Ingress Prime အမည်နဲ့ပြန်လာမယ့် Niantic ရဲ့ ပထမဆုံး AR ဂိမ်း

Niantic လို့ဆိုလိုက်ရင် Pokemon GO နဲ့ တွဲမြင်ကြတာမဆန်းပါဘူး။ ဒါပေမယ့် လူသိနည်းတဲ့အချက်တစ်ခုကတော့ Pokemon GO ဟာ Niantic ရဲ့ ပထမဆုံး AR ဂိမ်းမဟုတ်ဘူးဆိုတာကိုပါပဲ။ Niantic ရဲ့ ပထမဆုံးအချစ်ဦးကတော့ Ingress လို့အမည်ရတဲ့ Sci-Fi Theme နဲ့ Location-Based AR ဂိမ်းပဲဖြစ်ပါတယ်။ Ingress မှာအသုံးပြုခဲ့တဲ့နည်းပညာတွေနဲ့ အဲဒီကရခဲ့တဲ့ အတွေ့အကြုံတွေက Pokemon GO ဖြစ်လာအောင်အများကြီးအထောက်အကူပြုခဲ့ပါတယ်။ အခုတော့ Niantic က Pokemon GO နဲ့ Harry Potter လိုနာမည်ကြီး IP တွေကိုကိုင်ပြီးတော့ သူ့ရဲ့ကိုယ်ပိုင် IP ဖြစ်တဲ့ Ingress ဖက်ကိုပြန်လှည့်ဖို့ကြိုးစားနေတာပဲဖြစ်ပါတယ်။

Ingress Prime လို့အမည်ရတဲ့ အဆိုပါ Remake မှာ original ဂိမ်းဖြစ်တဲ့ Ingress ကို အများကြီးအဆင့်မြင့်တင်ထားမှာဖြစ်ပါတယ်။ အသံပိုင်းဆိုင်ရာ၊ UI ပိုင်းဆိုင်ရာ၊ AR Technology ပိုင်းဆိုင်ရာတွေအားလုံးကို ပိုမိုခေတ်မှီသွားအောင် ပြုလုပ်ပေးထားမှာဖြစ်လို့ လုံးဝအသွင်အသစ်နဲ့ Ingress ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ AR ပိုင်းကို Pokemon GO မှာအသုံးပြုထားတဲ့နည်းပညာကို အသုံးပြုမှာဖြစ်တဲ့အတွက် performance ပိုင်းက အများကြီးပိုကောင်းသွားမှာပါ။ ဒီဂိမ်းမှာ ကစားသူတွေဟာ Enlightened နဲ့ Resistance လို့အမည်ရတဲ့ Faction နှစ်ခုထဲက နှစ်သက်ရာဖက်ကိုရွေးချယ်ပြီးဆော့ကစားရမှာပါ။ အနီးပတ်ဝန်းကျင်က Portal တွေကို လိုက်လံသိမ်းပိုက်၊ ရန်သူ Faction ရဲ့ Portal တွေကိုတိုက်ခိုက်ပြီး resource တွေကိုစုဆောင်းကာ ကစားရမှာဖြစ်ပါတယ်။

Game remake တစ်ခုတည်းတင်မကပါဘူး၊ Ingress universe ကိုချဲ့ထွင်တဲ့အနေနဲ့ Anime series ကိုပါ ထုတ်လုပ်ဦးမယ်လို့ဆိုပါတယ်။ Niantic ရဲ့ CEO ဖြစ်သူ John Hanke က သူ့အနေနဲ့ ဇာတ်လမ်းတွေကို Media ပေါင်းစုံဆီချဲ့ထွင်တာဟာ အလွန်ကောင်းတဲ့ strategy ဖြစ်တယ်လို့ယုံကြည်တဲ့အတွက် Anime series ထုတ်ဖို့စီစဉ်ရခြင်းဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

Ingress Prime နဲ့ Harry Potter: Wizards Unite တို့ထွက်ရှိမယ့်အပြင် Pokemon GO ကိုလည်း ဆက်လက် support ပေးနေရမှာဆိုတော့ Niantic အနေနဲ့ ၂၀၁၈ မှာ ရက်ရက်စက်စက်အလုပ်ရှုပ်မှာ သေချာပေါက်ပါပဲ။ ဒါပေမယ့် Hanke ကတော့ လက်ရှိ Niantic အနေနဲ့ ဒီဂိမ်း ၃ ခုလုံးကို အဆင်ပြေပြေစီမံနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ လောလောဆယ်မှာတော့ Ingress Prime ဟာ၂၀၁၈ အတွင်းထွက်ရှိမယ်ဆိုတာကလွဲပြီး ကျန်တာဘာမှမသိရှိရသေးပါဘူး။ Ingress Prime ရဲ့နောက်ဆုံးထွက်သတင်းတွေသိလိုရင် သူ့ရဲ့ Official Website မှာ subscribe သွားလုပ်ထားနိုင်သလို ဒီနေရာကနေလည်းအချိန်နဲ့တပြေးညီဖော်ပြပေးသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password