Reviews

အလန်းစား Atmospheric Puzzle ဂိမ်း Inside

အခြား platform တွေပေါ်မှာ ဆုတွေတစ်သီတစ်တန်းကြီးရရှိထားခဲ့တဲ့ Inside ဟာ နောက်ဆုံးတော့ iOS ပေါ်ကိုရောက်ရှိလာပါပြီ။ ကိုယ့်ရဲ့ Mobile ဖုန်းပေါ်မှာ အလွယ်တကူဆော့လို့ရပြီဆိုတော့ ဒီဂိမ်းဘာလို့ဒီလောက်နာမည်ကြီးတာလဲဆိုတာကို စူးစမ်းကြည့်ချင်လို့ စမ်းဆော့ကြည့်လိုက်ပါတယ်။ ကျွန်တော့်လိုမျိုး စမ်းဆော့ချင်သူတွေ လွယ်လွယ်ကူကူဆော့လို့ရအောင် Demo အနေနဲ့ ဂိမ်းအစပိုင်းကို free ပေးဆော့ထားတာလေးကိုလည်း တော်တော်သဘောကျမိပါတယ်။

ဂိမ်းထဲစဝင်လိုက်တာနဲ့ main menu မရှိ၊ tutorial မရှိ၊ ဘာဆိုဘာမှမပေးထားပဲ တစ်ခါတည်း မှောင်မဲနေတဲ့တောအုပ်ကြီးထဲပစ်ထည့်လိုက်ပါတယ်။ စစချင်းမှာ စက္ကန့်၃၀လောက် ဘာများဖြစ်လာမလဲဆိုပြီးထိုင်စောင့်နေလိုက်ပါတယ်၊ ဘာမှမဖြစ်လာတော့ ဂိမ်းများဟန်းနေတာလားဆိုပြီး အပိတ်အဖွင့်ပါလုပ်လိုက်ပါသေးတယ်၊ နောက်ဆုံးတော့ ဟိုတို့ဒီတို့နဲ့ screen ရဲ့ဘယ်ဖက်အပေါ်ထောင့်ကိုနှိပ်ကြည့်လိုက်မှ option ကြီးကျလာလို့ တကယ့်ဂိမ်းထဲရောက်နေပြီဆိုတာသိလိုက်ရပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ထားတာဟာ ဂိမ်းရဲ့ atmosphere ကိုပိုပြီးအသက်ဝင်သွားစေပါတယ်။ ဂိမ်းက ပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာပြီးဆော့ရတာဆိုတော့ no tutorial approach က အလုပ်ဖြစ်ပါတယ်။

Gameplay ကိုခြုံပြီးပြောရမယ်ဆိုရင် သင်ဟာ တောအုပ်ထဲကကောင်လေးတစ်ယောက်နေရာက ဆော့ကစားရမှာပါ။ သင့်ရဲ့တာဝန်ကတော့ လမ်းတစ်လျှောက်မှာရှိတဲ့အစောင့်တွေသင့်ကိုမမြင်အောင် ပုန်းလျှိုးကွယ်လျှိုးနဲ့သွားရမှာဖြစ်ပါတယ်။ မိသွားရင်ကော ဘာဖြစ်မှာလဲ။ မိသွားခဲ့ရင်တော့ သင်ဟာ သေနတ်နဲ့ပစ်သတ်ခံရနိုင်ပါတယ်၊ လည်ပင်းညှစ်သတ်ခံရနိုင်ပါတယ်၊ ခွေးကိုက်လို့သေနိုင်ပါတယ်၊ ပြောရမယ်ဆိုရင် လမ်းတစ်လျှောက်မှာရှိတဲ့အတားအဆီးပေါင်းစုံက သင့်အသက်ကိုနှုတ်ယူဖို့စောင့်နေကြမှာဖြစ်ပါတယ်။ အဲဒီတော့ trial and error ပါပဲ။ Puzzle လေးတွေကိုမဖြေရှင်းနိုင်သရွေ့ကတော့ ထပ်ပြန်တလဲလဲသေနေမှာပါ။ သေပြီးနောက်တစ်ကြိမ်ပြန်ကြိုးစားတိုင်းမှာ ဘယ်ဟာကအဖြေမှန်ဖြစ်မလဲဆိုတာကို လိုက်လံစမ်းသပ်ကြည့်ရတာက ဒီဂိမ်းရဲ့အနှစ်ပဲဖြစ်ပါတယ်။ သေသွားရင် အစကနေပြန်စစရာမလိုပဲ အနီးဆုံး checkpoint ကနေပြန်စနိုင်လို့ ပိုပြီးဆော့ကစားရအဆင်ပြေစေပါတယ်။

နောက်ထပ်သဘောကျမိတာက သူ့ရဲ့ background sound ဖြစ်ပါတယ်။ အဲဒီနောက်ခံတီးလုံးတွေဟာ ဂိမ်းရဲ့ gloomy ဖြစ်တဲ့ atmosphere ကိုပိုပြီးထဲထဲဝင်ဝင်ခံစားလို့ရအောင် ပံ့ပိုးပေးထားကြပါတယ်။ ရန်သူတွေကသင့်ကိုမြင်သွားလို့ အနောက်ကလိုက်လာတဲ့အချိန်မှာကြားရတဲ့တီးလုံးဆိုရင် အသက်လုပြေးရတဲ့ခံစားမှုမျိုးကိုပေးပြီး ကြက်သီးတွေပါထလာစေတဲ့အထိပါပဲ။ အဲဒီတော့ Inside ကိုဆော့မယ်ဆိုရင် နားကြပ်တပ်ဆော့ဖို့ အကြံပေးလိုပါတယ်။

ချုပ်ပြီးပြောရမယ်ဆိုရင် Inside ဟာ gameplay ၊ audio ၊ art စတဲ့အပိုင်းတွေအားလုံးမှာ အပြစ်ပြောစရာမရှိတဲ့ဂိမ်းတစ်ခုပါ။ Puzzle တွေဖြေရှင်းရတာနှစ်သက်သူတွေအတွက် လက်မလွတ်သင့်တဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ control ပိုင်းကလည်း touch screen နဲ့တော်တော်အဆင်ပြေတဲ့အတွက် အဲဒီအပိုင်းနဲ့ပတ်သက်ပြီးစိတ်ပူစရာမလိုပါဘူး။ ဒါပေမယ့် ဂိမ်းတစ်ခုဘယ်လောက်ကောင်းကောင်း လူတိုင်းနဲ့ကိုက်ချင်မှကိုက်မှာပါ။ Inside ဟာ ဂိမ်းဆိုတာကို ပေါ့ပေါ့ပါးပါးလေးတွေပဲဆော့ချင်တဲ့သူတွေအတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ သူ့ရဲ့ gloomy atmosphere ဟာလည်း လူတိုင်းအကြိုက်နဲ့ထပ်တူကျချင်မှကျမှာပါ။ ဘယ်လိုပဲပြောပြော သင့်အကြိုက်နဲ့ကိုက်မကိုက်သိချင်တယ်ဆိုရင် Demo က free ဖြစ်တာမို့ ပြေးဒေါင်းပြီးဆော့ကြည့်လို့ရပါတယ်။ နှစ်သက်တယ်ဆိုရင်တော့ full version ကို $6.99 နဲ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password