Reviews

ခရုလေးနေရာကနေဆော့ကစားရမယ့် Endless Runner ဂိမ်း Snail Ride

တစ်ခါတစ်လေ သစ်ကိုင်းတွေပေါ်မှာ ခရုလေးတွေတရွေ့ရွေ့သွားနေတာကိုမြင်ရင် အရမ်းနှေးတာပဲလို့တွေးမိကြမှာပါ။ အဲဒါက ကျွန်တော်တို့လူသားတွေရဲ့ရှုထောင့်ကနေကြည့်လို့ပါ။ ဒီဂိမ်းလေးမှာတော့ ခရုလေးတွေရဲ့ဘဝဟာ ထင်ထားသလောက်မနှေးဘဲ စိတ်လှုပ်ရှားဖွယ်တွေနဲ့အပြည့်ပဲဆိုတာကို ပြသသွားမှာဖြစ်ပါတယ်။

ဒါကတော့ သဘောအနေနဲ့ တင်စားပြောကြည့်တာပါ။ ဂိမ်းအကြောင်းဖက်ကိုသွားရအောင်ပါ။ ကျွန်တော်တို့တွေ Endless Runner ဂိမ်းမျိုးစုံကိုမြင်ဖူးကြပါတယ်။ တောတောင်တွေထဲမှာပြေးရတာတွေ၊ မြို့လယ်ကောင်မှာပြေးရတာတွေ၊ ကာတွန်းဇာတ်ကောင်တွေကိုအသုံးပြုထားတာတွေ အစရှိပြီး Runner ဂိမ်းမျိုးစုံက App Store ပေါ်မှာအပြည့်ပါပဲ။ ဒါပေမယ့် ဒီဂိမ်းလေးကတော့ ထူးထူးခြားခြား ခရုလေးတွေနေရာကနေဆော့ကစားရမှာဖြစ်ပါတယ်။

ဒီဂိမ်းထဲဝင်လိုက်တာနဲ့ အရင်ဆုံးသတိထားမိတာကတော့ သူ့ရဲ့ Graphic ဖြစ်ပါတယ်။ Quality ကောင်းမွန်တဲ့အပြင် တောက်ပစိုပြေတဲ့အရောင်တွေကိုအသုံးပြုထားတဲ့အတွက် ကြည့်ရှုလိုက်ရုံနဲ့ စိတ်အားတက်ကြွစေပါတယ်။ ဒါ့အပြင် Interface အရိုးရှင်းဆုံးဖြစ်အောင် ဖန်တီးထားတဲ့အတွက် ကြည့်ရတာတော်တော်မျက်စိရှင်းစေပါတယ်။ Gameplay ပိုင်းကလည်း ထိုနည်း၎င်းပါပဲ။ ဘာမှအပိုစာသားမှမပါဝင်ပဲ နွယ်ကြိုးပေါ်မှာသွားနေတဲ့ခရုလေးကို tap လုပ်လုပ်ပေးရုံပဲဖြစ်လို့ အင်မတန်ရိုးရှင်းပါတယ်။ သင့်တာဝန်က ခရုလေးကို နွယ်ကြိုးတစ်လျှောက်မှာရှိတဲ့ ဆူးညှောင့်တွေ၊ အခြားပိုးကောင်လေးတွေနဲ့မထိအောင် ထိန်းချုပ်ပေးရမှာဖြစ်ပါတယ်။

Minimalist ဆန်ဆန် Graphic နဲ့ ရိုးရှင်းတဲ့ Gameplay တို့ကိုပေါင်းစပ်ထားတာကြောင့် ဒီဂိမ်းဆော့ရတာ ပျင်းစရာကောင်းမယ်လို့ထင်ရင်တော့ အမှားကြီးမှားသွားမှာပါ။ ဒီဂိမ်းထဲက ခရုလေးတွေက Formula One ထဲက ပြိုင်ကားတွေနီးပါး မိုင်ကုန်နင်းကြတာမို့ သင်ထိန်းချုပ်နေရတာ ခရုလေးတွေပါလားဆိုတာကိုတောင်မေ့သွားမှာပါ။ အကွာအဝေးများများရောက်လာတာနဲ့အတူ ပိုမိုခက်ခဲတဲ့အတားအဆီးတွေနဲ့ရင်ဆိုင်လာရမှာမို့ အမှတ်များများလိုချင်ရင် မျက်စိရှင်ရှင်ထားပြီး သတိအပြည့်နဲ့ဆော့ရမှာပါ။ ဒါ့အပြင် ဂိမ်းကစားရင်းရလာတဲ့ currency တွေနဲ့ ခရုအသစ်လေးတွေကို unlock လုပ်လို့ရပါသေးတယ်။ ခရုလေးတွေကလည်း အရောင်အသွေးအစုံနဲ့ချစ်စရာလေးတွေမို့ လိုချင်စရာလေးတွေဖြစ်တဲ့အတွက် ဒီဂိမ်းကိုဆက်တိုက်ဆော့ဖြစ်ဖို့ incentive ပေးပါတယ်။

Snail Ride ဟာ ရိုးရှင်းပေမယ့် သူ့ရဲ့တာဝန်ကိုကျေပွန်ပါတယ်။ Control စနစ်ကလွယ်ကူတဲ့အတွက် လက်တစ်ဖက်တည်းနဲ့ဆော့ကစားလို့ရစေပါတယ်။ Endless Runner ဂိမ်းတွေရဲ့သဘာဝကိုက ကြိုက်တဲ့အချိန်ထဆော့၊ ပြီးရင်ပစ်ထား ဆိုတဲ့ပုံစံမျိုးဖြစ်တဲ့အတွက် သတိရတဲ့အချိန်အပျင်းပြေကောက်ဆော့ဖို့သင့်တော်ပါတယ်။ အပြစ်အနာဆာဆိုလို့ များများစားစားထောက်ပြစရာမရှိတဲ့အတွက် Endless Runner ဂိမ်းကောင်းကောင်းကိုရှာဖွေနေသူတွေ စမ်းသာဆော့ကြည့်လိုက်ပါလို့ ညွှန်းပေးလိုက်ပါတယ်။ သူ့ရဲ့လှပတဲ့ graphic နဲ့ ခရုလေးတွေက လူကြီးလူငယ်မရွေးကို ပျော်ရွှင်မှုတွေဖန်တီးပေးမှာပါ။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: