Console ပေါ်မှာ ဆော့နေသလို ခံစားမှုမျိုးပေးမယ့် RPG ဂိမ်း Tales of the Rays

ဒီတစ်ခါတော့ လောလောလတ်လတ် ထွက်ရှိထားတဲ့ Tales of the Rays လို့နာမည်ရတဲ့  RPG ဂိမ်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တစ်ချို့သူတွေ စိတ်ထဲမှာ တစ်ခုခု တွေးမိကြမယ်ထင်တယ်။ ဟုတ်ပါတယ်။ Tales of the Rays ဟာ ဂျပန်နိုင်ငံမှ Bandai Namco ရဲ့ နာမည်ကျော် “Tales of” series ရဲ့ နောက်ဆုံးထွက် ဂိမ်းတစ်ခုဖြစ်ပါတယ်။ Bandai Namco က Tales of the Rays ကို ကြော်ငြာရာမှာ ‘A console quality Tales Game in your hand’ ဆိုပြီး ကြော်ငြာထားပါတယ်။ မြင်မြင်ချင်းမှာတော့ ကြော်ငြာထားတဲ့အတိုင်း ဖြစ်ရော ဖြစ်နိုင်ရဲ့လားလို့ တွေးချင်စရာပါပဲ။

ဂိမ်းရဲ့ ဇာတ်လမ်းကတော့ Ix နဲ့ Mileena တို့ဟာ Odanse ဆိုတဲ့ ရွာမှာ နေထိုင်ကြတဲ့ သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။ သူတို့တွေဟာ mirrage လက်နက်တွေကို အသုံးပြုနိုင်တဲ့ mirrist ပညာရှင်တွေ ဖြစ်ကြပါတယ်။ တစ်နေ့မှာတော့ သူတို့ရွာဟာ ကောင်းကင်ကနေ ကျလာတဲ့ ဥက္ကာခဲတွေကြောင့် ပျက်စီးသွားပါတယ်။ သူတို့နှစ်ယောက်ဟာ ဒီအကြောင်းကို ဘုရင်ကြီးထံ သံတော်ဦးတင်ဖို့အတွက် မြို့တော်ဆီကို ခရီးနှင်ခဲ့ကြပါတယ်။ မြို့တော်ကို ရောက်တဲ့အခါမှာတော့ သူတို့ရွာပျက်စီးသွားရတဲ့ အကြောင်းအရင်း အပါအဝင် ကမ္ဘာကြီး မကြာမှီ ပျက်စီးသွားတော့မယ်ဆိုတဲ့ အကြောင်းကိုပါ သိရှိလိုက်ရပါတယ်။ ကမ္ဘာကြီးကို ကယ်တင်ဖို့ mirrist ပညာရှင်တွေကသာ တတ်နိုင်တဲ့အတွက် Ix နဲ့ Mileena တို့ဟာ ဒီတာဝန်ကို လက်ခံရယူပြီး လူသားတွေကို ကယ်တင်မယ့် ခရီးကြမ်းကြီးကို စတင်လိုက်ကြပါတော့တယ်။

Tales of the Rays ဟာ console ပေါ်က Tales ဂိမ်းတွေရဲ့ အရသာကို mobile ပေါ်မှာ ရအောင် ဖန်တီးထားတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ Tales series ရဲ့ ထင်ရှားတဲ့အချက်တစ်ခုဖြစ်တဲ့ Linear Motion Battle System ကို mobile platform မှာ ရအောင် ဖန်တီးထည့်သွင်းထားတာကိုတော့ တစ်ကယ်ကို နှစ်သက်မိပါတယ်။ ဖုန်းမျက်နှာပြင်ရဲ့ ဘယ်ဖက်အခြမ်းမှာရှိတဲ့ virtual joystick ကို အသုံးပြုပြီး မိမိရဲ့ ဇာတ်ကောင်ရဲ့ ရွှေ့လျားမှုကို ထိန်းချုပ်နိုင်မှာ ဖြစ်ပြီး ညာဖက်အခြမ်းကို ပုံမှန်တိုက်ခိုက်မှုနဲ့ အထူး ability တွေကို ထိန်းချုပ်ရာမှာ အသုံးပြုရမှာ ဖြစ်ပါတယ်။ ပြီးတော့ dungeon ထဲနဲ့ တိုက်ပွဲတွေထဲ ရောက်ရင်လည်း မိမိ character ကို ကိုယ်တိုင်ထိန်းချုပ်ရမှာ ဖြစ်တဲ့အတွက် console ပေါ်က JRPG ဂိမ်းအရသာကို အပြည့်အဝ ရရှိစေမှာပါ။

Tales of the Rays ဂိမ်းထဲမှာ အခြားသော Tales ဂိမ်းတွေထဲက ဇာတ်ကောင်တွေလည်း တစ်ဖန် ပါဝင်လာကြပါတယ်။ ဥပမာ Tales of Vesperia ထဲက Yuri Lowell နဲ့  Repede ၊ Tales of Abyss ထဲက Luke Fon Fabre ၊ Tales of Zestiria ထဲက Sorey တို့ကိုလည်း ရယူ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ ဒီအချက်ဟာ Tales ဂိမ်း ပရိသတ်တွေအတွက်ကတော့ တကယ် စိတ်ကျေနပ်စရာပါပဲ။ ဒါ့အပြင် ဂိမ်းထဲမှာ ပါဝင်တဲ့ cut-scenes တွေဟာဆိုရင်လည်း အသံသရုပ်ဆောင်နဲ့တကွ သေသေချာချာ ရေးဆွဲထားတာမို့  mobile ဂိမ်းဆော့နေရတယ်ဆိုတာကိုတောင် မေ့ချင်မေ့သွားနိုင်ပါတယ်။ ထုတ်လုပ်မှု အရည်အသွေးပိုင်းနဲ့ ပတ်သက်ပြီးတော့ ဝေဖန်စရာ သိပ်မရှိလောက်အောင်ကို Tales of the Rays က ကောင်းမွန်ပါတယ်။

တစ်ခုရှိတာကတော့ အလကားပေးဆော့တဲ့ mobile ဂိမ်းတွေ ထုံးစံအတိုင်း ဇာတ်ကောင် နဲ့ လက်နက်တွေကို gacha စနစ်ကနေ ကံစမ်းပြီး ရယူရမှာဖြစ်ပါတယ်။ အဲဒီတော့ console ပေါ်မှာလို အချိန်ပေးပြီး ကြိုးစားနိုင်ရုံနဲ့ ရရှိမှာမဟုတ်ပါဘူး။ Gacha မှာအသုံးပြုဖို့အတွက် in-game currency ဖြစ်တဲ့ Mirrogems ကို ဂိမ်းဆော့ကစားရင်းကနေ ရရှိနိင်ပေမယ့် အများသိတဲ့အတိုင်း အလကားရတဲ့ gem တွေက အကန့်အသတ်နဲ့ဖြစ်တဲ့အတွက် ဂိမ်းထဲမှာ ပါဝင်သမျှ ဇာတ်ကောင်တွေကို စုဆောင်းလိုသူတွေဖို့ ပိုက်ဆံ သုံးရဖို့များပါတယ်။ ဒီတစ်ချက်ကတော့ Tales ပရိသတ်တွေအတွက် အားမလို အားမရဖြစ်ချင်စရာပါပဲ။ ပိုက်ဆံပေးပြီး ဝယ်ရတဲ့ premium ဂိမ်းအနေနဲ့သာ ထုတ်ဝေခဲ့မယ်ဆိုရင် တော်တော်ကြီးကိုစိတ်ကျေနပ်ဖို့ ကောင်းမှာပါ။ ဒါပေမယ့် ဒီတစ်ချက်ကတော့ အပြစ်မရှိ အပြစ်ရှာပြောတာပဲ ဖြစ်ပါတယ်။

ထွက်ရှိတာ မကြာသေးတဲ့အတွက် improvement တွေ ဘယ်လိုလာမယ်ဆိုတာ မပြောတတ်သေးပေမယ့်  လက်ရှိအခြေအနေကကို တော်တော် စိတ်ကျေနပ်ဖို့ ကောင်းနေပြီဖြစ်ပါတယ်။ အချုပ် ပြောရမယ်ဆိုရင်တော့ Tales ပရိသတ် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ Tales of the Rays ဟာ classic JRPG အရသာကို mobile ပေါ်မှာ ခံစားလိုသူတွေအတွက် စမ်းသပ် ဆော့ကစားသင့်တဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်လို့ သတင်းကောင်းပါးလိုက်ရပါတယ်။

Image Source:

https://itunes.apple.com/us/app/tales-of-the-rays/id1249198189?mt=8

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password