OPUS: Rocket of Whispers – An Emotional Adventure

OPUS: Rocket of Whispers လို့ အမည်ရတဲ့ ဒီဂိမ်းမှာ post-apocalyptic ကမ္ဘာကြီးထဲ လျှောက်သွားရမယ်၊ Rocket တွေ တည် ဆောက်ရမယ်၊ ဝိညာဉ်တွေနဲ့ စကားပြောရမယ်၊ Witch တစ်ယောက်နဲ့အတူ အလုပ်လုပ်ရမယ်။ ရုတ်တရက်ကြည့်လိုက်ရင် တစ်ခုနဲ့တစ်ခု ဆက်စပ်မှု သိပ်မရှိသလို ခံစားရပါလိမ့်မယ်။ ဒါပေမယ့် ဒီဂိမ်းထဲမှာ ဒီ activity တွေအားလုံးကို စိတ်ဝင်စားဖွယ်ကောင်းတဲ့ဇာတ်လမ်းနဲ့ လှလှပပ ပေါင်းစပ်ထားပါတယ်။ OPUS: Rocket of Whispers ဟာ ကစားသူကို ဆုံးရှုံးခြင်း၊ မျှော်လင့်ခြင်း၊ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း အစရှိတဲ့ ခံစားမှုရသပေါင်းစုံကို ပေးစွမ်းနိုင်မယ့် Adventure ဂိမ်းတစ်ခု ဖြစ်ပါတယ်။

ဒီဂိမ်းမှာ ကစားသူဟာ John ဆိုတဲ့ ကောင်လေးတစ်ယောက်နေရာကနေ ဝင်ရောက်ဆော့ကစားရမှာ ဖြစ်ပါတယ်။ John နေထိုင်တဲ့ ကမ္ဘာကြီးမှာ ထုံးတမ်းစဉ်လာတစ်ခုရှိပါတယ်။ အဲဒါကတော့ လူတွေသေဆုံးပြီးသွားပြီဆိုရင် သူတို့ရဲ့ ဝိညာဉ်တွေကို Rocket ကြီးတွေထဲမှာထည့်သွင်းပြီး ကြယ်တာရာတွေဆီကို ပြန်ပို့ပေးကြတာပါ။ Space Burial လို့ခေါ်တဲ့ ဒီဓလေ့ကိုပြုလုပ်တာဟာ သေဆုံးပြီးသူတွေရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးတာလို့ ယုံကြည်ထားကြပါတယ်။ ဒီလို ဝိညာဉ်တွေကိုပြန်ပို့တာကို Witch တွေက ဦးစီးကြီးကြပ်ပြီး လုပ်ပေးကြပါတယ်။

ဒီလိုနဲ့ တစ်ရက်မှာတော့ သူတို့ကမ္ဘာကြီးကို ကပ်ရောဂါဆိုးကြီး ဆိုက်ကပ်ပါတော့တယ်။ John တစ်ယောက်ကတော့ ကံကောင်းထောက်မပြီး အသက်ရှင်ကျန်နေခဲ့ပေမယ့် သူ့ပတ်ဝန်းကျင်က လူတွေအားလုံးကတော့ သေဆုံးသွားခဲ့ကြပါပြီ။ သေဆုံးသွားသူတွေရဲ့ ဝိညာဉ်တွေဟာ John ကို အိမ်ပြန်ချင်ကြောင်း လာရောက်ပြောဆိုကြပါတယ်။ ဘာလုပ်ရမှန်းမသိတဲ့ John ဟာ တစ်ရက်မှာတော့ နှစ်ပေါင်း ၂၀ ကျော်ကြာ Cryogenic Sleep ထဲမှာ အိပ်စက်နေရာမှ ပြန်ထလာတဲ့ Fei ဆိုတဲ့ Witch တစ်ယောက်နဲ့ ဆုံတွေ့မိပါတယ်။ Fei ဟာ သူမရဲ့တာဝန်ဖြစ်တဲ့ Space Burial ကို လုပ်မှာဖြစ်ကြောင်း ပြောလာတဲ့အခါမှာတော့ ဝိညာဉ်တွေကြောင့် စိတ်ညစ်နေတဲ့ John က သူမကို ကူညီပေးဖို့ သဘောတူလိုက်ပါတယ်။

Rocket ကို Fei က တာဝန်ယူတည်ဆောက်မှာဖြစ်ပြီး John က သူမလိုအပ်သမျှ ပစ္စည်းတွေကို အပြင်မှာ လိုက်ရှာပေးရမှာ ဖြစ်ပါတယ်။ အစိတ်အပိုင်းတွေကို လိုက်ရှာရာမှာ puzzle ဆန်ဆန် လိုက်ရှာရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် puzzle တွေက အရမ်းမခက်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီဂိမ်းက ဇာတ်လမ်းအသားပေးဂိမ်းတစ်ခု ဖြစ်တဲ့အတွက်ပါ။

 .         

John နဲ့ Fei တို့နှစ်ယောက်ကြားက ဆက်ဆံရေးက အစပိုင်းမှာတော့ ကတောက်ကဆတွေနဲ့အပြည့်ပါ။ ဒါပေမယ့် သူတို့ရဲ့ ဦးတည်ချက် ပြီးမြောက်ဖို့ နီးလာတာနဲ့အလျှောက် John နဲ့ Fei တို့ရဲ့ ဆက်ဆံရေးက ပြောင်းလဲလာမှာဖြစ်ပြီး သူတို့ရဲ့ အတိတ်ဇာတ်လမ်းတွေကို တဖြည်းဖြည်းသိလာရမှာ ဖြစ်ပါတယ်။ အစပိုင်းမှာတော့ ဟိုတစ်စ ဒီတစ်စ ဖြစ်နေပေမယ့် ဇာတ်လမ်းအနောက်ပိုင်းရောက်လာတာနဲ့ ဇာတ်လမ်းရုပ်လုံးက ပီပြင်လာမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအဆုံးသတ်ကိုရောက်တဲ့အချိန်မှာတော့ သင်ဟာ Emotional Rollercoaster ကြီး စီးပြီးသား ဖြစ်သွားစေမှာပါ။

ဒီဂိမ်းရဲ့ ဇာတ်လမ်းတင်ဆက်ပုံက ကစားသူကို ဆက်တိုက်ဆော့ဖြစ်သွားအောင် ဆွဲဆောင်ထားနိုင်စွမ်း ရှိပါတယ်။ Cut Scene တစ်ခုမြင်ပြီးတိုင်း နောက်ဆက်ဖြစ်မှာကို သိချင်စိတ်က အလိုလို ပေါ်လာမှာပါ။ Cut Scene တွေကို တစ်ခုနဲ့တစ်ခု ဆက်စပ်စဉ်းစားကြည့်ရတာကလည်း တကယ်ကို အရသာရှိပါတယ်။ Dialogue တွေကလည်း အလွန်စိတ်ဝင်စားဖို့ ကောင်းတဲ့အတွက် ပုံမှန်ဆို စကားပြောခန်းတွေ ကျော်ပစ်လေ့ ရှိတဲ့သူတွေတောင် screen မှာပေါ်လာသမျှစာတွေကို လိုက်ဖတ်ဖြစ်သွားစေမှာပါ။ ဒါ့အပြင် အလွန်လှပတဲ့ နောက်ခံသီချင်းတွေက ဇာတ်လမ်းကို ပိုပြီး ခံစားလို့ကောင်းအောင် ပံ့ပိုးပေးထားကြပါသေးတယ်။

OPUS: Rocket of Whispers ကို Android ရော iOS မှာပါ အခမဲ့ ရယူဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ Free version မှာ တစ်နာရီစာ ဇာတ်လမ်းကို အစမ်းသဘောအနေနဲ့ ဆော့ကစားလို့ရမှာပါ။ Full version ကိုတော့ $1.99 နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ OPUS: Rocket of Whispers ဟာ ဇာတ်လမ်းအသားပေး ဂိမ်းမျိုးကို နှစ်သက်တတ်သူတွေ လုံးဝကစားသင့်တဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့ဇာတ်လမ်းဟာ သင်ပေးလိုက်ရတဲ့အချိန်၊ ရင်းနှီးလိုက်ရတဲ့ ပိုက်ဆံနဲ့ လုံးဝထိုက်တန်စေမယ်ဆိုတာကို အာမခံပါတယ်။

Image Source:

https://itunes.apple.com/us/app/opus-rocket-of-whispers/id1199291635?mt=8

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password