Smash Hit နဲ့ မှန်တွေခွဲပြီး စိတ်အပန်းဖြေမယ်

ထွက်ရှိတာ အနည်းငယ် ကြာသွားပြီဖြစ်ပေမယ့် ယခုအချိန်ထိ အကောင်းဆုံး arcade ဂိမ်းစာရင်းထဲမှာပါနေသေးတဲ့ Smash Hit ဆိုတဲ့ဂိမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Smash Hit ဟာ ထွက်ရှိစအချိန်တုန်းက Apple App Store မှာ Editor’s Choice အနေနဲ့ ဖော်ပြခြင်းခံခဲ့ရပြီး ယခုအချိန်ထိ လူတွေ နှစ်နှစ်ခြိုက်ခြိုက် ဆော့နေကြသေးတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။

ဂိမ်းကစားနည်းကတော့ တကယ်ကို ရိုးရိုးရှင်းရှင်းလေးပါ။ ဂိမ်းရဲ့နာမည်နဲ့ လိုက်အောင် မှန်ချပ်တွေကို ဘောလုံးနဲ့ ‘Hit’ ပြီး ‘Smash’ ရမှာပဲ ဖြစ်ပါတယ်။ တကယ်ပါ။ ဒီဂိမ်းမှာ သင်လုပ်စရာဆိုလို့ အဲဒါတစ်ခုပဲရှိပါတယ်။ ဒါဆိုရင် အရမ်းလွယ်မှာပေါ့ ဆိုပြီး အတွေးမစောလိုက်ပါနဲ့။ သင်အသုံးပြုရမယ့် ဘောလုံးဟာ အရေအတွက် အကန့်အသတ်နဲ့ပါ။ ဘောလုံးကုန်သွားတာနဲ့ သင်ရှုံးပြီ ဖြစ်ပါတယ်။ လမ်းမှာရှိတဲ့ အတားအဆီးတွေနဲ့ တိုက်မိတိုင်း သင့်ဆီက ဘောလုံး ၁၀ လုံး လျှော့သွားမှာပါ။ လမ်းတစ်လျှောက်မှာရှိတဲ့ အချို့မှန်တုံးတွေကို ပစ်ရင်တော့ ဘောလုံးတွေ ပြန်ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ သင့်ရဲ့တာဝန်က ဘောလုံးပြန်ရမယ့် မှန်တုံးတွေကို မလွတ်အောင်ပစ်ပြီး ဘောလုံးတွေကို တတ်နိုင်သမျှ အနည်းဆုံးပဲသုံးကာ အတားအဆီးတွေကို ကျော်ဖြတ်ရမှာပါ။ ရွှေ့လျားနေတဲ့ အတားအဆီးတွေနဲ့ မိမိသွားနေတဲ့ အမြန်နှုန်းတွေကို ထည့်သွင်းတွက်ချက်ပြီးမှ ဘောလုံးကို ပစ်ရတာဖြစ်လို့ သင်ဘယ်လောက် ဆုံးဖြတ်ချက် မှန်ကန်ပြီး လက်တည့်သလဲဆိုတာကို Smash Hit က စမ်းသပ်မှာ ဖြစ်ပါတယ်။

 .         

Smash Hit မှာ ဂိမ်းရဲ့ level တိုင်းနဲ့ လိုက်ဖက်တဲ့ နောက်ခံတီးလုံးတွေ ပါဝင်တဲ့အတွက် စဆော့လိုက်တာနဲ့ ဂိမ်းထဲကို နစ်မျောသွားစေမှာပါ။ ဥပမာ မိမိသွားနေတဲ့နှုန်းက မြန်သွားတယ်ဆိုရင် beat သံတွေကလည်း လိုက်မြန်လာမှာဖြစ်ပြီး အတားအဆီးတွေကလည်း စည်းချက်ကျကျ လိုက်ရွှေ့ကြမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ အတားအဆီးတွေ ပြိုလဲသွားတိုင်း ထွက်ပေါ်လာမယ့် မှန်ကွဲသံတွေဟာ မဖော်ပြတတ်တဲ့ စိတ်ကျေနပ်မှုမျိုးကိုပေးမှာပါ။ ဥပမာ ကျွန်တော်ဆိုရင်တော့ Smash Hit ကစားရင် စိတ်ဖိစီးမှု ပြေပျောက်ပါတယ်။

Smash Hit ကို Android ရော iOS မှာပါ အခမဲ့ ရယူဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ ရှုံးသွားတဲ့အခါတွေမှာ check point ကနေ ပြန်စလို့ရချင်ရင် $1.99 နဲ့ Premium version ကို ဝယ်ယူလို့ ရပါတယ်။ Free version မှာတော့ ရှုံးသွားခဲ့ရင် အစကနေ ပြန်စရမှာ ဖြစ်ပြီး ကျန်တာအားလုံးက Premium version နဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒါကြောင့် level များများရောက်ပြီး ရမှတ်များများ ရချင်ရင်တော့ မိမိရဲ့ အစွမ်းအစကသာ အဓိက ဖြစ်ပါတယ်။ စိတ်အပန်းဖြေတဲ့အနေနဲ့ဆော့ဖို့ အင်မတန်ကောင်းတဲ့ ဂိမ်းတစ်ခုဖြစ်တာမို့ မသိသေးတဲ့သူတွေ စမ်းဆော့ကြည့်လို့ရအောင် အသိပေးလိုက်ရပါတယ်။

Image Sources:

http://www.smashhitgame.com/

https://itunes.apple.com/us/app/smash-hit/id603527166?mt=8

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password