဖြစ်ပျက်နေရတာလည်းဆိုတာကို သိချင်ရင်တော့ သူ့ရဲ့ English Version ဖြစ်တဲ့ Arena of Valor ကို ဆော့ကစားကြည့်နိုင်ပါတယ်။ Arena of Valor ကို Android ရော iOS မှာပါ ရယူဆော့ကစားနိုင်ပါတယ်။

Ref: WSJ

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password