ဘုရားတစ်ပါးနေရာကနေ ဝင်ရောက်ကစားရမယ့် Godus

God Game လို့ခေါ်တဲ့ မိမိကို ကိုးကွယ်တဲ့သူတွေကို ဘေးရန်အန္တရာယ်တွေက ကာကွယ်ပေးပြီး သူတို့ရဲ့ လူမှုအဖွဲ့အစည်း တိုးတက်လာအောင် စောင်မကြည့်ရှုပေးရတဲ့ God နေရာက ကစားရတဲ့ ဂိမ်းတွေက လူကြိုက်များတဲ့ ဂိမ်းအမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ အဆိုပါ ဂိမ်းအမျိုးအစားထဲက တစ်ခုဖြစ်တဲ့ Godus ဟာ ရေးဆွဲနေစဉ်ကာလတုန်းက အလွန်မျှော်လင့်ထားခြင်းခံရတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တမ်းထွက်ရှိလာတော့ မျှော်လင့်ထားသလောက် မဖြစ်လာတဲ့အတွက် အလွန်ပဲ ဝေဖန်ခံခဲ့ရပါတယ်။ ဒါပေမယ့် ဒီဂိမ်းကို နှစ်သက်တဲ့သူတွေလည်း ရှိကြတဲ့အတွက် ဒီဂိမ်းရဲ့ ကောင်းကွက် ဆိုးကွက်တွေကို ဒီဆောင်းပါးမှာ ဆွေးနွေးဖော်ပြသွားပါမယ်။

ပထမဆုံးအနေနဲ့ Godus ရဲ့ ကစားပုံကစားနည်းကို ပြောပြသွားမှာပါ။ God ဖြစ်တဲ့ ကစားသူတွေဟာ ပင်လယ်ထဲမျှောနေတဲ့ လူသား၂ဦးကို ကယ်တင်လိုက်ရာကနေ သင့်ကို သူတို့ရဲ့ ကယ်တင်ရှင်အဖြစ်သတ်မှတ်ပြီး စတင်ကိုးကွယ်ပါတော့တယ်။ ကိုယ့်ကို အားကိုးလာပြီဆိုတော့ သူတို့ကို စောင်မကြည့်ရှုပေးဖို့ သင့်မှာတာဝန်ရှိလာပါပြီ။ အဲဒီတော့ သူတို့တွေ အခြေချနေထိုင်ဖို့အတွက် ‘Promised Land’ လို့ခေါ်တဲ့ အခြေချနေထိုင်လို့ကောင်းတဲ့ မြေနေရာကို လိုက်လံရှာဖွေပေးရမှာ ဖြစ်ပါတယ်။ အခြေကျပြီးသွားတာနဲ့ သူတို့ရဲ့ လူမှုအဖွဲ့အစည်း တိုးတက်လာအောင် လမ်းညွှန်ခေါ်ဆောင်သွားရမှာက God ဖြစ်တဲ့ ကစားသူတွေရဲ့ တာဝန်ဖြစ်ပါတယ်။

God ဖြစ်တဲ့ အတွက် သင့်မှာ သဘာဝလွန်တန်ခိုးတွေ ပိုင်ဆိုင်ထားပါတယ်။ အဲဒီတော့ လက်ညှိုးတစ်ချက်ဝေ့လိုက်ရုံနဲ့ ကွင်းပြင်တွေ၊ တောင်တွေ၊ ကမ်းခြေတွေကို ပြောင်းလဲပစ်နိုင်တယ်ဆိုတာ မထူးဆန်းလှပါဘူး။ အဲဒီအစွမ်းဟာ ဒီဂိမ်းရဲ့ အဓိက mechanic တစ်ခုပဲ ဖြစ်ပါတယ်။ သင့်ကို ကိုးကွယ်သူတွေ အခြေချနေထိုင်ဖို့ မြေနေရာတွေ ဖန်တီးပေးရာကစပြီး တောတောင်မြစ်ချောင်းတွေ ဖန်တီးပေးတာတွေပါ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီတန်ခိုးတွေကိုအသုံးပြုပြီး သင့်ရဲ့ နောက်လိုက်တွေရဲ့ ယုံကြည်အားကိုးမှု များသထက် များလာအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။

 .         

ဒီအထိကတော့ Gameplay အကြမ်းဖျင်းပဲ ဖြစ်ပါတယ်။ ရိုးရှင်းသလို စိတ်ဝင်စားဖို့ကောင်းတဲ့ Gameplay ပဲမို့ လူတိုင်း အလွယ်တကူ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Godus ရဲ့ အဓိက mechanic ဖြစ်တဲ့ Landscape Shaping မှာ ပြဿနာရှိနေပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပဲ သင့်လက်ညှိုးကို အသုံးပြုပြီး မြေပြင်တွေကို စိတ်တိုင်းကျပြောင်းလဲရာမှာ Godus ရဲ့ မြေပြင်တွေက အလွှာလိုက် တည်ရှိနေတာဖြစ်တဲ့အတွက် သင့်ရဲ့လက်ချောင်းက မလိုအပ်တဲ့ အလွှာတွေကို ထောက်မိဖို့ အင်မတန်လွယ်ကူပါတယ်။ အဲဒီတော့ သင်မရည်ရွယ်ထားတဲ့ မြေပြင်အလွှာကို ရွှေ့လိုက်မိတယ် ဆိုတာမျိုးကို Godus ဂိမ်းဆော့တဲ့ တစ်လျှောက်လုံးမှာ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။

အဲဒီ control ကိစ္စက Landscape Shaping ကို အကန့်အသတ်မရှိ လုပ်လို့ရတယ်ဆိုရင် ပြဿနာမဟုတ်လှပါဘူး။ ဒါပေမယ့် စိတ်မကောင်းစွာပဲ Landscape Shaping ဟာ ‘Belief’ ဆိုတဲ့ resource ကိုအသုံးပြုရမှာ ဖြစ်ပါတယ်။ ‘Belief’ ကလည်း အချိန်နဲ့ရတာဖြစ်တဲ့အတွက် အကန့်အသတ်နဲ့ ဖြစ်ပါတယ်။ Control အရမ်းမတိကျတာနဲ့ Limited Resource နှစ်ခု ပေါင်းလိုက်တော့ မှားနှိပ်မိရင်း ‘Belief’ တွေကုန်သွားတာတွေ ဖြစ်တတ်တဲ့အတွက် အနည်းငယ် စိတ်အနှောက်အယှက် ဖြစ်ရပါတယ်။ အဲဒီတော့ ‘Belief’ ကို ပိုက်ဆံနဲ့ဝယ်ယူပြီး ဆော့ကစားမယ်ဆိုရင်တောင် သိပ်မတန်လှပါဘူး။ ဒါ့အပြင် Resource တွေရရှိမယ့် Voyage တွေသွားရာမှာလည်း Landscape Shaping က အဓိက mechanic ဖြစ်တာမို့ control ပြဿနာက အနည်းနဲ့အများ ရှိနေမှာ ဖြစ်ပါတယ်။

အဲဒီလို ပြဿနာတွေ ရှိပေမယ့် Godus က လုံးဝကြီး ကစားလို့မကောင်းတဲ့ ဂိမ်းတစ်ခု ဖြစ်မသွားပါဘူး။ စိတ်ရှည်ရှည် ထားတတ်တယ်ဆိုရင်တော့ ဒီဂိမ်းရဲ့ ပြဿနာအများစုက သင့်ကို စိတ်အနှောက်အယှက် သိပ်ဖြစ်စေမှာ မဟုတ်ပါဘူး။ ဒါ့အပြင် သင့်နောက်လိုက်တွေရဲ့ ရွာတွေ တဖြည်းဖြည်း ကျယ်ပြန့်လာတာနဲ့အမျှ Resource ရှားပါးတဲ့ ပြဿနာက လျှော့နည်းသွားမှာပါ။ ချစ်စရာကောင်းတဲ့ Graphic နဲ့ နောက်ခံသံစဉ်တွေက Godus ရဲ့ကောင်းကွက်တွေထဲက တစ်ခုအပါအဝင် ဖြစ်ကြပါတယ်။ Free-to-play ဂိမ်းဖြစ်တဲ့အတွက် စမ်းဆော့ကြည့်တာတော့ အရှုံးမရှိလှပါဘူး။ ဂိမ်းရဲ့အစပိုင်းကို စိတ်ရှည်ရှည်ထားပြီး ဆော့လိုက်နိုင်ရင် နောက်ပိုင်းက တော်တော် အဆင်ပြေသွားမှာပါ။ အချုပ်အနေနဲ့ ပြောရရင်တော့ Godus ဟာ God Game အမျိုးအစားကို Mobile ပေါ်မှာ ဆော့ကစားချင်သူတွေအတွက် စဉ်းစားသင့်တဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် IAP တွေက ပေးလိုက်ရတာနဲ့ သိပ်မတန်တဲ့အတွက် ဖြစ်နိုင်ရင် F2P အနေနဲ့သာ ဆော့ကစားပါလို့ အကြံပေးလိုက်ပါတယ်။

Image Source:

https://itunes.apple.com/us/app/godus/id815181808?mt=8

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password