သူငယ်ချင်းတွေနဲ့ အတူတူဆော့လို့ရမယ့် Local Multiplayer Game များ အပိုင်း ၂

အင်တာနက်စနစ် အရမ်းဖွံ့ဖြိုးလာပြီးတဲ့နောက်မှာ ဂိမ်းတွေဟာ တစ်ကမ္ဘာလုံးကလူတွေနဲ့ ဆော့ကစားလို့ရအောင် Online Multiplayer စနစ်တွေ ပါဝင်လာကြပါတယ်။ အင်တာနက်ရှိရုံနဲ့ အခြားသူတွေနဲ့ ကစားလို့ရတာကြောင့် အဆင်ပြေပေမယ့် အရင်တုန်းကလို သူငယ်ချင်းတွေနဲ့ စုစုရုံးရုံး အတူတူဆော့ကစားရတဲ့ ခံစားချက်ကိုတော့ ရံဖန်ရံခါ သတိရမိတာတော့ အမှန်ပါပဲ။ အဲဒီခံစားချက်မျိုးကို တမ်းတနေတဲ့ ဘော်ဒါတွေအတွက် သူငယ်ချင်းတွေနဲ့ တွေ့ဆုံခိုက်မှာ ရယ်မောသံလေးတွေဖန်တီးပေးမယ့် Local Multiplayer Mobile Game အချို့နဲ့ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Badland

Developer    : Frogmind

Platform       : Android, iOS

Price             : $0.99

Badland ဟာ ထွက်ရှိခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ Apple Design Award ၊ Game of the Year Award တွေအပါအဝင် ဆုပေါင်းများစွာ ဆွတ်ခူးရရှိခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ Badland ဟာ side-scrolling adventure ဂိမ်းတစ်ခု ဖြစ်ပြီး လှပတဲ့ Graphic နဲ့ innovative ဖြစ်တဲ့ physics-based ကစားနည်းတွေကြောင့် လူကြိုက်များတာ ဖြစ်ပါတယ်။ ဒီဂိမ်းမှာ ကစားသူက အကောင်လေးတစ်ကောင်ကို ထိန်းချုပ်ပြီး အတားအဆီးတွေကို လွတ်အောင်ရှောင်ရင်း ပန်းတိုင်ကို ရောက်အောင်သွားရမှာပါ။ လမ်းတစ်လျှောက်မှာရှိတဲ့ power ups လေးတွေကို လိုက်စားပြီး မိမိထိန်းချုပ်လို့ရတဲ့ အကောင်အရေအတွက်ကို တိုးပွားအောင် လုပ်လို့ရမှာ ဖြစ်ပါတယ်။ အဲဒီ clone တွေကို အချို့ mechanic တွေကိုကျော်ဖြတ်ဖို့အတွက် အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ အကောင်းဆုံးအချက်ကတော့ Badland ကို ကစားသူ ၄ ယောက် တစ်ပြိုင်တည်း device တစ်လုံးတည်းမှာ ဆော့ကစားလို့ရတာပါ။ Multiplayer ကစားတဲ့နေရာမှာ ပန်းတိုင်ကို ကိုယ်အရင်ရောက်ဖို့အတွက် အခြားကစားသူတွေကို နည်းမျိုးစုံနဲ့ အကျင့်ပုတ်လို့ ရပါသေးတယ်။ ဓားတွေရှိတဲ့နေရာကို သူများကို တွန်းပို့လိုက်တာ၊ အပေါက်ကျဉ်းကျဉ်းလေးထဲကို သူများဝင်လို့မရအောင် ပိတ်ထားတာ အစရှိပြီး ဉာဏ်နီဉာဏ်နက် ထွက်သမျှကို အသုံးချလို့ရမှာ ဖြစ်ပါတယ်။ Badland ဟာ သူငယ်ချင်းတွေဆုံတဲ့အခါ အတူတကွ ပျော်ပျော်ပါးပါး ဆော့ကစားလို့ရမယ့် ဂိမ်းတစ်ခု ဖြစ်ပါတယ်။

 .         

 

Pico Rally

Developer    : Raketspel AB

Platform       : iOS

Price             : Free

Pico Rally ဟာ အင်မတန်မှ ရိုးရှင်းတဲ့ Racing ဂိမ်းတစ်ခု ဖြစ်ပါတယ်။ One-touch control စနစ်ကို အသုံးပြုထားလို့ နေရာမရွေး အဆင်ပြေပြေ ဆော့ကစားနိုင်မယ့်ဂိမ်းမျိုး ဖြစ်ပါတယ်။ Gameplay က ရိုးရှင်းပေမယ့် ဆော့ရတာ တော်တော် ပျော်ဖို့ကောင်းပါတယ်။ ဘာကြောင့်လည်းဆိုတော့ သင်နဲ့ သင့်သူငယ်ချင်း၊ စုစုပေါင်း ကစားသူ ၂ ဦးအထိ device တစ်လုံးတည်းမှာ တစ်ပြိုင်တည်း ဆော့ကစားနိုင်မှာဖြစ်လို့ပါ။ ဒါ့အပြင် ပြိုင်ကွင်းပေါင်း ၅၀ ကျော်ပါဝင်တဲ့အတွက် ကြာကြာဆော့ရင်လည်း ပျင်းစရာ မကောင်းစေပါဘူး။

 .          .         

 

Worms 3

Developer    : Team 17 Software Ltd

Platform       : Android, iOS

Price             : $4.99

Worms 3 အပါအဝင် Worms ဂိမ်းတွေတော်တော်များများဟာ သူ့ရဲ့ အလွန်ပျော်ဖို့ကောင်းတဲ့ Multiplayer game mode ကြောင့် နာမည်ကြီးကြပါတယ်။ ဒီဂိမ်းမှာ ကစားသူတွေဟာ လက်နက်မျိုးစုံကို အသုံးပြုပြီး ရန်သူအသင်းဖက်က Worm တွေကို နှိမ်နှင်းရမှာပါ။ Turn-based ဖြစ်တဲ့အတွက် တစ်လှည့်စီ ဆော့ကစားရမှာဖြစ်ပါတယ်။ Worms 3 ရဲ့ Pass ‘N’ Play mode မှာ ကစားသူ ၂ ဦးကနေ ၄ ဦးအထိ Device တစ်လုံးတည်းမှာ တစ်ပြိုင်တည်း ဆော့ကစားလို့ရမှာ ဖြစ်ပါတယ်။ သူငယ်ချင်းအိမ်မှာ လူစုမိတဲ့အချိန်တွေမှာ TV နဲ့ ချိတ်ဆက်ပြီး ဇိမ်ကျကျနဲ့ ကစားနိုင်မယ့် ဂိမ်းတစ်ခု ဖြစ်ပါတယ်။

 .         

 

Battle Slimes

Developer    : Dodreams Fairytale Company Oy

Platform       : Android, iOS

Price             : $1.99

ဂိမ်းနဲ့ နာမည်အတိုင်းပဲ Slime အကောင်လေးတွေကို အသုံးပြုပြီး ရန်သူတွေကို တိုက်ခိုက်ရမယ့် ဂိမ်းတစ်ခု ဖြစ်ပါတယ်။ Battle Slimes ဟာ Local Multiplayer သီးသန့်ဂိမ်းတစ်ခုဖြစ်ပြီး ကစားသူ ၂ ဦးကနေ ၄ ဦးအထိ တစ်ပြိုင်တည်း device တစ်လုံးတည်းမှာ အတူဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ ရိုးရှင်းတဲ့ one touch control စနစ်ကို အသုံးပြုထားတဲ့အတွက် လူ ၄ ယောက်ဆော့ကစားနေရင်တောင် လက်တွေရှုပ်ရှက်ခတ် ဖြစ်နေမယ့် ပြဿနာမရှိပါဘူး။ Screen ကို tap လုပ်ပြီးခုန်ရင်း Power up တွေကို လိုက်လုစားပြီး သင့်ရဲ့ battle skill တွေကို သူငယ်ချင်းတွေရှေ့မှာ ထုတ်ပြနိုင်မှာ ဖြစ်ပါတယ်။

 .         

 

Terraria

Developer    : 505 Games (US), Inc.

Platform       : Android, iOS

Price             : $4.99

Terraria ကို အလွယ်ကူဆုံး စကားတစ်လုံးနဲ့ဖော်ပြရင် ‘Minecraft 2D Version’ လို့ ပြောရမှာပါ။ ဒါပေမယ့် Terraria ဟာ အခြား Minecraft clone တွေနဲ့မတူပဲ အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့ gameplay ပါဝင်တဲ့အတွက် ကစားသူတွေရဲ့ အထူးနှစ်သက်ခြင်းခံရတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ Sandbox survival ဂိမ်းတစ်ခုဖြစ်တဲ့ Terraria မှာ ကစားသူဟာ ကုန်ကြမ်းတွေစုဆောင်း၊ လက်နက်တွေ ပြုလုပ်၊ ရန်သူတွေနဲ့တိုက်ခိုက် အစရှိတာတွေကို ပြုလုပ်ပြီး စွန့်စားခန်း ဖွင့်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့အတူ Terraria ကို အတူတူ ဆော့ကစားနိုင်ဦးမှာပါ။ Local Wifi ကနေချိတ်ဆက်ပြီး ကစားသူ ၄ ဦးအထိ တစ်ပြိုင်တည်း ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ Weekend တွေမှာ သူငယ်ချင်းတွေနဲ့အတူ chill ဖို့အတွက် သင့်တော်တဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။

 .         

 

Metal Slug 3

Developer    : SNK Corporation

Platform       : Android, iOS

Price             : $2.99

ကျွန်တော်တို့ ၉၀ နှစ်ဖွားတွေ ငယ်ငယ်က ရမ်ဘိုအာနိုးဆိုပြီး စွဲစွဲမက်မက် ဆော့ကစားခဲ့တဲ့ Metal Slug ဟာ နောက်ဆုံးတော့ Mobile platform ပေါ်ကို ရောက်လာပါပြီ။ Graphic ရော Gameplay ပိုင်းကပါ ကျွန်တော်တို့ ဆော့ခဲ့ဖူးတဲ့ Playstation ပေါ်ကအတိုင်းပဲဖြစ်တာမို့ အရင်က ဆော့ကစားခဲ့တာတွေကို အမှတ်ရစေမှာပါ။ Metal Slug လို့ဆိုလိုက်ရင် လူ ၂ ယောက်ကစားရတယ်ဆိုတာ တွဲပြီး မြင်ပြီးသားပါ။ အဲဒါကြောင့် ဒီ Mobile version မှာဆိုရင် Bluetooth ကနေတစ်ဆင့် ချိတ်ဆက်ပြီး ကစားသူ ၂ ယောက် အတူဆော့ကစားနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ငယ်ငယ်တုန်းက Metal Slug ကစားခဲ့တဲ့ အချိန်တွေကို သင့်ဖုန်းပေါ်မှာ ပြန်လည်ခံစားလို့ရပြီ ဖြစ်ပါတယ်။

 .         

 

Neon Shadow

Developer    : Crescent Moon Games

Platform       : Android, iOS

Price             : $2.99

Neon Shadow ဆိုတာတော့ Cyberpunk စတိုင် First-Person-Shooter ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းမှာ single-player campaign ရော multiplayer mode ပါ ပါဝင်ပါတယ်။ Neon Shadow ကို Online Multiplayer ကစားနိုင်သလို Local Wifi ကနေတစ်ဆင့် ချိတ်ဆက်ပြီး သူငယ်ချင်းတွေနဲ့လည်း ကစားနိုင်မှာ ဖြစ်ပါတယ်။ အပြင်သွားလာရင်း Shooting ဂိမ်းကစားချင်တဲ့သူတွေအတွက် ကွက်တိဖြစ်စေမယ့် ဂိမ်းတစ်ခု ဖြစ်ပါတယ်။

 .         

 

Sea Battle 2

Developer    : BYRIL OOO

Platform       : Android, iOS

Price             : Free

ဒီတစ်ခုကလည်း Classic ဂိမ်းတစ်ခုပါပဲ။ ကစားသူ နှစ်ဖက်လုံးက သင်္ဘောတွေကို မြေပုံပေါ်မှာ ကိုယ်စီနေရာချပြီး မိမိသင်္ဘောတွေမကုန်ခင်မှာ ရန်သူသင်္ဘောတွေ အကုန်ပျက်စီးသွားအောင် အမြှောက်တွေနဲ့ ခန့်မှန်းပြီးပစ်ရမယ့် ကစားနည်းဖြစ်ပါတယ်။ Sea Battle 2 မှာ Online ကလူတွေနဲ့ ကစားနိုင်သလို Bluetooth/Wifi ကို အသုံးပြုပြီး မိမိသူငယ်ချင်းတွေနဲ့ ချိတ်ဆက်ဆော့ကစားလို့ရမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဂိမ်းတစ်ခုလုံးကို လက်နဲ့ရေးဆွဲထားတဲ့ ပုံတွေနဲ့ တည်ဆောက်ထားတာမို့ ငယ်ငယ်တုန်းက စာရွက်တွေပေါ်မှာ ရေးဆွဲပြီးဆော့ခဲ့ရသလို ခံစားမှုမျိုးကိုပေးမှာပါ။

 .         

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password