DC ပရိသတ်တွေအတွက် Justice League Action Run

ပထမဆုံးပြောချင်တာကတော့ ဒီဂိမ်းကို တော်တော်လေးကို သဘောကျမိတယ်ဆိုတာပါပဲ။ Runner ဂိမ်းအမျိုးအစားဖြစ်ပေမယ့် App Store ပေါ်က အခြား Runner ဂိမ်းတွေထဲကနေ ကွဲထွက်နေတဲ့အတွက်ပါ။ ဘယ်လိုတွေ ကွဲထွက်နေတာလဲဆိုတာ ကြည့်ရအောင်ပါ။

ပထမဆုံးတစ်ချက်ကတော့ ဒီဂိမ်းက DC Theme နဲ့ဖြစ်ပါတယ်။ Title ကိုကြည့်ရုံနဲ့ခန့်မှန်းလို့ရပေမယ့် ဒီအချက်ကအရေးကြီးတဲ့အတွက် သပ်သပ်ထပ်ပြောရတာပါ။ လက်ရှိအချိန်မှာတော့ Superman ၊ Batman ၊ Wonder Woman နဲ့ The Flash တို့အပါအဝင် Justice League အဖွဲ့ဝင်ပေါင်း ၁၂ ယောက်ထဲက ရွေးချယ်ဆော့ကစားလို့ရမှာဖြစ်ပါတယ်။ Justice League ထဲက ကျွန်တော်တို့ရဲ့ အချစ်တော် Super Heroes တွေနဲ့ဆော့ကစားရမှာဖြစ်လို့ ဒီတစ်ချက်မှာတင် တော်တော်မိုက်နေပါပြီ။

မိုက်တဲ့အချက်တွေက အဲဒါတစ်ခုတည်းမဟုတ်ပါဘူး။ ဒီဂိမ်းရဲ့ Gameplay ကိုက တော်တော်လန်းတာပါ။ Runner ဂိမ်းဆိုပေမယ့် Endless Runner မဟုတ်ပါဘူး။ ပေးထားတဲ့ Mission နဲ့ သတ်မှတ်ထားတဲ့ အကွာအဝေးရောက်ရင် တစ်ခန်းပြီးဆုံးမှာဖြစ်ပါတယ်။ ကစားရာမှာ နှစ်သက်ရာ Hero ၃ ယောက်ကို ရွေးချယ်ရမှာပါ။ တကယ်လို့ ပြေးနေတုန်းမှာ တစ်ခုခုနဲ့ထိမိသွားလို့ ကိုယ့် Hero သေသွားရင် နောက်တစ်ယောက်နဲ့ဆက်ပြေးလို့ရပါတယ်။ အလွယ်ပြောရမယ်ဆိုရင်တော့ အသက် ၃ သက်ရှိတဲ့သဘောပါပဲ။ ဒါ့အပြင် ပြေးနေရင်းမှာပဲ နှစ်သက်ရာ Hero ကို ပြောင်းလို့ရပါသေးတယ်။

 .          .         

Runner ဂိမ်းတွေထုံးစံအတိုင်း ဘယ်ညာ အပေါ်အောက် ရွှေ့လျားရတာအပြင် Screen အလယ်ကို Tap လုပ်ပြီး Normal Attack တွေလုပ်လို့ရပါသေးတယ်။ Normal Attack တွေက လမ်းမှာရှိတဲ့ အတားအဆီးအချို့ကို ဖျက်ဆီးတာနဲ့ Item တွေကိုကောက်ယူတာတွေ လုပ်လို့ရပါတယ်။ ပြီးတော့ Attack တွေက Hero ပေါ်မူတည်ပြီး ကွဲပြားပါသေးတယ်။ ဥပမာ Wonder Woman ဆိုရင် Lasso of Truth နဲ့ချမှာဖြစ်ပါတယ်။ ဒါ့အပြင် Hero တိုင်းမှာ သူတို့ရဲ့ Special Move တွေပါဝင်ကြပြီး Energy ပြည့်ရင်အသုံးပြုလို့ရမှာပါ။ ဒါတင်မကသေးပါဘူး၊ Chapter တစ်ခုရဲ့အဆုံးတိုင်းမှာ Boss Fight တွေပါဝင်ပြီး Screen မှာပေါ်လာတဲ့ အကွက်လေးတွေကို အချိန်မှီလိုက်နှိပ်ပေးပြီးချရမှာ ဖြစ်ပါတယ်။

ရုတ်တရက်ကြည့်လိုက်ရင်တော့ လုပ်စရာတွေအများကြီးလိုပါပဲ။ ဒါပေမယ့် တကယ်တမ်းဆော့ကြည့်လိုက်ရင် အဲဒါတွေအားလုံးက တစ်ခုနဲ့တစ်ခု အဆင်ပြေပြေချိတ်ဆက်သွားတာကို တွေ့ရပါတယ်။ တစ်ခုပဲပြောစရာရှိပါတယ်။ အဲဒါကတော့ ဘယ်ညာ အပေါ်အောက်ရွှေ့တဲ့အချိန်မှာ လိုတဲ့ဖက်ကို သေချာမရွှေ့လိုက်မိရင် ဂိမ်းက တစ်ချက်တည်း Tap လုပ်တယ်ဆိုပြီး Normal Attack နဲ့မှားပြီး Input ယူသွားတာပဲဖြစ်ပါတယ်။ အဲဒီတော့ ရွှေ့ချင်တဲ့ဖက်ကို သေသေချာချာပွတ်မှ အဆင်ပြေမှာပါ။

ဂိမ်းဆော့တာအပြင် Justice League Comics နဲ့ Video အချို့ကိုပါ App ထဲကနေ အလွယ်တကူကြည့်ရှုလို့ရပါသေးတယ်။ အများကြီးမဟုတ်ပေမယ့် အဲဒီလို Feature လေးတွေပါတာကလည်း သဘောကျစရာပါ။ IAP တွေကလည်း ဆိုးဆိုးဝါးဝါးကြီးမဟုတ်ပါဘူး။ စျေးအကြီးဆုံးပစ္စည်းကတောင် $2.99 ပဲရှိတဲ့အတွက် သားသားမီးမီးတို့ မှားဝယ်မိရင်တောင် မိဘတွေ ရင်တမမဖြစ်စရာမလိုပါဘူး။ အချုပ်ပြောရရင်တော့ Justice League Action Run ဟာ ကလေးလူကြီး အရွယ်မရွေး DC Super Hero တွေကို နှစ်သက်သူတိုင်းကို စိတ်ကျေနပ်မှုပေးစေနိုင်မယ့် ဂိမ်းတစ်ခုဖြစ်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password