News

ဂိမ်းအသစ်တစ်ခုမှမထုတ်ပဲ ဒေါ်လာ ၂ ဘီလျံဝင်ငွေရရှိခဲ့တဲ့ Supercell

Supercell က ၂၀၁၇ ခုနှစ်အတွင်းမှာ စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၂.၀၂၉ ဘီလျံရရှိခဲ့ပြီး အမြတ်ငွေက ဒေါ်လာသန်း ၈၁၀ ရှိခဲ့ပါတယ်။ အဲဒါကိုများပြီထင်ပါသလား.. ဒါဟာ ၂၀၁၆ ရဲ့ ၂.၃ ဘီလျံဝင်ငွေနဲ့ ၁ ဘီလျံအမြတ်ငွေထက် နည်းနေပါသေးတယ်။ ဒါပေမယ့် ၂၀၁၇ တစ်နှစ်လုံး ဂိမ်းအသစ်လုံးဝမထုတ်ပဲ ရှိပြီးသား title တွေကနေချည်း အဲဒီလောက်ဝင်ငွေရခဲ့တာဆိုတော့ တော်တော်ဆရာကျတယ်လို့တောင် ပြောလို့ရပါတယ်။ ပိုပြီးအထာကျတာက Supercell ရဲ့လက်ရှိ run နေတဲ့ဂိမ်းက Clash of Clans နဲ့ Clash Royale တို့အပါအဝင် စုစုပေါင်း ၄ ခုတည်းရှိတာပါ။ အဲဒီတော့ ဂိမ်းတစ်ခုတစ်ခုကို ဘယ်လောက်တောင်ဝင်ငွေရနေသလည်း မှန်းသာမှန်းကြည့်လိုက်ပါ။

Supercell ရဲ့ CEO ဖြစ်သူ Ilkka Paananen က ၂၀၁၇ ခုနှစ်ဟာ သူတို့အတွက် အလွန်ကောင်းမွန်တဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်လို့ ဆိုထားပါတယ်။ သူတို့ရဲ့ပထမဦးဆုံးဂိမ်းနှစ်ခုဖြစ်တဲ့ Clash of Clans နဲ့ Hay Day တို့ဟာ ၅ နှစ်မွေးနေ့ကို ဖြတ်ကျော်သွားခဲ့ပြီဖြစ်ပြီး ခုပေါ်တော်ကြာပျောက် အပြောင်းအလဲအရမ်းမြန်တဲ့ Mobile Gaming လောကမှာ ဒါဟာ တကယ်ကိုကောင်းမွန်တဲ့ အနေအထားတစ်ခုဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် Clash Royale ရဲ့ eSports Tournament တွေကိုလည်း အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး သူတို့ရဲ့ဂိမ်းအသစ် Brawl Stars ကိုလည်း Beta အဆင့်အထိထုတ်လုပ်နိုင်ခဲ့ပါတယ်လို့ ဆိုထားပါတယ်။ သူတို့အနေနဲ့ လူတွေ နှစ်ပေါင်းများစွာ ဆော့ကစားကြလောက်တဲ့အထိ ကောင်းမွန်တဲ့ဂိမ်းတွေကို ဆက်လက်ထုတ်လုပ်သွားနိုင်ဖို့ ရည်မှန်းထားပြီး အဲဒီရည်မှန်းချက်နဲ့ကိုက်ညီအောင် ကြိုးစားလုပ်ဆောင်နေပါတယ်လို့လည်း ပြောကြားထားခဲ့ပါတယ်။

Clash of Clans ရဲ့ ၂၀၁၇ တစ်နှစ်တာအတွက် Year in Review ကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။ CoC ထဲမှာ တစ်ရက်တစ်ရက် တိုက်ပွဲပေါင်း ဘယ်လောက်ဖြစ်ပွားသလဲ၊ နေ့စဉ် Town Hall ဘယ်နှလုံးပျက်စီးသလဲ စတဲ့စိတ်ဝင်စားဖွယ်အချက်အလက်လေးတွေကို ဖော်ပြပေးထားတဲ့အတွက် CoC ချစ်သူတွေ သဘောကျကြမယ်လို့ ယုံကြည်ပါတယ်။

Ref: VentureBeat

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: