ကျွန်တော်နဲ့ QuizUp!

လွန်ခဲ့တဲ့ ၃ နှစ်လောက်တုန်းက သူငယ်ချင်းတစ်ယောက် ကစားနေတာကို မြင်မိရာကနေ QuizUp ဆိုတဲ့ ဂိမ်းလေးအကြောင်း သိခဲ့ရပါတယ်။ အဲဒီတုန်းက QuizUp က ထွက်ရှိခါစပဲ ရှိသေးပြီး သူ့ရဲ့ ထူးခြားတဲ့ ဂိမ်းဒီဇိုင်းကြောင့် တစ်ကမ္ဘာလုံးကလူတွေ QuizUp မှ QuizUp ဖြစ်နေကြတဲ့အချိန်ပါ။ ကျွန်တော့် သူငယ်ချင်းတွေဆိုရင် အားနေလည်း QuizUp ၊ ထမင်းစားလည်း QuizUp ၊ စာစုကျက်လည်း QuizUp ၊ အိပ်ခါနီးလည်း QuizUp နဲ့ အချိန်ပြည့် ကစားနေကြတာပါ။

ပုံမှန်ဆို ကိုယ်စိတ်ဝင်စားတဲ့ Topic တွေ မပါလို့ Trivia ဂိမ်းတွေ သိပ်ဆော့လေ့မရှိတဲ့ ကျွန်တော်ကတောင် QuizUp ကို အသည်းအသန် ဆော့လိုက်ပါသေးတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီဂိမ်းမှာ ကျွန်တော် စိတ်ဝင်စားတဲ့ Anime အကြောင်းတွေ ပါလို့ပါ။ အဲဒီတုန်းက Anime ကြည့်တဲ့ သူငယ်ချင်းတွေနဲ့ အသည်းအသန်ပြိုင်ပြီး “Best in Anime in Myanmar” ဆိုတဲ့ title ကို အသည်းအသန်လုကြတာ တကယ်ကို မှတ်မှတ်ရရပါပဲ။ ပြီးတော့ တခြားနိုင်ငံက “Best in” title ပိုင်ရှင်တွေနဲ့ တွေ့ရင် သွေးတွေပါဆူလာပြီး ဒီကောင်ကိုတော့ အပြုတ်ဖြုတ်မယ်လို့ ကြုံးဝါးခဲ့တာတွေဟာဆိုရင် အမှတ်ရစရာ အခိုက်အတန့်တွေပါပဲ။

QuizUp မှာပါဝင်တဲ့ Topic တွေက အများကြီးဖြစ်တဲ့အတွက် ဘယ်တော့မှ ရိုးသွားတယ်ဆိုတာ မရှိခဲ့ပါဘူး။ ကျွန်တော်ကတော့ Anime အကြောင်းဖြေရတာ နည်းနည်းပျင်းလာရင် World of Warcraft တို့၊ Dota တို့၊ Science တို့လို Topic တွေပြောင်းဖြေပါတယ်။ အဲဒီတုန်းက Big Bang Theory ခေတ်စားနေတဲ့အချိန်ဆိုတော့ သူငယ်ချင်းတွေက BBT အကြောင်း quiz တွေ ဖြေကြပါတယ်။ Comic တွေကြိုက်တဲ့ သူတွေကလည်း DC/Marvel ဇာတ်လမ်းတွေအကြောင်း ဖြေကြပါတယ်။ Topic တွေက စုံလွန်းတော့ ကိုယ်တွေစိတ်ဝင်စားတဲ့ Topic တွေဆိုတာ မကုန်သွားခဲ့ပါဘူး။ သူငယ်ချင်းတွေကို Challenge လုပ်ပြီး ရမှတ်တွေပြိုင်ခဲ့ရတာကလည်း တကယ့်အနှစ်တွေပါပဲ။

 

ဒါပေမယ့် လအနည်းငယ်အကြာမှာတော့ နည်းနည်းအရှိန်သေသွားပြီး အရင်ကလောက် မဆော့ဖြစ်တော့ပါဘူး။ နောက်ပိုင်း ဖုန်းတွေဘာတွေပြောင်းရင်း QuizUp ကို ပြန်မသွင်းဖြစ်တော့တာ ကြားမှာ ၂ နှစ်လောက်ကြာသွားပါတယ်။ တလောကမှ App Store မှာ လျှောက်မွှေရင်း QuizUp ကိုတွေ့တာနဲ့ ပြန်ဆော့ကြည့်ဦးမယ်ဆိုပြီး ဒေါင်းလိုက်ပါတယ်။

 

ဂိမ်းထဲပြန်ဝင်လိုက်တော့ ကျွန်တော် အရင်ကသိခဲ့တဲ့ QuizUp နဲ့မတူတော့ပဲ တော်တော်လေးကို ပြောင်းလဲသွားပါပြီ။ အသိသာဆုံးကတော့ အရင်တုန်းကမပါတဲ့ in-game currency နဲ့ Ads တွေပါပဲ။ ကျွန်တော်တို့ ရင်းနှီးနေတဲ့ မြန်မာနိုင်ငံက ဖုန်း operator တွေရဲ့ ကြော်ငြာတွေက screen ရဲ့ထိပ်နားမှာ နေရာယူထားကြပါတယ်။ ပြီးတော့ အရင်တုန်းကလို မဟုတ်ဘဲ တစ်ပွဲကစားပြီးသွားတိုင်း ကြော်ငြာတစ်ခု ပေါ်လာတာကလည်း အတော်လေးကို စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။

အဲဒါနဲ့ ဒီ ၂ နှစ်အတွင်းမှာ ဘာတွေဖြစ်သွားတာလဲဆိုတာ လိုက်ရှာကြည့်လိုက်တော့ QuizUp ကို ရေးဆွဲခဲ့တဲ့ ကုမ္ပဏီက အရှုံးပေါ်လို့ ပိတ်သွားပြီး ဂိမ်းတစ်ခုလုံးကို တစ်ခြားကုမ္ပဏီကို ရောင်းလိုက်တယ်ဆိုတာ သိလိုက်ရပါတယ်။ ကုမ္ပဏီပိတ်သွားတဲ့အတွက် စိတ်မကောင်းဖြစ်ပေးသလို ဂိမ်းက ခေတ်ရေစီးကြောင်းအတိုင်း Freemium အသွင်ပြောင်းသွားတာကိုလည်း စိတ်မချမ်းသာမိပါဘူး။

ဒါဆို QuizUp ကို လုံးဝ သံယောဇဉ်ဖြတ်လိုက်ပြီလား ဆိုတော့လည်း မဟုတ်ပါဘူး။ ဘယ်လိုပဲ အသွင်ပြောင်းသွား ပြောင်းသွား QuizUp ရဲ့ ကဏ္ဍစုံလင်လှတဲ့ Quiz တွေကတော့ ကောင်းမြဲကောင်းဆဲပါပဲ။ ကျွန်တော်ကတော့ အားလပ်ချိန်တွေမှာ သတိရရင်ရသလို ကမ္ဘာကြီးရဲ့ တစ်နေရာရာက လူတစ်ယောက်နဲ့ ဗဟုသုတချင်း ယှဉ်ပြိုင်ဖို့ QuizUp ကို ထုတ်ကစားဖြစ်နေဦးမှာပဲ ဖြစ်ပါတယ်။

Image Sources:

https://www.quizup.com/

https://itunes.apple.com/us/app/quizup/id718421443?mt=8

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password