Final Fantasy ဖခင်ကြီး Sakaguchi Hironobu ရဲ့ အသက် ၆၀ မှာ ဖြစ်ချင်တဲ့အိပ်မက်

Square ကုမ္ပဏီကို ချောက်ထဲကျလုဆဲဆဲ အခြေအနေကနေ ဆွဲတင်ခဲ့သူ၊ JRPG ဆိုတဲ့ Genre တစ်ခုကို အခိုင်အမာဖြစ်လာအောင် ပုံဖော်တည်ဆောက်ခဲ့သူ၊ Final Fantasy Franchise တစ်ခုလုံးကို အုတ်မြစ်တည်ပေးခဲ့သူ Sakaguchi Hironobu ဟာ မျက်မှောက်ခေတ် Video Game Industry ရဲ့ အထင်ရှားဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ အရှုံးအကြီးကြီးပေါ်သွားတဲ့ Final Fantasy: The Spirits Within ရုပ်ရှင် အရှုပ်တော်ပုံကြောင့် Square ကနေနှုတ်ထွက်ခဲ့ပြီး Mistwalker လို့အမည်ရတဲ့ ကိုယ်ပိုင် Studio တစ်ခုကို ၂၀၀၄ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။

Microsoft ရဲ့ ကျောထောက်နောက်ခံနဲ့ တည်ထောင်ခဲ့ရတဲ့ Mistwalker ဟာ သူ့ရဲ့တာထွက်နှစ်တွေမှာ Xbox 360 အတွက် Blue Dragon နဲ့ Lost Odyssey ဂိမ်းတွေကို ရေးဆွဲထုတ်လုပ်ခဲ့ပါတယ်။ ကုမ္ပဏီအရွယ်အစား သေးငယ်တာကြောင့် လူအင်အားပြဿနာတွေ ရှိခဲ့တဲ့အတွက် အဲဒီဂိမ်းတွေကို အခြား Studio ကြီးတွေနဲ့ လက်တွဲပြီး ထုတ်လုပ်ခဲ့ရပါတယ်။ ဒါပေမယ့် Mistwalker ကလူတွေနဲ့ပဲ ဂိမ်းတစ်ခုကို ရေးဆွဲချင်တဲ့ဆန္ဒက Sakaguchi ရဲ့ရင်ထဲမှာ အမြဲလိုလိုရှိနေခဲ့ပါတယ်။ ဒါကြောင့်လည်းပဲ အဲဒီဆန္ဒကိုအကောင်အထည်ဖော်ကို နည်းလမ်းတွေရှာဖွေနေခဲ့ပါတယ်။

ဖြစ်ချင်တော့ အဲဒီအချိန်ဟာ Smart Phone တွေနဲ့အတူ Mobile App တွေ ခေါင်းထောင်လာတဲ့အချိန်နဲ့ ကွက်တိသွားကျနေပါတယ်။ Sakaguchi ဟာ အဲဒီခေတ်ရေစီးကြောင်းကို လက်လွတ်မခံချင်တာကတစ်ကြောင်း၊ Mobile Game တွေကို သူ့ကုမ္ပဏီကလူတွေနဲ့ပဲ ရေးဆွဲလို့အဆင်ပြေတာကတစ်ကြောင်း စတဲ့အခြေအနေတွေကြောင့် Mobile Game လောကထဲကို ဝင်ရောက်လာခဲ့ပါတယ်။

Mobile Game လို့ဆိုလိုက်ရင် အထင်သေးချင်ကြတဲ့ခေတ်မှာ သူ့ရဲ့ ၂၀၁၄ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Terra Battle ဆိုတဲ့ဂိမ်းနဲ့ ‘ငါကွ Sakaguchi’ ဆိုပြီး Gaming Industry ကို လှုပ်နှိုးနိုင်ခဲ့ပါတယ်။ Terra Battle ရဲ့အောင်မြင်မှုဟာ ရည်မှန်းချက်ကြီးကြီးထားတတ်တဲ့ Sakaguchi ကို လောင်စာထည့်ပေးလိုက်သလိုပါပဲ။ Terra Battle ထွက်ရှိပြီး ၁ နှစ်ခန့်အကြာမှာ Terra Battle ရဲ့ဇာတ်လမ်းကို ဒီထက်မက ချဲ့ထွင်ချင်တယ်လို့ သူ့ရဲ့ဆန္ဒကို ထုတ်ဖော်ပြောကြားလာပါတယ်။ သူဖြစ်ချင်တာကို ရအောင်လိုက်လုပ်ပေးတတ်တဲ့ Mistwalker ကသူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာလည်း Sakaguchi အတွက် အားတစ်ရပ်ဖြစ်စေခဲ့ပါတယ်။

 

သူ့ရဲ့ရည်မှန်းချက်ရဲ့ ပထမဆုံးခြေလှမ်းအဖြစ် Terra Battle 2 နဲ့ Tera Wars တို့ကို ကြေညာခဲ့ပြီးနောက် ၂၀၁၇ မှာတော့ Terra Battle 2 ကို ထုတ်ဝေနိုင်ခဲ့ပါတယ်။ Terra Wars ဟာဆိုရင်လည်း မကြာမီအချိန်အတွင်းမှာ ထွက်ရှိတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Sakaguchi ရဲ့အိပ်မက်က ဒီထက်မကကြီးမားပါတယ်။ Polygon နဲ့ပြုလုပ်ခဲ့တဲ့ Interview မှာ သူ့အနေနဲ့ Terra Battle Franchise မှာ Game Title ၉ ခုအထိ ရေးဆွဲထုတ်လုပ်ဖို့ စိတ်ကူးရှိတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

 

 

အဆိုပါ Interview မှာ Sakaguchi က ယခုလိုထပ်မံပြောကြားသွားပါသေးတယ်။

“ကျွန်တော့်စိတ်ထဲမှာ ဒီဂိမ်းတွေနဲ့ပတ်သက်ပြီး ပြက္ခဒိန်လုပ်ထားပြီးသားဗျ။ အခုဆို ကျွန်တော့် အသက် ၅၄ နှစ်ရှိနေပြီ။ အသက် ၆၀ မတိုင်ခင်မှာ ကျွန်တော်ရည်ရွယ်ထားတဲ့ Terra ဂိမ်း ၉ ခုလုံးကို ပြီးအောင်ထုတ်ဝေသွားချင်တယ်။ အခုဆိုရင် ၃ ခုမြောက်ဂိမ်းကို ကြေညာပြီးသွားပြီ။ ကျန်တဲ့ ဂိမ်း ၆ ခုကို ထုတ်ဝေဖို့ အချိန် ၆ နှစ်ရမယ်။ ဂျပန်ထုံးစံအရ အသက် ၆၀ ပြည့်ရင်ကျင်းပရတဲ့ Kanreki အခမ်းအနားကို အဲဒီ Milestone ကိုအောင်မြင်တဲ့အထိမ်းအမှတ်အနေနဲ့ ကျင်းပချင်တယ်။”

ကတိပေးပြီးသွားရင် ဖြစ်အောင်လုပ်တတ်တဲ့ Sakaguchi ကတော့ သူ့ရဲ့ အသက် ၆၀ အိပ်မက်ကို မရရအောင်လုပ်မယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ သူနဲ့လက်တွဲလုပ်ဖူးတဲ့ လုပ်ဖော်ကိုင်ဖက်တွေကလည်း Sakaguchi ကို လက်ရှိလုပ်နေတာကို ဘယ်တော့မှကျေနပ်မှုမရှိပဲ အမြဲတိုးတက်နေအောင် ကြိုးစားတတ်တဲ့ လူတစ်ယောက်ဖြစ်တယ်လို့ ဖော်ပြကြပါတယ်။ ယခုထွက်ရှိပြီးတဲ့ Terra Battle 1 နဲ့ 2 တွေကတောင် တော်တော်လေးကို ကောင်းနေပါပြီ။ ဒါကြောင့် နောက်လာမယ့် ၆ နှစ်အတွင်းမှာ သူဘယ်လို Magic တွေသုံးပြီး ကျွန်တော်တို့တွေကို Surprise လုပ်မလဲဆိုတာ စောင့်ကြည့်ကြရမှာပဲ ဖြစ်ပါတယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password