သင်သီချင်းတွေ ဘယ်လောက်သိလည်းဆိုတာ စမ်းသပ်မယ့် SongPop 2

ကိုယ်သီချင်းတွေ ဘယ်လောက်နားထောင်တာ ဆိုပြီး သူငယ်ချင်းတွေနဲ့တွေ့တိုင်း ကြွားခဲ့ရတဲ့အခိုက်အတန့် သီချင်းချစ်သူတိုင်းမှာ ရှိကြပါတယ်။ ကိုယ့်ရဲ့ သီချင်းအပုဒ်ရေ ရာထောင်ချီပြီးပါတဲ့ playlist ကြီးကို ကြည့်ပြီး ဂုဏ်ယူမိကြတာမျိုးလည်း ရှိကြပါတယ်။ အခုတော့ ကိုယ်နှစ်ရှည်လများ သီချင်းနားထောင်ရင်း ရလာတဲ့ ဗဟုသုတတွေကို အပြောနဲ့မဟုတ် အလုပ်နဲ့ သက်သေပြလို့ရမယ့် ဂိမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဂိမ်းလေးရဲ့ နာမည်ကတော့ SongPop 2 လို့ ခေါ်ပါတယ်။ သူကတော့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အခြား သီချင်းချစ်သူတွေနဲ့ ပြိုင်ဆိုင်ပြီး ဆော့ရမယ့် ဂိမ်းပဲ ဖြစ်ပါတယ်။

 .         

ဂိမ်းကစားပုံလေးကတော့ ရိုးရိုးရှင်းရှင်းပါပဲ။ သီချင်းတစ်ပုဒ်ဖွင့်ပြမယ်။ အောက်မှာ အဖြေ ၄ ခုပေါ်လာမယ်။ အဖြေမှန်ကို အရင်ဆုံးရွေးချယ်နိုင်တဲ့သူက အမှတ်များများရပြီးတော့ quiz session တစ်ခုပြီးသွားရင် အမှတ်အများဆုံးသူက အနိုင်ရတာ ဖြစ်ပါတယ်။  ပါဝင်တဲ့မေးခွန်းတွေကတော့ သီချင်းနာမည် ဖြစ်နိုင်သလို သီချင်းကို သီဆိုတဲ့ artist နာမည်လည်း ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ကစားသူ ၂ ဦးက 1 vs 1 ပုံစံနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် SongPop 2 မှာ Party ဆိုတဲ့ ကစားနည်းအသစ် ပါဝင်လာပါတယ်။ ဒီကစားနည်းမှာတော့ ကစားသူ ၅ ယောက် တစ်ပြိုင်တည်း ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ အဲဒီတော့ ကိုယ့်ထက် ပိုသိတဲ့သူတွေနဲ့တွေ့ဖို့ အခွင့်အလမ်း ပိုများသွားတဲ့အတွက် ကိုယ်ထိပ်ဆုံးရောက်ဖို့ဆိုတာ တော်တော်ခက်သွားပါတယ်။ နံပါတ်၁ ရခဲ့ရင်လည်း အင်မတန် ပျော်ဖို့ ကောင်းပါတယ်။

 .         

ပါဝင်တဲ့သီချင်းတွေကတော့ အစုံပါပဲ။ ၁၉၆၀ လောက်တုန်းက သီချင်းတွေကနေ စပြီးတော့ ယနေ့ခေတ်စားနေတဲ့ သီချင်းတွေအထိ အများကြီး ပါဝင်ပါတယ်။ ရှေးခေတ်သီချင်းတွေကတော့ ဘယ်လိုလုပ်သိမှာတုန်း လို့စိတ်ထဲမှာ တွေးမိကောင်းတွေးမိပါလိမ့်မယ်။ စိတ်မပူပါနဲ့။ မိမိအားသန်ရာ playlist တွေကို ရွေးချယ်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ မိမိကိုယ်ကိုယ် စိတ်မချလို့ ပွဲမဝင်ခင် အပြင်က ကျင်းပချင်လည်း ရပါတယ်။ Coin တစ်ခုပေးပြီး Bot နဲ့ လေ့ကျင့်နိုင်ပါသေးတယ်။ နောက်ပြီးတော့ သီချင်းတွေမှာ YouTube link ထည့်ပေးထားတော့ မိမိစိတ်ဝင်စားတဲ့သီချင်းကို တကူးတကွ သွားရှာစရာ မလိုပါဘူး။

SongPop 2 ကို Android ရော iOS မှာပါ အခမဲ့ ရယူဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ ကစားရတာ ပျော်ဖို့ကောင်းပေမယ့် Freemium ဂိမ်းတွေ ထုံးစံအတိုင်း ကန့်သတ်ချက်တွေတော့ ရှိပါတယ်။ Free ကစားသူတွေအတွက်ကတော့ playlist တွေကို ဝယ်ယူပြီးမှ ဆော့ကစားလို့ရမှာဖြစ်ပါတယ်။ ပြီးတော့ ထုံးစံအတိုင်း ကြော်ငြာတွေလည်း များပါတယ်။ တစ်လကို $4.99 နဲ့ subscribe လုပ်ထားရင်တော့ အဲဒီ ကန့်သတ်ချက်တွေမရှိတော့ပဲ မိမိစိတ်တိုင်းကျ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ တစ်ကြိမ်တည်းနဲ့ ဇာတ်လမ်းပြတ်သွားတာမျိုးမဟုတ်ပဲ လတိုင်းပေးနေရမှာမျိုးဆိုတော့ တန်မတန် ကိုယ်တိုင်သာ ချင့်ချိန်ကြည့်ကြပါလို့ အကြံပေးလိုပါတယ်။ ဘယ်လိုပြောပြော SongPop 2 ဟာ သီချင်းဝါသနာအိုးတွေအတွက် အလွန်ကောင်းတဲ့ဂိမ်းတစ်ခုဆိုတာ ငြင်းလို့မရပါဘူး။ အဲဒီတော့ မသိလိုက်ပဲ မဆော့ဖူး မရှိရလေအောင် လက်တို့ အသိပေးလိုက်ပါတယ်။

Image Sources:

https://www.facebook.com/SongPopGame/

https://itunes.apple.com/us/app/songpop-2-guess-the-song/id975364678?mt=8

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password