
Sdorica ဆိုတာဘာလဲမပြောခင် Rayark က ဘာလဲဆိုတာအရင်ပြောရမှာပါ။ Rayark ဆိုတာက Mobile ဂိမ်းလောကရဲ့ Blizzard လို့တောင် တင်စားခေါ်ဝေါ်လို့ရတဲ့ ဂိမ်းကုမ္ပဏီတစ်ခုပါ။ သူတို့ဟာ ဂိမ်းတိုင်းကို အချိန်ပေးရေးဆွဲပြီး ထုတ်လိုက်တဲ့ဂိမ်းတိုင်းကလည်း လက်ရာမြောက်လွန်းလို့ သူ့ကဏ္ဍကိုယ်စီမှာ ‘All Time Classic’ စာရင်းဝင်ကြပါတယ်။
Rhythm ဂိမ်းချစ်သူတွေကတော့ သိကြပါလိမ့်မယ်.. Deemo တို့၊ Cytus တို့၊ VOEZ တို့ စတဲ့ Rhythm ဂိမ်းတွေဟာဆိုရင် ကောင်းလွန်းလို့ နောက်ပိုင်းထွက်တဲ့ Rhythm ဂိမ်းတွေရဲ့ ‘စံ’ အဖြစ် သတ်မှတ်ထားခြင်းခံရတဲ့ဂိမ်းတွေဖြစ်ပါတယ်။ ပြီးတော့ သူတို့ရဲ့ဂိမ်းတွေအကုန်လုံးကလည်း ကစားသူကို ရှုပ်ရှုပ်ရှက်ရှက် In-App Purchase တွေနဲ့လုံးဝအာရုံမစားပါဘူး.. တနည်းပြောရရင် Premium ဂိမ်းတွေပဲထုတ်ပြီး ကစားသူကို ပိုက်ဆံမချူစားတဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
အခု ဒီ ‘Sdorica -sunset-‘ ဆိုတဲ့ဂိမ်းက Rayark ရဲ့ နောက်ဆုံးထွက်ဂိမ်းဖြစ်ပြီးတော့ ၄ နှစ်ကြာအချိန်ယူပြီး ဖန်တီးခဲ့ရတဲ့ဂိမ်းတစ်ခု ဖြစ်ပါတယ်။ နဂိုကတည်းက Rayark Fan ဖြစ်တဲ့ ကျွန်တော်ကတော့ “Rayark ကထုတ်တဲ့ဂိမ်း မကောင်းလုံးဝမရှိဘူး” ဆိုပြီး ယုံကြည်ချက်အပြည့်နဲ့ ဂိမ်းကိုဆော့ကြည့်လိုက်ပါတယ်။ ကျွန်တော်ယုံကြည်ထားတဲ့အတိုင်းပဲ အရင် Rayark ဂိမ်းတွေကိုဆော့ရသလိုမျိုး စိတ်ကျေနပ်ဖွယ်ခံစားချက်ကို အပြည့်အဝရရှိခဲ့ပါတယ်။
Sdorica ကို အရှင်းဆုံးပြောပြရမယ်ဆိုရင် Candy Crush လိုမျိုး Match Three ကစားနည်းနဲ့ RPG ကိုပေါင်းစပ်ထားတာပါ။ Orb လေးတွေကို ၁ လုံး၊ ၂ လုံး၊ ၄ လုံး စီတွဲလို့ရပြီးတော့ တစ်မျိုးချင်းစီက မတူညီတဲ့ Ability တွေကိုအသုံးပြုမှာဖြစ်ပါတယ်။ Ability တွေကလည်း Hero ပေါ်မူတည်ပြီး ကွာခြားကြပါသေးတယ်။ ပြီးတော့ RPG ထုံးစံအတိုင်း Hero ကို Level တင်တာတွေ၊ Evolve လုပ်တာတွေ စတာတွေကို ပြုလုပ်လို့ရဦးမှာဖြစ်ပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင်တော့ Gameplay Mechanic က လွယ်သယောင်ယောင်ရှိပေမယ့် တကယ်ဆော့ကြည့်ရင် တော်တော်လေး လေးနက်တာကိုတွေ့ရပါတယ်။ Orb တွေက Match Three Puzzle ဂိမ်းတွေလိုပဲ Random လာမှာဖြစ်တော့ Deck ပေါ်မှာရှိတဲ့ Orb တွေနဲ့ ဘယ်လို Combo တွေသုံးလို့ရမယ်ဆိုတာ တောက်လျှောက်စဉ်းစားနေရသလို အရှေ့ကိုလည်း ကွက်ကျော်မြင်တတ်ဖို့လိုပါတယ်။ ဒါပေမယ့် ဆော့လို့ကောင်းတာကတော့ အမှန်ပါပဲ.. သူ့ Mechanic ကိုက သူများနဲ့မတူပဲ ခပ်ဆန်းဆန်းလေးဖြစ်နေတော့ ဆော့ရတာ တော်တော် Fresh ဖြစ်ပါတယ်။
နောက်ထပ်ကြိုက်မိတာလေးက ဂိမ်းတစ်ခုလုံးရဲ့ Aesthetic ပါ။ Graphic ရော Art Style ကပါ Rayark ထုံးစံအတိုင်း လန်ထွက်နေတာပါပဲ (Anime ကြိုက်သူတွေအတွက်ကတော့ ကွက်တိပါပဲ)။ Background Music တွေကတော့ Deemo နဲ့ Cytus တို့ကိုထုတ်ခဲ့တဲ့ ကုမ္ပဏီရဲ့လက်ရာဆိုတော့ အထူးတလည်တောင် ပြောပြနေစရာမလိုတော့ပါဘူး.. အဲဒီ Rhythm ဂိမ်းထဲက သံစဉ်တွေကိုသဘောကျရင် Sdorica ထဲက သံစဉ်တွေကိုလည်း သဘောကျပါလိမ့်မယ်။ Graphic အကြောင်းသိချင်ရင်တော့ ဒီဆောင်းပါးမှာပြထားတဲ့ ဗီဒီယိုတွေကိုသာကြည့်လိုက်ပါ။
အကြိုက်တကာ့အကြိုက်ဆုံးအချက်ကတော့ Stamina/Energy စနစ် လုံးဝမပါဝင်တာပါပဲ။ ဒီတစ်ချက်က တော်တော်အရေးကြီးပါတယ်။ F2P ဂိမ်းဆိုရင် Stamina စနစ်နဲ့ Playtime ကို Gate လုပ်တာက Industry Standard လိုဖြစ်နေတဲ့အချိန်မှာ Rayark က သူ့ဂိမ်းမှာ Stamina စနစ်မထည့်သွင်းထားပါဘူး။ အဲဒီတော့ စိတ်ပါရင်ပါသလို ဆက်တိုက်ဆော့လို့ရသွားစေပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အပေါ်မှာပြောခဲ့တဲ့ Music, Mechanic, Art Style တွေကိုထည့်မစဉ်းစားပဲ ဒီတစ်ချက်တည်းနဲ့တင် Sdorica က သူနဲ့အလားတူ F2P ဂိမ်းတွေထက် အပုံကြီးသာသွားပါတယ်။
ဂိမ်းက ဒီနေ့မှာစထွက်တာဆိုတော့ IAP တွေ ဘယ်လောက်စကားပြောမယ်ဆိုတာတော့ အတိအကျပြောလို့မရသေးပါဘူး။ ဒါပေမယ့် လောလောဆယ်ဆော့ကြည့်သလောက်ကတော့ လုံးဝကို ကျေနပ်အားရမိပါတယ်။ Quality ကောင်းတဲ့ Mobile ဂိမ်းတွေရှာနေရင်တော့ Sdorica ကို တစ်ခေါက်လောက်ဖြစ်ဖြစ်စမ်းဆော့ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်က Rayark Fan တစ်ယောက်ဆိုတော့ သူ့ဖက် Bias ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် လက်ရှိအချိန်မှာ Sdorica ကို 9/10 Rating ပေးချင်ပါတယ်။