Concept အဆန်းနဲ့ Chess ဂိမ်း Really Bad Chess

သင်ဟာ Chess ကို ကျွမ်းကျွမ်းကျင်ကျင်ဆော့တတ်သူလား။ ဒါမှမဟုတ် လုံးဝမဆော့တတ်သူလား။ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ဒီChess ဂိမ်းကိုတော့ နှစ်သက်မှာ သေချာပါတယ်။ နည်းဗျူဟာ တွက်ချက်ရတာတွေနဲ့ ရွှေ့ကွက်ခန့်မှန်းရတာတွေဟာ အလေ့အကျင့်ရော ပါရမီပါ လိုအပ်တာကြောင့် Chess ကို လူတိုင်း ထဲထဲဝင်ဝင် မကစားကြပါဘူး။ ဒါပေမယ့် ဒီဂိမ်းမှာတော့ အဲဒီလို လိုအပ်ချက်တွေ မြင့်မြင့်မားမားမရှိအောင် Classic Chess ရဲ့ concept ကို အနည်းငယ်ပြင်ဆင်ထားပါတယ်။ ဒါကြောင့် လူတိုင်း ဒီဂိမ်းကို လွယ်လွယ်ကူကူ ဆော့ကစားနိုင်ကြမှာပါ။

ဒီဂိမ်းကတော့ နာမည်နဲ့လိုက်အောင် Really Bad Chess ပါပဲ။ ဒီဂိမ်းရဲ့ အခြေခံ ကစားပုံ ကစားနည်းကတော့ သာမန် Chess နဲ့ အတူတူပါ။ အရုပ်တစ်ခုချင်းစီတိုင်းရဲ့ ရွှေ့ကွက်တွေကလည်း အတူတူပါပဲ။ တစ်ခုပဲ ကွဲပြားသွားပါတယ်။ အဲဒါကတော့ ကစားသူတွေဟာ ပုံမှန် Chess ကစားနည်းထဲက ခွဲဝေနည်းအတိုင်း အရုပ်တွေကို ရရှိမှာ မဟုတ်ပါဘူး။ ဆိုလိုတာက ပုံမှန် Chess ပွဲတစ်ခုမှာ ကစားသူတွေဟာ Pawn ၈ ကောင်၊ Knight ၂ ကောင်၊ Bishop ၂ ကောင်၊ Rook ၂ ကောင်၊ Queen နဲ့ King တို့နဲ့ ကစားရမှာပါ။ ဒါပေမယ့် Really Bad Chess မှာတော့ ကစားသူတွေဟာ ရချင်တဲ့ အရုပ်တွေကို ရမှာဖြစ်ပါတယ်။ Queen ၃ ကောင်၊ Bishop ၄ ကောင်၊ Knight ၃ ကောင် နဲ့ ကစားချင်လည်း ကစားရမှာပါ။ နည်းနည်းခေါင်းရှုပ်သွားပါသလား။ ဟုတ်ပါတယ်။ အဲဒီလိုမျိုး ရချင်သလိုရမှာ ဖြစ်ပါတယ်။ ဂိမ်းရဲ့နာမည်ကို ပြေးမြင်လိုက်ပါ။ Really Bad Chess ဖြစ်ပါတယ်။

 .         

အဲဒီလို random ရမှာဖြစ်တဲ့အတွက် Chess ကစားတတ်သူတွေလည်း သာမန် Chess ထဲကနည်းဗျူဟာတွေအတိုင်း ဆော့လို့မရတော့ပါဘူး။ မိမိရရှိတဲ့ အကောင်ပေါ်မူတည်ပြီး အခြေအနေအရ ဆော့ကစားရမှာပါ။ Chess အကြောင်း သိပ်မသိတဲ့သူတွေကလည်း Queen ၃ ကောင်အစွမ်းနဲ့ နိုင်ချင်နိုင်သွားနိုင်ပါတယ်။ အဲဒါဆို ဘယ်လိုလုပ် မျှမှာလည်း လို့ တွေးကောင်းတွေးမိမှာပါ။ မပူပါနဲ့။ ဒီဂိမ်းမှာ Rank ရှိပါတယ်။ Rank နည်းတယ်ဆိုရင် အရမ်းကြမ်းတဲ့ deck တွေရဖို့များပြီး Rank များတယ်ဆိုရင်တော့ သိပ်မကြမ်းတဲ့ deck တွေရမှာပါ။ Rank များနေပြီဆိုရင် အဲဒီသူက အနည်းနဲ့အများ ဆော့တတ်နေပြီမို့ deck နည်းနည်းနိမ့်လည်း အရမ်းမနစ်နာတော့ပါဘူး။ ဒီလို random ဆန်ဆန်လုပ်လိုက်တာဟာ Chess ကစားနည်းတစ်ခုလုံးကို အရမ်းပျော်ဖို့ကောင်းသွားအောင် လုပ်လိုက်တာပါပဲ။ အရမ်းကြမ်းတဲ့ deck ရတဲ့အချိန်မှာ တစ်ဖက်သားကို ပယ်ပယ်နယ်နယ် အနိုင်ကျင့်လို့ရသလို deck မကောင်းရင်လည်း ပေါက်ပေါက်ရှာရှာနည်းတွေ စဉ်းစားရမှာပါ။ ပြီးတော့ မိမိရဲ့ ရွှေ့ကွက်တွေကို ပြန်ပြင်လို့ရတဲ့ ‘Undo’ ခလုပ်လည်း ပါသေးတဲ့အတွက် ဆော့ရင်းနဲ့ Chess အကြောင်းကို ဖြည်းဖြည်းခြင်း လေ့လာလို့ ရပါသေးတယ်။ ဒါကြောင့် ဒီဂိမ်းဟာ Chess ကစားတတ်သူရော မကစားတတ်သူတွေပါ နှစ်သက်ကြမယ့်ဂိမ်းတစ်ခု ဖြစ်ပါတယ်။

 .         

Really Bad Chess ကို Android ရော iOS မှာပါ အခမဲ့ ရယူဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ Free version မှာတော့ A.I နဲ့သာ ယှဉ်ပြိုင်ကစားပြီး rank တင်ရမှာ ဖြစ်ပါတယ်။ $2.99 နဲ့ Premium version ဝယ်ယူလိုက်ရင်တော့ အခြားကစားသူတွေနဲ့ ယှဉ်ပြိုင်ကစားလို့ရမှာပါ။ တစ်ခုရှိတာက ‘Undo’ ခလုပ်ဟာ အကြိမ်အရေအတွက် အကန့်အသတ်နဲ့ ဖြစ်ပါတယ်။ ထပ်လိုချင်တယ်ဆိုရင်တော့ကြော်ငြာတွေ   ကြည့်ပြီးဖြစ်စေ၊ ပိုက်ဆံနဲ့ ဝယ်ယူပြီးဖြစ်စေ ရရှိနိုင်ပါတယ်။ Really Bad Chess ဟာ နာမည်နဲ့လိုက်အောင် Really Bad Chess ပါပဲ။ ဒါပေမယ့် ဆော့ရတာ Really Good တဲ့အတွက် Chess ကစားနည်းကို ယောင်ယောင်လေးစိတ်ဝင်စားရင်တောင် စမ်းဆော့ကြည့်ကြဖို့ အကြံပေးလိုက်ပါတယ်။

Image Sources:

https://itunes.apple.com/us/app/really-bad-chess/id1109751921?mt=8

https://www.youtube.com/watch?v=yWauVd2N1tA

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password