ရယ်ရတာ အမောပါဆို့သွားစေနိုင်တဲ့ Local Co-Op ဂိမ်း Spaceteam

သူငယ်ချင်းတွေနဲ့စုပြီး LAN party လုပ်တယ်ဆိုတာ Gamer အတော်များများလုပ်ကြတဲ့ activity တစ်ခုပါ။ ဘယ်လောက်ပဲ အင်တာနက်တွေ ကောင်းလာပြီး Online Gaming ယဉ်ကျေးမှုက ထွန်းကားလာပါစေ LAN party ရဲ့အရသာကိုတော့ မမှီပါဘူး။ ဒါကြောင့်မို့ LAN party မှာ ကစားဖို့ ဂိမ်းကောင်းကောင်းရှာဖွေနေတဲ့ ဘော်ဒါတွေကို အလန်းစားဂိမ်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Spaceteam ဟာ Android နဲ့ iOS platform တွေမှာ ဆော့ကစားရမယ့် ဂိမ်းတစ်ခု ဖြစ်ပါတယ်။ Mobile ဂိမ်းဆိုပြီး အထင်မသေးသွားပါနဲ့။ PC ပေါ်က LAN ဂိမ်းတွေထက် ပိုပြီးပျော်ဖို့မကောင်းရင်တောင် မလျော့ပါဘူး။ Spaceteam မှာ ကစားသူတွေဟာ အနောက်ကလိုက်လာတဲ့ ကြယ်ကြီးဆီကနေ လွတ်အောင် မိမိတို့ရဲ့ အာကာသယာဉ်ကို မောင်းနှင်ထွက်ပြေးရမှာပါ။ တစ်ခုရှိတာက သင်တို့ဟာ စက်ပစ္စည်းတွေ ဟိုနားကထပျက်လိုက် ဒီနားကထပျက်လိုက် ဖြစ်နေတဲ့ တကယ့်ယာဉ်ပျံအစုတ်ကြီးကို ရွေးချယ်လာမိကြပါတယ်။ ဒါပေမယ့် အနောက်ကကြယ်ကြီးနဲ့တိုက်မိရင် သင်တို့အားလုံး ဇာတ်သိမ်းပြီမို့ ယာဉ်ပျံကို ပြန်သွားလဲဖို့အချိန်လည်းမရှိပါဘူး။ အဲဒါကြောင့် ယိုယွင်းနေတာတွေကို တောက်လျှောက်ပြုပြင်ပြီး အသက်လုပြေးကြရမှာပါ။

သင်နဲ့ သင့်သူငယ်ချင်းတွေဟာ ယာဉ်ပျံကြီးရဲ့ အစိတ်အပိုင်း တစ်ခုချင်းစီကို တာဝန်ယူပြီး ပြင်ဆင်ကြရမှာ ဖြစ်ပါတယ်။ ဂိမ်းစလိုက်တာနဲ့ ကစားသူ တစ်ယောက်ချင်းစီရဲ့ screen ပေါ်မှာ မတူညီတဲ့ Control Board တွေ ပေါ်လာမှာပါ။ ပြီးတာနဲ့ ယာဉ်ပျံကို ပြင်ဆင်ဖို့အတွက် ညွှန်ကြားချက်တွေက ဆက်တိုက်ပေါ်လာမှာ ဖြစ်ပါတယ်။ ညွှန်ကြားချက်တွေက ဟိုခလုပ်ကို နှိပ်လိုက်ပါ၊ ဒီမီတာကို ဘယ်လောက်ကို ပြောင်းပေးပါ အစရှိတာမျိုးကနေ သင့် device ကို လှုပ်ခါပေးပါ ဆိုတာမျိုးအထိ အမျိုးစုံပါဝင်ပါတယ်။ တစ်ခုရှိတာက ညွှန်ကြားချက်မှာ ဖော်ပြထားတဲ့ခလုပ်က သင့်ရဲ့ Control Board မှာ ပါဝင်ချင်မှ ပါဝင်မှာပါ။ ပါဝင်ခဲ့ရင်တော့ တစ်ခါတည်း ကိစ္စပြတ်သွားပေမယ့် မပါဝင်ရင်တော့ အဲဒီခလုပ်ရှိတဲ့သူကြားအောင် ညွှန်ကြားချက်ကို အော်ပြောပေးရမှာ ဖြစ်ပါတယ်။

 .          .         

ကစားနည်းက ရိုးရှင်းတယ်လို့ ခံစားရပါသလား။ ခဏစောင့်ပါဦး။ ပြောစရာနည်းနည်းကျန်ပါသေးတယ်။ ညွှန်ကြားချက်တွေက တစ်ကြိမ်ကို တစ်ခုထက်မက တစ်ပြိုင်တည်း လာမှာဖြစ်ပါတယ်။ ဒါ့အပြင် Control Board တွေမှာပါဝင်တဲ့ ခလုပ်တွေရဲ့ နာမည်တွေက အသံထွက်ပြီး ရွတ်ဖတ်ရခက်တဲ့ Technobabble တွေ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ဆိုရင် ဒီစကားလုံးတွေကို အသံထွက်ပြီး ရွတ်ဖတ်ကြည့်ပါ၊ Heliofulcrum ၊ Spectrosprocket ၊ Plectrostopper ၊ Cryptic Prototickler ။ အဲဒီလိုစကားလုံးတွေကို Timer မကုန်ခင် အသံထွက်မှန်မှန်နဲ့ အခြားသူနားလည်အောင် သင့်လို အော်ပြောနေတဲ့သူတွေကြားကနေ လုပြီးပြောရမှာ ဖြစ်ပါတယ်။ ပြီးတော့ Spaceteam ကို လူ ၈ ယောက်အထိ တစ်ပြိုင်တည်း ချိတ်ဆက်ပြီး ဆော့ကစားနိုင်ပါတယ်။ တကယ်လို့ သင့်ရဲ့ LAN party အဖွဲ့က ၈ ယောက်ရှိတယ်ဆိုရင်တော့ ဘယ်လောက်ဗြောင်းဆန်နေမယ်ဆိုတာ  မြင်သာ မြင်ယောင်ကြည့်လိုက်ပါ။

Spaceteam ကို ကစားဖို့ ချိတ်ဆက်တာကလည်း လွယ်ကူပါတယ်။ Device အားလုံးက Wifi Network တစ်ခုတည်းပေါ်မှာ ရှိနေရင် ချိတ်ဆက်လို့ရပါပြီ။ တကယ်လို့ Bluetooth နဲ့ချိတ်ဆက်ချင်တယ်ဆိုရင်လည်း ရပါတယ်။ တစ်ခုရှိတာက Bluetooth နဲ့ ချိတ်ဆက်မယ်ဆိုရင် ကစားသူအားလုံးက OS Platform တစ်ခုတည်းဖြစ်ရပါမယ်။ Android-to-Android နဲ့ iOS-to-iOS ပဲ ရမှာပါ။

အကောင်းဆုံးအချက်ကတော့ Spaceteam ဟာ Free-to-Play ဂိမ်းတစ်ခုဖြစ်တဲ့အတွက် သင်ရော သင့်သူငယ်ချင်းတွေအားလုံးပါ လွယ်လွယ်ကူကူ ရယူဆော့ကစားနိုင်မှာဖြစ်ပြီး ဂိမ်းမဝယ်ချင်လို့ ကျန်နေခဲ့တာမျိုး မရှိတော့ပါဘူး။ တကယ်လို့ သင်ဟာ LAN Party တွေမှာ ပါဝင်နေကျသူတစ်ယောက်ဖြစ်ရင် နောက်တစ်ကြိမ် Party ကျရင် ဒီဂိမ်းအကြောင်း သင့်သူငယ်ချင်းတွေကို ဝေမျှပေးလိုက်ပါ။ သူတို့တွေလည်း ကြိုက်နှစ်သက်ကြမယ်လို့ အာမခံပါတယ်။ ဘော်ဒါတွေရဲ့ တန်ဖိုးရှိတဲ့ LAN Party အချိန်တွေကို ရယ်မောသံတွေနဲ့ ဖြည့်စွက်ဖို့ Spaceteam က ကူညီပေးမှာ ဖြစ်ပါတယ်။

Image Source:

https://itunes.apple.com/us/app/spaceteam/id570510529?mt=8

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password