တစ်မူထူးခြားတဲ့ အသွင်သစ်နဲ့ စကားလုံး ပဟေဠိဂိမ်း Sidewords

စကားလုံး ပဟေဠိဂိမ်း (word game) တွေဟာ app store တွေမှာ နာမည်ပေါင်းစုံနဲ့ အများကြီးရှိကြပါတယ်။ ဒါပေမယ့် အဲ့ဒီဂိမ်းအများစုဟာ နာမည်သာပြောင်းသွားမယ် တစ်ခုနဲ့တစ်ခု ချွတ်စွတ်မဟုတ်ရင်တောင် ဆင်တူတွေဖြစ်နေကြတာများပါတယ်။ မကြာသေးခင်လေးကမှ ထွက်ရှိလာတဲ့ Sidewords ဆိုတဲ့ ဂိမ်းလေးကတော့ သမားရိုးကျ စကားလုံး ပဟေဠိဂိမ်းတွေနဲ့မတူပဲ ထူးထူးခြားခြားခွဲထွက်နေတာမို့ ဒီဂိမ်းအမျိုးအစားကို နှစ်သက်ကြသူတွေ မသိလိုက် မရှိရလေအောင် မိတ်ဆက်ပေးလိုက်ပါတယ်။

                      

Sidewords ဟာ logic ဂိမ်းနဲ့ စကားလုံးဂိမ်း နှစ်မျိုးကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ ဂိမ်းတစ်ခု စလိုက်တာနဲ့ ဇယားကွက် တစ်ခုပေါ်လာမှာဖြစ်ပြီး ဇယားကွက်ရဲ့ ဘယ်ဖက်နဲ့ အပေါ်ဖက်မှာ စာလုံးတွေရှိမှာဖြစ်ပါတယ်။ ကစားတဲ့သူက အဲ့ဒီ စာလုံးတွေကို အသုံးပြုပြီး စကားလုံး အသစ်တွေဖြစ်အောင် တွဲရမှာပါ။ ထွက်ပေါ်လာတဲ့ စကားလုံးအသစ်ဟာ ဇယားကွက်ကို ဖြည့်သွားမှာဖြစ်ပြီး အဲ့ဒီနေရာက စာလုံးတွေကို နောက်တစ်ကြိမ် ထပ်သုံးလို့မရတော့ပါဘူး။  အဲဒီနည်းနဲ့ စကားလုံးတွေ ဖွဲ့စည်းရင်း ဇယားကွက်တစ်ခုလုံး ပြည့်သွားတဲ့အခါ အဲဒီပဟေဠိကို အောင်နိုင်ပါပြီ။ ပဟေဠိတစ်ခုရဲ့ ခက်ခဲမှုပမာဏက ဇယားကွက် ဘယ်လောက်ကြီးလဲဆိုတာအပေါ် တိုက်ရိုက်အချိုးကျပါတယ်။

                        

ဒီဂိမ်းရဲ့ ထူးခြားချက်ကတော့ ပဟေဠိကို ပြီးမြောက်ဖို့အတွက် အဖြေမှန် တစ်ခုထက်မက ရှိခြင်းပဲ ဖြစ်ပါတယ်။ မိမိ ဉာဏ်ရှိသလို စကားလုံး သေးသေးလေးတွေ အများကြီးဖြစ်စေ၊ စကားလုံးအကြီး နည်းနည်းနဲ့ ဖြစ်စေ ဆော့ကစားနိုင်ပါတယ်။ ဒါ့အပြင် အခြားဂိမ်းတွေလိုမျိုး အခန်းတစ်ခုပြီးမှ နောက်တစ်ခန်းကို ဆက်လက် ဆော့ကစားခွင့် ရတာမျိုးမဟုတ်ပဲ မိမိကြိုက်နှစ်သက်ရာ ပဟေဠိကို ရွေးချယ်ကစားနိုင်မှာပါ။ ပဟေဠိကို ဖြေရှင်းရာမှာလဲ အချိန်ကန့်သတ်ချက်၊ ရွှေ့ကွက် ကန့်သတ်ချက်တွေမရှိလို့ စိတ်တိုင်းကျ အချိန်ယူပြီး အေးအေးဆေးဆေး ဆော့ကစားနိုင်မှာလည်း ဖြစ်ပါတယ်။ Sidewords မှာ Quads လို့ခေါ်တဲ့ နောက်ထပ် ကစားနည်းတစ်မျိုးလည်း ပါဝင်ပါသေးတယ်။ အဲဒီကစားနည်းကတော့ ‘Threes’ ရဲ့ စကားလုံးဗားရှင်းဖြစ်ပြီး စကားလုံးများ ဆက်ကာ ခရမ်းရောင် အတုံးလေးတွေကို ပျောက်အောင် လုပ်ရမှာပါ။

လက်ရှိမှာတော့ Sidewords ကို iOS မှာသာ $2.99 နဲ့ ဝယ်ယူဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ ဂိမ်းအတွင်းမှာ စိတ်အနှောက်အယှက်ဖြစ်ဖွယ် ကြော်ငြာများ မပါဝင်သလို in-app purchase တွေလည်း မပါဝင်တဲ့အတွက် တစ်ကြိမ်ဝယ်ပြီးတာနဲ့ ဇာတ်လမ်းအပြတ်ပဲ ဖြစ်ပါတယ်။ ဝေဖန်ရေးသမားများရဲ့ အထူးတလည် ချီးကျူးခြင်းခံရတဲ့ Sidewords ဟာ အားလပ်ချိန်တွေမှာ မိမိဦးနှောက်ကို အလုပ်ပေးရတာ သဘောကျတတ်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဂိမ်းကောင်းတစ်ခုဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ရပါတယ်။

Image Source:

https://itunes.apple.com/us/app/sidewords/id1223257768?mt=8

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password