News

Digital နဲ့ Physical ကမ္ဘာကြီးကို ပိုပြီးယုတ်တိရှိရှိ ပေါင်းစပ်ပေးမယ့် Niantic ရဲ့ AR နည်းပညာသစ်

AR နည်းပညာနဲ့ ဖန်တီးထားတဲ့ Product တွေက ကျွန်တော်တို့လို End User တွေလက်ထဲ ရောက်လာကြတာ သိပ်မကြာသေးပါဘူး။ ပြောမယ်ဆိုရင် Niantic ရဲ့ Pokemon GO နဲ့ကျမှ AR နည်းပညာအသုံးပြုထားတဲ့ App တွေက Mainstream ပေါ်ကိုရောက်လာတာပါ။ ပြီးတော့ Apple က ARKit 1&2, Google က ARCore စတဲ့ development kit တွေကို developer တွေလက်ထဲထည့်ပေးပြီးတဲ့အခါကျမှ AR App, AR Game ရယ်ဆိုပြီး ဖောဖောသီသီ မြင်လာကြရတာပါ။

ဒါပေမယ့် အခုလက်ရှိ သုံးနေ၊ မြင်နေကြရတဲ့ AR App/Game တွေက ရှင်းရှင်းပြောရရင် အတောင်အလက်မစုံသေးပါဘူး။ လိုအပ်ချက်တွေ အများကြီးရှိနေပါသေးတယ်။ အဲဒီလိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့ developer တွေက အသည်းအသန်ကြိုးစားနေကြပါတယ်။ အဲဒီအထဲမှာ AR နဲ့နာမည်ကြီးတဲ့ Niantic က ထိပ်ဆုံးကနေဦးဆောင်နေပါတယ်။

ပြီးခဲ့တဲ့ နာရီပိုင်းလေးကမှ Niantic က သူ့ရဲ့ အသစ်စက်စက် AR နည်းပညာဖြစ်တဲ့ Real World Platform အကြောင်းကို ထုတ်ဖော်ကြေညာခဲ့ပါတယ်။ ဒီနည်းပညာမှာ AR program တွေက ပိုပြီးဉာဏ်ကောင်းလာကြပါတယ်။ Real World က အရာဝတ္ထုတွေကို ဘယ်ဟာကဘာ ဆိုပြီး ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ရှိလာကြမှာ ဖြစ်ပါတယ်။

အဲဒါနဲ့ ပတ်သက်ပြီး ဥပမာပေးပါမယ်။ Pikachu လေးရှိတယ်ဆိုပါစို့။ လက်ရှိ AR နည်းပညာအရဆိုရင် program က အုတ်နံရံလိုမျိုးအရာဝတ္ထုကို ဘာမှန်းမသိပါဘူး။ အဲဒီတော့ Pikachu လေးက အုတ်နံရံနားရောက်သွားရင် နံရံကိုဖောက်ပြေးတာတို့၊ နံရံကြားထဲမှာ ညှပ်နေတာတို့ဖြစ်ကြပါတယ်။ Niantic ရဲ့ Real World Platform မှာတော့ program က နံရံကို နံရံမှန်းသိပြီး Pikachu လေးက နံရံနားရောက်တာနဲ့ လူတွေအတိုင်း နံရံကို ကွေ့ဝိုက်ပြီးသွားမှာဖြစ်ပါတယ်။

ပြောမယ်ဆိုရင် အပြင်ကအရာဝတ္ထုရဲ့ပုံရိပ်ကိုမြင်တာနဲ့ အဲဒီအရာဝတ္ထုရဲ့ လုပ်ဆောင်ချက်နဲ့ သဘောတရားကို program က သိရှိပြီး အဲဒီ information ပေါ်မူတည်ကာ သဘာဝကျတဲ့ AR ပုံရိပ်တွေကို ဖန်တီးသွားနိုင်မှာဖြစ်ပါတယ်။

Source: Niantic

အောက်က video လေးကိုကြည့်လိုက်ရင် ပိုပြီးရှင်းသွားပါလိမ့်မယ်။ ပထမဆုံးပြကွက်က Standar AR မြင်ကွင်းပါ။ အဲဒီမှာ Pikachu က လူတွေနဲ့ အရာဝတ္ထုတွေကို ဖောက်ပြေးသွားကို မြင်ရမှာပါ။ နောက်ပိုင်းပြကွက်တွေမှာတော့ AR Occulusion လို့ နာမည်ပေးထားတဲ့ နည်းပညာကို အသုံးပြုထားပြီး အဲဒီမှာဆိုရင် Pikachu က အရာဝတ္ထုတွေနဲ့တွေ့တိုင်း သဘာဝကျကျ ကွေ့ဝိုက်ပြေးသွားတာကို တွေ့နိုင်ပါတယ်။

ဒါဟာ အင်မတန်ကို ကြီးမားတဲ့ တိုးတက်မှုကြီးတစ်ခုပါ။ ဘာကြောင့်လည်းဆိုတော့ အနာဂတ်မှာ ဒီနည်းပညာကိုသုံးပြီး ပိုပြီးသဘာဝကျတဲ့ AR မြင်ကွင်းတွေကို ဖန်တီးလို့ရလာကြမှာမို့လို့ပါ။ AR မြင်ကွင်းထဲက အရာတွေက Real World က အရာတွေနဲ့ တစ်သားတည်းပေါင်းစပ်သွားမှာဖြစ်လို့ ပိုပြီးအထာကျတဲ့ App တွေ ဂိမ်းတွေ ထွက်ပေါ်လာကြမှာဖြစ်ပါတယ်။

ကိုယ်တွေက ဂိမ်းသမားဆိုတော့ ဂိမ်းဖက်ကပဲ အရင်စဉ်းစားကြည့်ဖြစ်ပါတယ်.. ဒီနည်းပညာနဲ့ ဘယ်လိုဂိမ်းမျိုးတွေ ထွက်ပေါ်လာနိုင်မလဲဆိုပြီးပေါ့။ ပထမဦးဆုံးခေါင်းထဲရောက်လာတာက Horror/Thriller ဂိမ်းတွေပါ။ AR မြင်ကွင်းထဲက သရဲတွေက object တွေနောက်မှာ ပိပိရိရိပုန်းတတ်သွားပြီဆိုတော့ Jump Scare တွေက ပီပြင်လာတော့မှာပါ။ နောက်ပြီးတော့ shooting ဂိမ်းတွေမှာဆိုရင်လည်း object တွေနောက်မှာ cover ယူလို့ရသွားမှာဖြစ်လို့ ဆော့ရတာ ပိုပြီးအထာကျသွားမှာပါ။ Possibility တွေကတော့ အဆုံးမရှိပါဘူး။

ဒါ့အပြင် ဒီနောက်ပိုင်း Mainstream ပေါ်ကို ရောက်လာဦးမယ့် Multiplayer AR ဂိမ်းတွေဖက်ကိုလည်း Niantic က အာရုံစိုက်နေပါသေးတယ်။ Multiplayer AR ဂိမ်းဆိုတာက Augmented Reality Instance တစ်ခုတည်းမှာ လူတွေအများကြီး တစ်ပြိုင်တည်း ဆော့ကစားလို့ရတာမျိုးကို ဆိုလိုတာပါ။ အရှင်းလင်းဆုံးပြောရရင် PC မှာ Lobby ထောင်ပြီး Multipalyer ကစားကြတာကို AR version ပါ။ အဲဒါနဲ့ပတ်သက်ပြီးလည်း Niantic က ခရီးတော်တော်ရောက်နေပါပြီ။ အောက်က ဗီဒီယိုမှာသာကြည့်လိုက်ပါ။

ပြီးတော့ Niantic က ဒီနည်းပညာတွေကို အခြား Developer တွေကိုလည်း မျှဝေပေးသွားဦးမှာဆိုတော့ အလန်းစားဂိမ်းတွေ အများကြီးထွက်လာနိုင်ခြေကလည်း တော်တော်များနေပါတယ်။ ဒါကြောင့် ရှေ့လျှောက်ဖုန်းလဲမယ်ဆိုရင် AR ရတဲ့ဖုန်းကိုသာ ရွေးဝယ်ကြဖို့ အကြံပေးလိုက်ရပါတယ်။

Ref: Niantic

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: