Collectible Card Game အသွင်နဲ့ ထွက်ရှိလာတဲ့ Plants vs. Zombies Heroes

Plants vs. Zombies (PvZ) လို့ဆိုလိုက်တာနဲ့ အပင်လေးတွေကိုအသုံးပြုပြီး Zombie တွေရဲ့ ရန်က ကာကွယ်ရတဲ့ဂိမ်းဆိုတာ လူတိုင်းနီးပါး သိကြပါတယ်။ ဒါပေမယ့် ယခုမိတ်ဆက်ပေးချင်တဲ့ PvZ ဂိမ်းကတော့ လူတွေသိတဲ့ PvZ နဲ့ အနည်းငယ်ကွဲပြားပါတယ်။ ဘာကြောင့်လဲဆိုတော့ Plants vs. Zombies Heroes ဟာ Collectible Card Game (CCG) အမျိုးအစား ဖြစ်နေလို့ပါ။

Plants vs. Zombies Heroes ရဲ့ အခြေခံ ကစားပုံကစားနည်းကတော့ အခြားနာမည်ကြီး CCG ဂိမ်းတစ်ခုဖြစ်တဲ့ Hearthstone နဲ့ အတူတူပဲ ဖြစ်ပါတယ်။ ကစားသူက ကဒ်များကို အကွက်ကျကျ အသုံးချပြီး မိမိပြိုင်ဖက်ရဲ့ Hero ကို တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ Hero ရဲ့သွေးသုညအရင်ရောက်တဲ့ဖက်က ရှုံးနိမ့်မှာပါ။ ကစားပွဲတစ်ခုစတာနဲ့ နှစ်ဖက်လုံးက မိမိရရှိတဲ့ ကဒ်တွေပေါ်မူတည်ပြီး နည်းဗျူဟာတွေ စဉ်းစားရမှာ ဖြစ်ပါတယ်။ ကဒ်တွေကို အသုံးပြုဖို့က energy လိုအပ်ပြီး ကစားပွဲကြာလာတာနဲ့အမျှ အသုံးပြုလို့ရတဲ့ energy အရေအတွက်လည်း တိုးလာမှာပါ။ Energy တိုးလာတဲ့အလျှောက် ပိုကြမ်းတဲ့ ကဒ်တွေကို အသုံးပြုလာနိုင်မှာ ဖြစ်ပါတယ်။ ဒါကတော့ CCG ဂိမ်းအများစုရဲ့ အခြေခံ ကစားနည်းဖြစ်ပြီး Plants vs. Zombies Heroes ဟာလည်း ထိုနည်း၎င်း ဖြစ်ပါတယ်။

 .         

ဒါဆို ဒီဂိမ်းက တခြားဂိမ်းတွေနဲ့ အတူတူပဲ ဖြစ်နေမှာပေါ့ ဆိုပြီး တွေးနေကြပါသလား။ အဲဒါဆိုရင်တော့ လုံးလုံးမဟုတ်ပါဘူးလို့ ပြန်ဖြေရမှာပါ။ PopCap က Classic PvZ ဂိမ်းရဲ့ အနှစ်သာရနဲ့ CCG ဂိမ်းတို့ကို လှလှပပ ပေါင်းစပ်ပြသွားပါတယ်။ ဒီဂိမ်းကို Classic PvZ ဂိမ်းတွေလိုပဲ lane-based မြေပုံမှာ ဆော့ကစားရမှာဖြစ်ပါတယ်။ စုစုပေါင်း lane ၅ ခု ပါဝင်မှာဖြစ်ပြီး မိမိရဲ့ ကဒ်တွေကို လိုအပ်တဲ့ lane တွေပေါ်မှာ နေရာချပြီး ကစားရမှာပါ။ ရန်သူဖက်က အကောင်တွေက lane အတိုင်း တည့်တည့်ပစ်မှာဖြစ်လို့ ကြားမှာ တစ်ခုခု မရှိနေဘူးဆိုရင် မိမိရဲ့ Hero ကို တိုက်ရိုက်ထိမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိရဲ့ ကဒ်တွေကို လိုအပ်သလို နေရာချနိုင်ဖို့က အရေးကြီးပါတယ်။

ဒီဂိမ်းမှာ နည်းဗျူဟာကျကျ စဉ်းစားရမယ့်အပိုင်းတွေလည်း အများကြီးရှိပါတယ်။ Combo အနေနဲ့ တွဲသုံးလို့ရတဲ့ ကဒ်တွေကို မိမိရဲ့ deck ထဲမှာ ပါဝင်အောင် တွက်ချက်ပြီး ထည့်သွင်းမှ ပြိုင်ဖက်ကို အနိုင်ရဖို့ အခွင့်အလမ်းများမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်ဘက်နဲ့ ညာဘက်အစွန်ဆုံး lane တွေက ခေါင်မိုးနဲ့ ရေကန်တို့ဖြစ်တဲ့အတွက် အဲဒီ lane တွေမှာတော့ သင့်တော်တဲ့ ကဒ်အမျိုးအစားကို အသုံးပြုပေးရမှာပါ။ ဥပမာ ရေလမ်းကြောင်းမှာဆိုရင် ရေထဲမှာအသုံးပြုလို့ရတဲ့ ကဒ်မျိုးကို နေရာချပြီး ကစားရမှာဖြစ်ပါတယ်။ နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ခုကတော့ မိမိအသုံးပြုမယ့် Hero ဖြစ်ပါတယ်။ Hero တိုင်းမှာ unique ability တွေပါဝင်ကြတာမို့ အဲဒီ Hero ရဲ့ အားသာချက်နဲ့ကိုက်ညီအောင် မိမိရဲ့ deck ကို လိုက်လံပြောင်းလဲရမှာပါ။ ဒါကြောင့် Plants vs. Zombies Heroes မှာ CCG ဂိမ်းတစ်ခုရဲ့ အနှစ်သာရဖြစ်တဲ့ deck တည်ဆောက်တာကို အကျအနလုပ်ရမှာ ဖြစ်ပါတယ်။

ဒီဂိမ်းမှာ single-player campaign ပါဝင်သလို လက်ရည်သွေးလိုသူတွေအတွက် PvP mode လည်းပါဝင်ပါသေးတယ်။ ကဒ်တွေကိုတော့ ပုံမှန်ကစားရင်း ရရှိနိုင်သလို ပိုက်ဆံနဲ့ bundle တွေဝယ်ယူပြီးလည်း ကံစမ်းနိုင်ပါတယ်။ Plants vs. Zombies Heroes ဟာ ကဒ်ဂိမ်းဆိုပေမယ့် Classic PvZ ဂိမ်းအရသာလည်း မပျောက်သွားပါဘူး။ ချစ်စရာ Hero ဒီဇိုင်း၊ စိတ်ဝင်စားဖွယ် gameplay ၊ ခပ်လန်းလန်း animation နဲ့ PvZ စတိုင် နောက်ခံတီးလုံး တွေပေါင်းစပ်ထားတော့ ဘာလိုသေးလဲဦးကြီးရာ လို့သာ ပြောလိုက်ချင်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ Plants vs. Zombies Heroes ကို Android ရော iOS မှာပါ အခမဲ့ ရယူဆော့ကစားနိုင်ပါတယ်လို့ အသိပေးအပ်လိုက်ပါတယ်။

Image Sources:

https://itunes.apple.com/us/app/plants-vs-zombies-heroes/id1000876192?mt=8

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password