Optical Illusion တွေနဲ့ ကစားသူတွေကို ဖမ်းစားသွားမယ့် Monument Valley 2

Monument Valley 2 ဆိုတာကတော့ ၂၀၁၄ ခုနှစ်တုန်းက Apple ရဲ့ Game of the Year အဖြစ် သတ်မှတ်ခြင်းခံခဲ့ရတဲ့ Monument Valley ဂိမ်းရဲ့အဆက် ဖြစ်ပါတယ်။ ဒါပေမယ့် Monument Valley 2 ကို ကစားဖို့အတွက် အရှေ့ကဂိမ်းကို ကစားဖို့ မလိုအပ်ပါဘူး။ သူ့အရှေ့ကဂိမ်းနည်းတူ Monument Valley 2 ကို ပရိသတ်တွေရော ဝေဖန်ရေးသမား တွေကပါ နှစ်သက်သဘောကျကြပြီး ထွက်ရှိတဲ့လတုန်းက Apple App Store မှာ Editor’s Choice အနေနဲ့ ရွေးချယ်ဖော်ပြခြင်း ခံခဲ့ရပါတယ်။

 .         

Monument Valley ဂိမ်းတွေအကြောင်း မရင်းနှီးတဲ့သူတွေကို ဒီဂိမ်းတွေအကြောင်း အနည်းငယ် ပြောပြချင်ပါတယ်။ Monument Valley ဂိမ်းတွေဟာ Escherian စတိုင် Impossible Geometry တွေကို အသုံးပြုထားတဲ့ Puzzle ဂိမ်းတွေ ဖြစ်ပါတယ်။ အဲဒီတော့ Puzzle တွေကို ဖြေရှင်းရာမှာ သမားရိုးကျပုံစံနဲ့ စဉ်းစားလို့မရပါဘူး။ Optical Illusion တွေကို သေချာ ကြည့်ရှုနိုင်မှ ဂိမ်းကို အဆင်ပြေပြေ ကစားနိုင်မှာပါ။ ဂိမ်းကစားပုံကတော့ မိမိရဲ့ character ကို သတ်မှတ်ထားတဲ့ နေရာကိုရောက်အောင် နည်းလမ်းရှာဖွေပြီး ပို့ပေးရမှာ ဖြစ်ပါတယ်။ မြေပုံပေါ်မှာရှိတဲ့ အရာဝတ္ထုတွေကို လိုက်ရွှေ့တာတို့၊ ခလုပ်တွေလိုက်နှိပ်တာတို့ စတာတွေကို ပြုလုပ်ပြီး လမ်းကြောင်းရှာဖွေရမှာ ဖြစ်ပါတယ်။

 .         

Monument Valley 2 ဟာ Puzzle ဂိမ်းသက်သက်ကြီး မဟုတ်ပါဘူး။ သူ့မှာ အင်မတန် စိတ်ဝင်စားဖို့ကောင်းပြီး ကစားသူတွေရဲ့ရင်ကို တည့်တည့်ထိသွားစေမယ့် ဇာတ်လမ်းလည်း ပါဝင်ပါသေးတယ်။ ဒီဂိမ်းမှာတော့ Ro ဆိုတဲ့ အမျိုးသမီးနဲ့ သူမရဲ့ သမီးအကြောင်းကို ဆော့ကစားရမှာ ဖြစ်ပါတယ်။ မိဘတွေဟာ သူတို့ရဲ့ရင်သွေးကို အချိန်ပြည့် ကာကွယ်စောင့်ရှောက်နိုင်မှာ မဟုတ်ဘဲ တစ်ချိန်ချိန်ကျရင်တော့ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်ပိုင်လမ်းပေါ် လျှောက်လှမ်းတတ်အောင် မိမိရဲ့အုပ်ထိန်းမှုအောက်ကနေ ထွက်ခွင့်ပြုပေးရမှာပါ။ ဒီဂိမ်းမှာတော့ မိဘတစ်ယောက်ဖြစ်တဲ့ Ro ရဲ့ ရင်ထဲက လွန်ဆွဲနေတဲ့ ခံစားချက်တွေကို လှလှပပ ပုံဖော်ထားပါတယ်။ ဂိမ်းရဲ့ နောက်ခံသီချင်းတွေကလည်း ဇာတ်လမ်း tempo အနိမ့်အမြင့်ကိုလိုက်ပြီး ကွက်တိကျကျ အားဖြည့်ထားကြလို့ ကစားရတာ ပိုပြီးအရသာတွေ့စေမှာပါ။

ဒါပေမယ့် ဂိမ်းတစ်ခုဟာ ပရိသတ်အမျိုးအစားအားလုံးကို စိတ်ကျေနပ်မှု ပေးနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ Monument Valley 2 ဟာ Story ၊ Visual နဲ့ Audio Presentation ပိုင်းတွေမှာ အလွန်ကောင်းပေမယ့် Puzzle တွေရဲ့ difficulty က အရမ်းမခက်လှပါဘူး။ Puzzle ခက်ခက်ကိုမှ ဖြေရှင်းဆော့ကစားချင်သူတွေ အတွက်ကတော့ ဒီအချက်က အားမလိုအားမရဖြစ်စရာပါပဲ။ ဒါ့အပြင် ဒီဂိမ်းဟာ အလွန်တိုတောင်းတယ် ဆိုတဲ့အချက်ကတော့ ပရိသတ်တွေရော ဝေဖန်ရေးသမားတွေပါ ထောက်ပြကြတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ အရမ်းအရှိန်တက်နေတဲ့အချိန်မှာ ဂိမ်းကပြီးသွားတော့ ကစားသူကို မချင့်မရဲဖြစ်စေပါတယ်။

ဒါပေမယ့် ဒီအချက်တွေဟာ ဒီဂိမ်းရဲ့တန်ဖိုးဖြစ်တဲ့ $4.99 ကို မတန်ဘူး မဖြစ်စေပါဘူး။ Premium ဂိမ်းစစ်စစ်ဖြစ်တာကြောင့် Ads တွေ၊ IAP (in-app purchase) တွေနဲ့ အာရုံနောက်စရာ မလိုတာကလည်း ဒီဂိမ်းရဲ့ ကောင်းကွက်တစ်ခု ဖြစ်ပါတယ်။ ဒီစာကိုရေးနေတဲ့အချိန်မှာတော့ Monument Valley 2 ကို iOS ပေါ်မှာသာ ဆော့ကစားနိုင်ဦးမှာ ဖြစ်ပါတယ်။ ၂၀၁၇ မကုန်ခင်မှာ Android version ထုတ်ဝေပေးမယ်လို့တော့ သတင်းထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ Monument Valley 2 ဟာ သင့်ကို ထူးခြားတဲ့ Gameplay ရယ်၊ လှပတဲ့ ဇာတ်လမ်းတင်ဆက်ပုံရယ်နဲ့ ဖမ်းစားသွားမယ့် ဂိမ်းကောင်းတစ်ခု ဖြစ်တာမို့ သင့်ရဲ့ ‘To Play List’ ထဲမှာ ထည့်သွင်းထားသင့်ပါတယ်လို့ အကြံပေးလိုက်ရပါတယ်။

Image Sources:

https://www.facebook.com/monumentvalleygame/

https://itunes.apple.com/us/app/monument-valley-2/id1187265767?mt=8

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password