ဆန်းသစ်တဲ့ ကစားနည်းနဲ့ Rhythm ဂိမ်း Lanota

Rhythm ဂိမ်းလို့ဆိုလိုက်တာနဲ့ Screen ရဲ့ အပေါ်ကနေ Note တွေကျလာပြီး Judgment Line ပေါ်ရောက်တာနဲ့ ကွက်တိကျအောင်လိုက်နှိပ်ရတဲ့ Gameplay ကို ပြေးမြင်ကြမှာပါ။ ဒီလိုတွေးမိတာ မဆန်းပါဘူး။ အဲဒါက Rhythm ဂိမ်းတွေစပြီး ရေပန်းစားလာကတည်းက Game Developer တိုင်းအသုံးပြုခဲ့တဲ့ Formula ဖြစ်နေလို့ပါ။ Developer အသစ်တွေကလည်း သူတို့ဂိမ်းတွေ အောင်မြင်အောင် ရှိပြီးသား Formula ကိုပဲ အသုံးပြုကြတာကြောင့်လည်း ပါဝင်ပါတယ်။

ဒါပေမယ့် Lanota ဟာ အဲဒီလိုဂိမ်းမျိုးမဟုတ်ပါဘူး။ Rhythm ဂိမ်း ရေးဆွဲသူတွေ တော်ရုံနဲ့ဂရုမစိုက်တဲ့ Story Telling အပိုင်းနဲ့ ဆန်းသစ်ဖို့ မကြိုးစားတဲ့ Core Gameplay အပိုင်းတွေကို ရဲရဲတင်းတင်း ပြောင်းလဲထည့်သွင်းထားတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ရလဒ်ကတော့ App Store တွေပေါ်က အခြားဂိမ်းတွေနဲ့ လုံးဝမတူတဲ့ အပျံစားဂိမ်းတစ်ခု ဖြစ်လာပါတယ်။

 

ဘာတွေများ ထူးဆန်းလို့လဲ..

Lanota ရဲ့ အထင်ရှားဆုံးအပိုင်းကိုပြောပါဆိုရင် သူ့ရဲ့ Gameplay အပိုင်းကို ညွှန်းရမှာပါ။ ပုံမှန် Screen အောက်ခြေက Judgment Line ကို လုံးဝဖျောက်ပစ်လိုက်ပြီး Screen ရဲ့အလယ်မှာ စက်ဝိုင်းအကြီးကြီးတစ်ခု ထည့်သွင်းလိုက်ပါတယ်။ Notes တွေက ဗဟိုကနေ လာမှာဖြစ်ပြီး အဲဒီစက်ဝိုင်းကြီးရဲ့အနားတွေက Judgment Line တွေဖြစ်သွားပါတယ်။ အဲဒီတော့ ကစားရတဲ့ Field က Screen အပြည့် ၃၆၀ ဒီဂရီဖြစ်သွားပါတယ်။

သူ့ရဲ့ Gameplay ဟာ ထင်မထားလောက်အောင် ဆော့ကစားလို့ ကောင်းပါတယ်။ Notes တွေက ဘယ်ညာ အပေါ်အောက် ဘက်ပေါင်းစုံကလာမှာဖြစ်ပြီး စက်ဝိုင်းကြီးကလည်း သီချင်း Tempo အတိုင်း နေရာရွှေ့တာတွေ၊ အရွယ်အစားပြောင်းလဲတာတွေ ရှိဦးမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဆော့ကစားရတာဟာ ပိုပြီး Dynamic ဖြစ်စေပါတယ်။ Beatmap တွေကိုလည်း သေသေချာချာရေးဆွဲထားတဲ့အတွက် ကစားတဲ့အခါ သံစဉ်တွေထဲ စီးမျောပြီး သီချင်းတစ်ပုဒ်ကို ကိုယ်တိုင်ဖန်တီးနေရသလိုမျိုး ခံစားရစေပါတယ်။

Lanota ဟာ Rhythm ဂိမ်းတစ်ဖြစ်လဲ ရုပ်ပြစာအုပ်ဖြစ်ပါသေးတယ်။ ဒီဂိမ်းဟာ Fisica နဲ့ Ritmo ဆိုတဲ့ ချစ်စဖွယ် ကလေးငယ် ၂ ယောက်ရဲ့ စွန့်စားခန်းအကြောင်းကို သရုပ်ဖော်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းတွေကို ရုပ်ပြစာအုပ်ဖတ်နေရသလို စာမျက်နှာတစ်ရွက်ချင်း ဖတ်ရှုရမှာဖြစ်ပြီး ဂိမ်းတစ်ခုလုံးကို အနုစိတ်ရေးဆွဲထားတဲ့ Artwork တွေနဲ့ ပုံဖော်ထားတာကြောင့် ကြည့်ရှုရတာ အရမ်းအရသာရှိပါတယ်။ ဇာတ်လမ်းကတော့ လုံးဝကြီး ထူးခြားတာမျိုး မဟုတ်ပေမယ့် ရှယ် Artwork တွေနဲ့တွဲဖက်ထားတော့ အဲဒီအပိုင်းကို ခွင့်လွှတ်လို့ရပါတယ်။

 

ဒီဂိမ်းကို ကစားကြည့်သင့်သလား..

တစ်ခုရှိတာက Screen တစ်ခုလုံးကို အသုံးပြုပြီး ကစားရမှာဖြစ်တဲ့အတွက် ပုံမှန်ဂိမ်းတွေနဲ့မတူပဲ လက်ချောင်းနှစ်ချောင်းတည်းနဲ့ မလုံလောက်တဲ့အခါတွေရှိပါတယ်။ ဒါကြောင့် သင့် Device ကို စားပွဲပေါ်မှာချပြီး ကစားမှ အဆင်ပြေမှာပါ။ Screen အရွယ်အစားကြီးတဲ့ Device တွေဆို ပိုအဆင်ပြေပါတယ်။

Lanota ကို Full Version ကစားချင်ရင်တော့ $1.99 နဲ့ ဝယ်ယူရမှာ ဖြစ်ပါတယ်။ Side Story နဲ့ Expansion Chapter တွေကိုလည်း ဝယ်ယူဆော့ကစားလို့ရဦးမှာဖြစ်ပြီး တစ်ခုကို $3.99 ပေးရမှာ ဖြစ်ပါတယ်။ ပိုက်ဆံသုံးရမှာဖြစ်ပေမယ့် Lanota ဟာ သင့်ကိုစိတ်ပျက်စေမယ့် ဂိမ်းတစ်ခုမဟုတ်တာတော့ သေချာပါတယ်။ သူ့ရဲ့ ဆန်းသစ်တဲ့ Gameplay ဟာ အခြားဘယ်ဂိမ်းနဲ့မှမတူတဲ့ အတွေ့အကြုံကို ပေးစွမ်းမှာပါ။ လှပတဲ့ Illustration တွေကတော့ Bonus လို့တောင် သတ်မှတ်လို့ရပါတယ်။

ဒါကြောင့် Lanota ဟာ ဝါရင့် Rhythm ဂိမ်းချစ်သူတွေရော ပုံမှန်ကစားသူတွေပါ ဆော့ကစားသင့်တဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းကို ဝယ်သင့်မဝယ်သင့် ဆုံးဖြတ်နေသူတွေကိုလည်း ရဲရဲသာဝယ်လိုက်ပါလို့ အကြံပေးလိုက်ပါတယ်။ သင်ပေးလိုက်ရမယ့် အချိန်နဲ့ ထိုက်တန်တဲ့ အတွေ့အကြုံကို ပြန်လည်ပေးစွမ်းမယ့် ဂိမ်းတစ်ခုဖြစ်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password