Reviews

ချစ်စရာအကောင်လေးတွေ သီချင်းဆိုတာ နားထောင်ရမယ့်ဂိမ်း My Singing Monsters: DawnOfFire

လူကြီးလူငယ်မရွေးနှစ်သက်ကြမယ့်ဂိမ်းမျိုးကို ညွှန်ပြပါဆိုရင် My Singing Monsters: DawnOfFire ဟာ တစ်ခုအပါအဝင်ဖြစ်မှာပါ။ ဒီဂိမ်းမှာ ချစ်စရာအကောင်လေးတွေက သီချင်းဆိုပြကြမှာဖြစ်လို့ သားသားမီးမီးတွေနှစ်သက်ကြမှာဖြစ်သလို resource တွေကိုစီမံခန့်ခွဲတာ၊ အကောင်တွေကိုမျိုးစပ်တာ စတဲ့ စိတ်ဝင်စားဖွယ် gameplay element တွေပါဝင်တာကြောင့် လူကြီးတွေကိုပါ မပျင်းရိသွားစေပါဘူး။

ဒီဂိမ်းဟာ အဓိကအားဖြင့်တော့ resource management ဂိမ်းတစ်ခုပါပဲ။ အကောင်လေးတွေကို level တင်ဖို့က အစာကျွေးဖို့လိုပါတယ်။ အစပိုင်းမှာတော့ ကျွေးရမှာတွေက ပန်းသီး၊ အုန်းသီး၊ ဆန် စတဲ့ အပင်ကနေခူးလိုက်ရုံနဲ့ရတဲ့ basic item တွေဖြစ်ပါတယ်။ အကောင်လေးတွေရဲ့ level မြင့်လာတာနဲ့အမျှ လိုအပ်တာတွေက ရှုပ်ထွေးလာပါတယ်။ Basic item တွေကိုပေါင်းစပ်ပြီးထွက်လာတဲ့ Apple Pie ၊ Coconut Butter စတဲ့ အစားအစာတွေကို ကျွေးရမှာဖြစ်ပါတယ်။ ဒီအပိုင်းမှာသင့်ကိုခေါင်းစားစေမှာက Inventory Space ဖြစ်ပါတယ်။ ကိုယ့်မှာရှိတဲ့ Inventory Space နဲ့ စုဆောင်းရမယ့် material အရေအတွက်ကိုတွက်ချက်ပြီး စနစ်တကျစီမံမှ အလေအလွင့်တွေမရှိမှာဖြစ်ပါတယ်။ ဒီတစ်ချက်ဟာ ကစားသူကို ဒီဂိမ်းထဲ ခဏခဏဝင်ကြည့်ဖြစ်အောင် တွန်းအားပေးနေတာပဲဖြစ်ပါတယ်။

ဒါ့အပြင် ကိုယ့်မှာရှိတဲ့အကောင်လေးတွေကို မျိုးစပ်လို့ရပါသေးတယ်။ မျိုးစပ်လို့ထွက်လာတဲ့ အကောင်အသစ်က နဂိုအကောင်တွေနဲ့အသွင်အပြင်လုံးဝမတူသလို သူတို့သီဆိုတဲ့သီချင်းသံစဉ်လေးတွေပါကွဲပြားပါတယ်။ အဲဒီတော့ ကိုယ့်ရဲ့ကျွန်းပေါ်မှာ အကောင်လေးတွေအမျိုးစုံအောင်ထားရှိရင် Orchestra နားထောင်နေရသလိုပဲ နားဝင်ချိုတဲ့သံစဉ်လေးတွေကို နားဆင်ရမှာဖြစ်ပါတယ်။ တကယ်လို့ သံစဉ်ထဲမှာ ကိုယ်သိပ်မနှစ်သက်တဲ့အသံ ပါနေတယ်ဆိုရင်လည်း အဲဒီအသံထွက်တဲ့ အကောင်လေးကို Mute လုပ်လို့ရပါသေးတယ်။ မလိုအပ်သလောက်ဖြစ်ပေမယ့် အသုံးလိုရင် အသုံးတည့်တဲ့ function လေးဖြစ်တဲ့အတွက် ရှိထားတာတော်တော်အဆင်ပြေပါတယ်။

ဒီဂိမ်းဟာ “My Singing Monsters” series မှာ ဒုတိယမြောက်ဂိမ်းဖြစ်တာမို့ ပထမဂိမ်းဖြစ်တဲ့ My Singing Monsters ထက် graphic ပိုကောင်းပါတယ်။ ပထမဂိမ်းက mechanic တစ်ချို့မပါဝင်လာပေမယ့် သူ့ဟာနဲ့သူတော့ ပြီးပြည့်စုံတဲ့ဂိမ်းဖြစ်တဲ့အတွက် Original ဂိမ်းကိုနှစ်သက်သူတွေကိုလည်း စိတ်မပျက်စေပါဘူး။ ချစ်စဖွယ်သံစဉ်လေးတွေကိုနားဆင်လို့ရမယ့်ဂိမ်းဖြစ်တာမို့ ဆော့ကစားရတာ စိတ်ချမ်းသာစေပြီး အချိန်ကုန်လို့ကုန်မှန်းတောင် သတိမထားမိစေပါဘူး။ ဒီဂိမ်းနဲ့ပတ်သက်ပြီး Breeding Time အရမ်းကြာတာတစ်ခုကလွဲပြီး အခြားအပြစ်ပြောစရာသိပ်မရှိပါဘူး။ ဆော့လို့ကောင်းသလို Entertaining လည်းဖြစ်တဲ့အတွက် Resource Management/Town Building ဂိမ်းကောင်းကောင်းရှာဖွေသူတွေကို စမ်းဆော့ကြည့်ဖို့ Recommend လုပ်လိုက်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: