သူငယ်ချင်းတွေနဲ့ အတူတူဆော့လို့ရမယ့် Local Multiplayer Game များ အပိုင်း ၁

အင်တာနက်စနစ် အရမ်းဖွံ့ဖြိုးလာပြီးတဲ့နောက်မှာ ဂိမ်းတွေဟာ တစ်ကမ္ဘာလုံးကလူတွေနဲ့ ဆော့ကစားလို့ရအောင် Online Multiplayer စနစ်တွေ ပါဝင်လာကြပါတယ်။ အင်တာနက်ရှိရုံနဲ့ အခြားသူတွေနဲ့ ကစားလို့ရတာကြောင့် အဆင်ပြေပေမယ့် အရင်တုန်းကလို သူငယ်ချင်းတွေနဲ့ စုစုရုံးရုံး အတူတူဆော့ကစားရတဲ့ ခံစားချက်ကိုတော့ ရံဖန်ရံခါ သတိရမိတာတော့ အမှန်ပါပဲ။ အဲဒီခံစားချက်မျိုးကို တမ်းတနေတဲ့ ဘော်ဒါတွေအတွက် သူငယ်ချင်းတွေနဲ့ တွေ့ဆုံခိုက်မှာ ရယ်မောသံလေးတွေဖန်တီးပေးမယ့် Local Multiplayer Mobile Game အချို့နဲ့ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Glow Hockey 2

Developer    : Natenai Ariyatrakool

Platform       : Android, iOS

Price             : Free

Glow Hockey ကတော့ လူတိုင်းနဲ့ရင်းနှီးတဲ့ Hockey ကစားနည်းကို လှပတဲ့ Graphic နဲ့ ရေးဆွဲထားတာ ဖြစ်ပါတယ်။ ဒီဂိမ်းကို တစ်ဦးတည်း ကစားနိုင်သလို device တစ်လုံးတည်းမှာပဲ ကစားသူနှစ်ယောက် တစ်ပြိုင်တည်း ကစားနိုင်မှာလည်း ဖြစ်ပါတယ်။ ထွက်ရှိထားတာ အတော်ကြာပြီဖြစ်ပေမယ့် ယနေ့အထိ လူတွေနှစ်နှစ်ခြိုက်ခြိုက် ကစားနေကြသေးတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။

 

 .         

 

Scrabble

Developer    : Electronic Arts

Platform       : Android, iOS

Price             : Free/$7.99

Scrabble ကစားနည်းကို မသိတဲ့ Word ဂိမ်း ဝါသနာရှင်ဆိုတာ မရှိသလောက်ပါပဲ။ Electronic Arts က ရေးဆွဲထုတ်လုပ်ထားတဲ့ ဒီဂိမ်းကတော့ Scrabble ကစားနည်းကို ရောက်လေရာအရပ်မှာ အလွယ်တကူ ဆော့ကစားလို့ ရစေမှာပါ။ Board တွေ၊ Alphabet အတုံးလေးတွေကို တကူးတက သယ်သွားရမယ့် ဒုက္ခနဲ့လည်း ကင်းဝေးရမှာပါ။ ဒီဂိမ်းရဲ့ အကောင်းဆုံးအချက်ကတော့ သင့်ရဲ့ ဝါသနာတူသူငယ်ချင်းနဲ့ Pass N’ Play mode ကိုဝင်ရောက်ပြီး Device တစ်လုံးတည်းမှာ ယှဉ်ပြိုင်ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

 .         

 

Bloop – Tabletop Finger Frenzy

Developer    : Rusty Moyher

Platform       : Android, iOS

Price             : $4.99

တစ်ခါတစ်လေမှာ ရိုးရှင်းတဲ့ concept နဲ့ဂိမ်းတွေက တကယ်တမ်း ကစားကြည့်လိုက်ရင် ထင်ထားတာထက် အများကြီး ပိုပျော်ဖို့ကောင်းနေတတ်ပါတယ်။ Bloop ဟာ အဲဒီလိုဂိမ်းမျိုးရဲ့ အကောင်းဆုံးဥပမာတစ်ခု ဖြစ်ပါတယ်။ ပွဲတစ်ခုအစမှာ ကစားသူတွေဟာ မိမိနှစ်သက်ရာအရောင်တစ်ခုကို ရွေးချယ်ရမှာပါ။ ပွဲစပြီဆိုတာနဲ့ Screen မှာ အရောင်စုံအကွက်တွေ ပေါ်လာမှာဖြစ်ပြီး မိမိရွေးချယ်ထားတဲ့အရောင်ကို လိုက်နှိပ်ပေးရမှာ ဖြစ်ပါတယ်။ ပွဲပြီးဆုံးတဲ့အချိန်မှာ အများဆုံးနှိပ်နိုင်တဲ့သူက အနိုင်ရမှာဖြစ်ပါတယ်။ Bloop ကို ကစားသူ ၄ ဦးအထိ တစ်ပြိုင်တည်း ကစားနိုင်မှာဖြစ်ပါတယ်။ အနိုင်ရဖို့ ပြိုင်ဖက်ကို ကလိထိုးတဲ့ နည်းဗျူဟာ၊ ကိုယ်လုံးနဲ့ တွန်းထုတ်တဲ့ နည်းဗျူဟာ၊ လက်ကို ချုပ်ထားတဲ့နည်းဗျူဟာ အစရှိပြီး ဉာဏ်ရှိသလို အကွက်တွေဆင်လို့ရပါသေးတယ်လို့ လက်တို့ပြီး တိုးတိုးလေး ပြောပြလိုက်ပါတယ်။

 .         

 

Virus Vs. Virus

Developer    : Intelligence Paradise China Co., Ltd.

Platform       : iOS

Price             : Free

Virus Vs. Virus ဟာ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ Icebreaker အဖြစ်နဲ့ပဲဖြစ်ဖြစ် ကစားဖို့ သင့်တော်တဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဒီဂိမ်းမှာ Mini Game တွေအများကြီးပါဝင်ပြီး Device တစ်လုံးတည်းမှာ ကစားသူ ၂ ယောက်ကစားနိုင်မှာ ဖြစ်ပါတယ်။ Mini Game တစ်ခုချင်းစီရဲ့ objective ကို အရင်ဆုံးပြီးအောင်လုပ်နိုင်သူက အနိုင်ရမှာဖြစ်ပါတယ်။ ပါဝင်တဲ့ဂိမ်းတွေကလည်း တစ်ခုနဲ့တစ်ခု မတူပဲ ကွဲပြားကြတာကြောင့် ဆော့ကစားရတာ အမြဲတမ်း Fresh ဖြစ်စေပါတယ်။ ဂိမ်းကို Random mode နဲ့ဆော့ကစားတာကတော့ အရသာအရှိဆုံးပါ။ ရုတ်တရက်ပေါ်လာတဲ့ဂိမ်းကို ဘယ်လိုကစားရမယ်ဆိုတာ ချက်ချင်းစဉ်းစားပြီး ကိုယ့်သူငယ်ချင်းထက် အရင်ပြီးအောင် ကြိုးစားရတာဟာ သင့်ကိုမိနစ်ပေါင်းများစွာ ဆက်တိုက်ကစားဖြစ်သွားစေမှာပါ။

 .

 

Heads Up!

Developer    : Warner Bros.

Platform       : Android, iOS

Price             : $0.99

သင်နဲ့ သင့်သူငယ်ချင်းတွေ Sleepover Party လုပ်ဖို့ အစီအစဉ်ရှိပါသလား။ ခရီးထွက်နေတုန်း ဟိုတယ်မှာ ညဖက်ဘာလုပ်ရမှန်းမသိ ဖြစ်နေပါသလား။ ဒါဆိုရင်တော့ Heads Up! ဆိုတဲ့ ဒီဂိမ်းကို ဆောင်သွားပါလို့ အကြံပေးပါရစေ။ ပွဲစတာနဲ့ ကစားသူတစ်ယောက်က ဖုန်းကို နဖူးပေါ်ကိုတင်ထားရမှာပါ။ Screen မှာ ပြထားတဲ့ အရာကို အခြားသူတွေက ဖုန်းကိုင်ထားတဲ့သူ ခန့်မှန်းလို့ရအောင် သဲလွန်စတွေအမျိုးစုံပေးရမှာ ဖြစ်ပါတယ်။ ကိုယ်ဟန်အမူအရာနဲ့ဖြစ်စေ၊ စကားလုံးနဲ့ဖြစ်စေ ဉာဏ်ရှိသလို သဲလွန်စပေးနိုင်ပါတယ်။ အချိန်မစေ့ခင် အဖြေမှန်ရအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Heads Up! app ကို အသုံးပြုပြီး သင့်ရဲ့သူငယ်ချင်းတွေ ကြိုးစားပမ်းစားနဲ့ သဲလွန်စတွေပေးနေတာကို ဗီဒီယိုရိုက်ထားလို့လည်း ရပါသေးတယ်။ ဒီဂိမ်းကို ကစားသူအကန့်အသတ်မရှိ ပါဝင်ဆော့ကစားနိုင်မှာဖြစ်လို့ ဘယ်လိုအခြေအနေမျိုးမှာမဆို ဆော့ကစားဖို့အဆင်ပြေတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။

 .         

 

Fruit Ninja

Developer    : Halfbrick Studios

Platform       : Android, iOS

Price             : Free

ကျွန်တော်တို့ နှစ်ရှည်လများ ဆော့ကစားလာတဲ့ Fruit Ninja ဟာဆိုရင်လည်း Local Multiplayer ဆော့ကစားလို့ရတယ်ဆိုတာ သိကြပါသလား။ သင်ရဲ့ Ninja စွမ်းရည်တွေကို သင့်သူငယ်ချင်းနဲ့ Device တစ်လုံးတည်းမှာ Real-Time ယှဉ်ပြိုင်လို့ရမှာပါ။ Fruit Ninja ရဲ့ အဓိက ကစားနည်း ၂ မျိုးဖြစ်တဲ့ Classic ရော Zen mode ပါ ကစားလို့ရမှာ ဖြစ်ပါတယ်။ သွားလေရာမှာ လက်စွမ်းပြချင်တယ်ဆိုရင်တော့ Fruit Ninja ကိုဆောင်ထားပါလို့သာ ပြောပါရစေ။

 .         

 

Spaceteam

Developer    : Henry Smith

Platform       : Android, iOS

Price             : Free

Spaceteam မှာ ကစားသူတွေဟာ မိမိတို့ရဲ့အာကာသယာဉ်ကို မပျက်စီးသွားအောင် ထိန်းသိမ်းပြုပြင်ပြီး မောင်းနှင်ရမှာဖြစ်ပါတယ်။ ကစားသူတိုင်းမှာ Phone/Tablet တစ်ခုစီရှိရမှာဖြစ်ပြီး ပါဝင်တဲ့ ကစားသူတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ ခလုပ်တွေပါဝင်တဲ့ Control Board တွေကို မြင်တွေ့ရမှာပါ။ အာကာသယာဉ်ကို ပြုပြင်ထိန်းသိမ်းဖို့အတွက် ညွှန်းကြားချက်တွေအတိုင်း အချိန်မှီ လိုက်လုပ်ပြီး အခန်းတွေကို အောင်မြင်အောင် ဆော့ကစားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကစားသူ တစ်ယောက်နဲ့တစ်ယောက် မြင်ရတဲ့ ညွှန်ကြားချက်ချင်း မတူကြပါဘူး။ အဲဒီတော့ မိမိဆီမှာပေါ်လာတဲ့ ညွှန်ကြားချက်ကို အခြားသူတွေကြားအောင် အော်ပြောရမှာ ဖြစ်ပါတယ်။ Spaceteam ကို ကစားသူ ၂ ယောက်ကနေ ၈ ယောက်အထိ တစ်ပြိုင်တည်း ကစားလို့ရမှာ ဖြစ်ပါတယ်။ လူ ၈ ယောက် တစ်ယောက်ကိုတစ်ယောက် အော်ဟစ် ပြောဆိုနေတာကို မြင်ယောင်ကြည့်လိုက်ပါ။ အဲဒီအတိုင်း Spaceteam ကို ကစားရမှာ ဖြစ်ပါတယ်။ Wifi connection ရော Bluetooth နဲ့ပါ ချိတ်ဆက်ဆော့ကစားလို့ရမှာဖြစ်လို့ သူငယ်ချင်းတွေဆုံတာနဲ့ အလွယ်တကူချိတ်ဆက်ပြီး ဆော့ကစားလို့ရမှာ ဖြစ်ပါတယ်။

 .          .         

 

BombSquad

Developer    : Eric Froemling

Platform       : Android, Mac, Windows

Price             : Free

BombSquad ဟာ Mini Game တွေအများကြီးပါဝင်ပြီး ကစားသူ ၈ ယောက်အထိ တပြိုင်တည်း ချိတ်ဆက်ကစားလို့ရတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ကစားသူတွေဟာ Power Up တွေလိုက်စား၊ ဗုံးတွေနဲ့ လိုက်ပေါက်၊ လက်သီးနဲ့ထိုး၊ ကိုင်ပေါက် အစရှိတဲ့နည်းတွေနဲ့ အခြားသူတွေကို တိုက်ခိုက်ရမှာဖြစ်ပါတယ်။ Graphic ကလည်း အင်မတန် လှပတာမို့ ကလေးလူကြီး အရွယ်မရွေး နှစ်သက်သဘောကျကြမှာပါ။ Android အတွက်ကတော့ Application သပ်သပ်ရှိပေမယ့် iOS သမားတွေက အခြားနည်းလမ်းနဲ့ ဆော့ကစားရမှာ ဖြစ်ပါတယ်။ Play Store နဲ့ Apple App Store တို့ကနေ BombSquad Remote ဆိုတဲ့ Application ကို သင့်ဖုန်းထဲ ထည့်သွင်းလိုက်ရင် သင့်ဖုန်းကို Game Remote အနေနဲ့ အသုံးပြုပြီး Mac နဲ့ Windows ကွန်ပြူတာတွေပေါ်မှာ ဆော့ကစားလို့ရမှာ ဖြစ်ပါတယ်။ ချိတ်ဆက်မယ့်သူတွေအားလုံးက Wifi Network တစ်ခုတည်းပေါ်မှာရှိနေရင် ချိတ်ဆက်ဆော့ကစားလို့ရပါပြီ။ သူငယ်ချင်းတွေအများကြီး အတူတူဆော့လို့ရတဲ့ ဂိမ်းဖြစ်တာမို့ သင့်ရဲ့ အားလပ်ရက်တွေမှာ သင့်သူငယ်ချင်းတွေနဲ့ အတူဆော့ကစားကြည့်ပါလို့ အကြံပေးလိုပါတယ်။

 .         

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password