မုန်းပေမယ့်လည်း လက်ကမချချင်အောင် ဖြစ်စေမယ့် Geometry Dash

ခေါင်းစဉ်ကိုဖတ်ပြီး နည်းနည်းမျက်စိလည်သွားပါသလား။ ဘာကြောင့်များ Geometry Dash ဆိုတဲ့ ဒီဂိမ်းကို မုန်းရမှာလဲ။

ဘာကြောင့်လဲဆိုတော့ ဒီဂိမ်းက အင်မတန်ခက်လို့ပါ။ Platform runner ဂိမ်းတစ်ခုဖြစ်တဲ့ Geometry Dash ဟာ ကစားသူတွေကို စိတ်ရှုပ်ပြီး ခေါင်းကို တဗြင်းဗြင်း ကုတ်မိလောက်တဲ့အထိ လုပ်နိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် သင်ဒီဂိမ်းကို ဆော့မိသွားရင် ဆက်မဆော့ဘဲလည်း မနေနိုင်ပါဘူး။ အဲဒီလောက်အထိ Geometry Dash က ဆွဲဆောင်မှုရှိပါတယ်။

Geometry Dash ကိုကစားဖို့ လက်ညှိုးတစ်ချောင်းရယ် အာရုံစူးစိုက်မှုရယ်ပဲ လိုပါတယ်။ ကစားသူဟာ အတုံးလေးတစ်တုံးကို ထိန်းချုပ်ရမှာပါ။ အတုံးလေးက runner ဂိမ်းတွေထုံးစံအတိုင်း အလိုအလျောက်သွားနေမှာ ဖြစ်ပါတယ်။ လမ်းတစ်လျှောက်မှာ အတားအဆီးမျိုးစုံ ရှိမှာဖြစ်ပြီး ကစားသူက ဖုန်းမျက်နှာပြင်ကို tap လုပ်လုပ်ပေးပြီး အတားအဆီးတွေကို ခုန်ရှောင်ရမှာပါ။ ကစားတာကလည်း သီချင်းသံစဉ်အတိုင်း ကစားရမှာဖြစ်လို့ Beat သံလေးနဲ့ငြိမ့်ပြီး ကစားရုံပါပဲ။ သီချင်းတစ်ပုဒ်ပြီးဆုံးသွားရင် အဲဒီ stage ကို အောင်နိုင်ပြီ ဖြစ်ပါတယ်။

ကစားနည်းက ရိုးရှင်းလွန်းလို့ လွယ်မယ်မထင်လိုက်ပါနဲ့။ အပေါ်မှာ ပြောခဲ့တဲ့အတိုင်းပဲ အင်မတန် ခက်ပါတယ်။ အတားအဆီးတွေက အမျိုးစုံပါဝင်ဦးမှာပါ။  လေထဲမှာ ၂ ဆင့်ခုန်ရမယ့် နေရာတွေ၊ ထိမိရင် အလိုအလျောက်ခုန်တဲ့ နေရာတွေ၊ gravity ပြောင်းပြန်ဖြစ်သွားမယ့်နေရာတွေ၊ ရုတ်တရက်ကြီး ပြေးနေရာကနေ rocket ကောက်စီးသွားတာတွေ စပြီး အစုံအလင်ပါပဲ။ အချို့နေရာတွေရဲ့ level design တွေဆိုရင် အင်မတန်ခက်တာကြောင့် အသက်မရှူဘဲတောင် ကစားသင့် ကစားရမှာပါ။

မျက်တောင်ခတ်လိုက်မိသလား.. Game Over

သူငယ်ချင်းကို စကားပြောလိုက်မိသလား.. Game Over

TV ကလာနေတဲ့ ဇာတ်ကားကို မျက်လုံးဝေ့ပြီး ကြည့်လိုက်မိသလား.. Game Over

Beat သံနဲ့မျောသွားပြီး တစ်ချက်ပိုနှိပ်လိုက်မိသလား.. Game Over

Stage တွေကို ဘယ်လောက်အထိရောက်ပြီးပြီလဲဆိုတဲ့ ရာခိုင်နှုန်းနဲ့ ပြမှာဖြစ်ပြီး ၅၀% ကနေ ဆက်တက်ဖို့ အခါ ၂၀၀ လောက် ကြိုးစားလိုက်ရတယ်ဆိုတာမျိုးက Geometry Dash မှာ မြင်တွေ့နေရကျပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေ ၅% လောက်မှာတင် တစ် နေတာမျိုးတွေတောင် ရှိပါတယ်။ အဲဒီလောက်ခက်နေရင် လူတွေရောကစားကြရဲ့လား ဆိုရင်တော့ ကစားတဲ့သူတွေမှ အများကြီးပါလို့ ပြန်ဖြေရမှာပါ။ ကစားတဲ့သူများတဲ့အပြင် review တွေလည်း ကောင်းပါသေးတယ်။

ကစားနည်း ရှင်းလင်းတာ၊ ပါဝင်တဲ့ သီချင်းတွေ ကောင်းမွန်တာ၊ level design တွေ ကောင်းမွန်တာ၊ ထပ်ခါထပ်ခါ ပြန်ဆော့ချင်အောင် ဆွဲဆောင်နိုင်တာတွေကြောင့် Geometry Dash ကို လူတွေ သဘောကျကြတာ ဖြစ်ပါတယ်။ မိမိ တစ်နေတဲ့ နေရာကို ကျော်ပြီး progress မှာ ၁% ပေါင်းသွားရင်ကို အရမ်းပျော်နေရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာတစ်ဝန်းက ကစားသူတွေ ရေးဆွဲထားတဲ့ stage တွေကိုလည်း ဆော့ကစားလို့ရဦးမှာ ဖြစ်ပါတယ်။ Geometry Dash ရဲ့ Full Version ကို $1.99 နဲ့ဝယ်ယူရမှာဖြစ်ပြီး အစမ်းဆော့ကြည့်ချင်တယ်ဆိုရင်တော့ Lite version ကို အခမဲ့ ရယူဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

Image Sources:

http://store.steampowered.com/app/322170/Geometry_Dash/

https://itunes.apple.com/us/app/geometry-dash/id625334537?mt=8

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password