News

Battle of the Year: PUBG က Fortnite ကို တရားစွဲလိုက်ပြန်ပြီတဲ့

PUBG Corp ကတော့ ဒီနောက်ပိုင်း အလုပ်မရှိအလုပ်ရှာ တရားချည်းပဲပတ်စွဲနေသလား အောက်မေ့ရပါတယ်။ အခုလည်း သူ့ရဲ့အကြီးဆုံး Rival ဖြစ်တဲ့ Fortnite ရဲ့ Developer ဖြစ်သူ Epic Games ကို မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ တောင်ကိုရီးယားနိုင်ငံက တရားရုံးတစ်ခုမှာ တရားစွဲဆိုချက် တင်သွင်းလိုက်ပြီဖြစ်ပါတယ်။

ဒီတစ်ကြိမ်တရားစွဲဆိုရခြင်းရဲ့ အဓိကစွဲဆိုချက်က Fortnite ဟာ PUBG ရဲ့ User Interface နဲ့ Game Item တွေကို ကူးယူခဲ့တယ် ဆိုပြီးဖြစ်ပါတယ်။ PUBG Corp ကတော့ သူတို့အနေနဲ့ သူတို့ရဲ့မူပိုင်ခွင့်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့ ယခုလိုပြုလုပ်ရခြင်းဖြစ်တယ်ဆိုပြီး ရှင်းလင်းချက်ပေးထားပါတယ်။ Epic Games အနေနဲ့ကတော့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။

ပြောမယ်ဆိုရင် PUBG နဲ့ Fortnite တို့ရဲ့ပြိုင်ပွဲဟာ ၂၀၁၈ ဇန်နဝါရီလောက်ကလတည်းက တရေးရေးအဖြေပေါ်နေပါပြီ။ လေ့လာသုံးသပ်သူတွေရဲ့ ပြောကြားချက်အရဆိုရင် PUBG က ၃.၃ သန်းနဲ့တင်ထားခဲ့တဲ့ တစ်ပြိုင်တည်းကစားသူဦးရေအများဆုံးစံချိန်ကို Fortnite က ၃.၄ သန်းနဲ့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက စံချိန်ချိုးသွားခဲ့ပြီး ဒီနောက်ပိုင်းမှာလည်း ကစားသူဦးရေ တောက်လျှောက်တိုးပွားလာနေဆဲဖြစ်ပါတယ်။ Free to Play ဂိမ်းတစ်ခုဖြစ်တဲ့ Fortnite ဟာ လက်ရှိအချိန်မှာ လစဉ် ဒေါ်လာ သန်း ၂၀၀ ကျော်ခန့်လည်း ဝင်ငွေရရှိနေပါသေးတယ်။ ဒီနှုန်းအတိုင်းသာဆက်သွားရင် PUBG ရဲ့ရောင်းရငွေ ဒေါ်လာ ၁.၃ ဘီလျံကိုလည်း ကျော်တက်သွားတော့မှာဖြစ်ပါတယ်။

ရှိပြီးသား Fantasy Concept တစ်ခုကို အသုံးပြုထားတာချင်းအတူတူ ငါအရင်ထွက်လို့ ဒီ Genre ကို ငါပိုင်တယ်အထားမျိုးချိုးနေလို့ PUBG Corp ကို ဝေဖန်ကြသူတွေလည်း ဒီနောက်ပိုင်း ဒုနဲ့ဒေးဖြစ်လာကြပါပြီ။ ကျွန်တော်ကတော့ PUBG အနေနဲ့ ဒီလိုတရားပတ်စွဲနေတာထက် ဂိမ်းကိုပိုကောင်းအောင် အဆင့်မြင့်တင်သင့်တယ်လို့ မြင်မိပါတယ်။ စာဖတ်သူ ဂိမ်မာတွေရော ဘယ်လိုမြင်ကြပါသလဲ?

Ref: BBC

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password