Android နဲ့ iOS မှာ ဆော့ကစားလို့ရတော့မယ့် LovePlus Every

၂၀၀၉ ခုနှစ်တုန်းက ဂျပန်အမျိုးသားတစ်ဦးရဲ့ ဗီဒီယိုဂိမ်း Character တစ်ယောက်ကို လက်ထပ်လိုက်တဲ့ သတင်း ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဟိုးလေးတကျော် ဖြစ်သွားခဲ့ပါတယ်။ အဲဒီသတင်းနဲ့အတူ Konami ရဲ့ Dating Sim ဂိမ်းဖြစ်တဲ့ LovePlus ဟာလည်း တဟုန်ထိုး နာမည်ကြီးသွားခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီအမျိုးသား လက်ထပ်ခဲ့သူဟာ LovePlus ထဲမှာပါဝင်တဲ့ Character တစ်ယောက်ဖြစ်တဲ့အတွက်ပါ။

LovePlus Series ဟာ မျက်မှောက်အချိန်အထိ ထွက်ရှိပြီးသမျှ Dating Sim ဂိမ်းတွေထဲမှာ အသေးစိတ်အကျဆုံးနဲ့ playtime အရှည်ဆုံးဂိမ်းဖြစ်ပါတယ်။ ကစားသူဟာ ဂိမ်းထဲမှာပါဝင်တဲ့ Character တွေနဲ့ လပေါင်းများစွာ အချိန်ပေးပြီး သူတို့ရဲ့အချစ်တွေ ကိုယ့်ဆီကို ပျံသန်းလာဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ Real-time အတိုင်း သူတို့တွေနဲ့ လျှောက်လည်တာတွေ၊ ညစာထွက်စားတာတွေ အစရှိတာတွေကိုပါ လိုက်လုပ်ရမယ့်ဂိမ်းဖြစ်ပါတယ်။ သင့်ရဲ့ရွေးချယ်မှုတွေပေါ်လိုက်ပြီး Character တွေရဲ့ Personality တွေက လိုက်လံပြောင်းလဲမှာဖြစ်တဲ့အတွက် သင့်စိတ်တိုင်းကျ Virtual ချစ်သူရရှိမယ့် ဂိမ်းမျိုးဖြစ်ပါတယ်။

ဒါပေမယ့် LovePlus ကို Nintendo DS နဲ့ 3DS တွေပေါ်မှာပဲ ဆော့ကစားလို့ရတဲ့အတွက် အဲဒီစက်တွေကို မပိုင်ဆိုင်သူတွေက ဒီနာမည်ကြီးဂိမ်းကို ဆော့ကစားဖို့ အခွင့်အလမ်းမရခဲ့ကြပါဘူး။ ဒါပေမယ့် မပူပါနဲ့။ မကြာမီအချိန်ကပဲ Konami က Android နဲ့ iOS Platform တွေမှာ ဆော့ကစားလို့ရမယ့် LovePlus Every ဆိုတဲ့ Mobile ဂိမ်းအကြောင်း ကြေညာခဲ့ပါတယ်။ ဒီဂိမ်းကို ပြီးခဲ့တဲ့ Tokyo Game Show 2017 မှာ ပါဝင်ပြသခဲ့ပြီး ပရိသတ်တွေရဲ့ အထူးစိတ်ဝင်စားမှုကို ခံခဲ့ရကာ Japan Game Awards 2017 ရဲ့ Future Division ဆုအတွက် ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။

 .         

LovePlus Every မှာ ယခင်ဂိမ်းတွေက Character တွေဖြစ်တဲ့ Kobayakawa Rinko ၊ Anegasaki Nene နဲ့ Takane Manaka တို့ ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒီဂိမ်းမှာ ထူးခြားလာတာကတော့ ပုံမှန် LovePlus ဂိမ်းတွေရဲ့ အဓိက feature တွေအပြင် VR Mode ထပ်ဆောင်းပါဝင်လာတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ Virtual ချစ်သူကို Virtual Reality မြင်ကွင်းမှာ လိုက်လံပိုးပန်းလို့ရတော့မှာပါ။

LovePlus Every ကို လာမယ့် Winter မှာ ဂျပန်နိုင်ငံအတွင်းမှာ ထုတ်ဝေသွားမယ်လို့ Konami က ကြေညာထားပါတယ်။ တစ်ခုရှိတာက ဂျပန်နိုင်ငံအတွက်ပဲ ထုတ်ဝေဦးမှာဖြစ်လို့ ဂိမ်းက ဂျပန်ဘာသာစကားနဲ့ ဖြစ်ဖို့များပါတယ်။ ဒါကြောင့် အင်္ဂလိပ်ဘာသာစကားနဲ့ Global Release ထုတ်ဝေပေးဖို့ကို ဆုတောင်းရမှာပဲ ဖြစ်ပါတယ်။ LovePlus Every နဲ့ပတ်သက်ပြီး နောက်ထပ်သတင်းတွေ ထပ်မံသိရှိခဲ့ရရင် ဒီကနေ ထပ်မံဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password