၂၀၁၈ ထဲထွက်မယ့် အချစ်ဦးဆိုတာကို ပြန်လည်ခံစားရစေမယ့် Florence

‘အချစ်ဦး တစ်သက်မမေ့ဘူး’ ဆိုတာ လူတော်တော်များများအတွက်မှန်တဲ့ စကားလေးပါ။ အချစ်ဦးနဲ့ မဆုံဆည်းခဲ့ရရင်တောင် သူ့အကြောင်းက ရင်ထဲထောင့်တစ်နေရာမှာ အနည်းနဲ့အများ နေရာယူကျန်ရစ်နေခဲ့တတ်ပါတယ်။ ဒီ ၂၀၁၈ ထဲမှာထွက်ရှိလာမယ့် Florence ဆိုတဲ့ဂိမ်းလေးဟာ ပထမဆုံးအကြိမ် လူတစ်ယောက်ကိုချစ်မိသွားတဲ့ခံစားချက်တွေကို ပြန်လည်ခံစားရစေမယ့် ဂိမ်းတစ်ခုဖြစ်ပါတယ်။

Florence ကို Mountains Studio ကရေးဆွဲပြီး Annapurna Interactive က ဖြန့်ချိပေးမှာဖြစ်ပါတယ်။ Mountains Studio ဆိုတာက နာမည်ကြီး Monument Valley ရဲ့ Lead Designer ဖြစ်သူ Ken Wong ရဲ့ Studio ပါ။ Monument Valley ရဲ့အောင်မြင်မှုကြောင့် သူ့ရဲ့ဖန်တီးရှင်ရဲ့လက်ရာအသစ်ဖြစ်တဲ့ Florence ကို လူတွေက တအားစိတ်ဝင်စားနေကြတာလည်းဖြစ်ပါတယ်။

Florence မှာ အသက် ၂၅ နှစ်အရွယ် Florence Yeoh ဆိုတဲ့ မိန်းကလေးတစ်ယောက်နေရာက ကစားရမှာပါ။ သူမဟာ လမ်းပေါ်မှာတွေ့နေရကျဖြစ်တဲ့ တစ်နေ့တစ်နေ့ ရုံးမှာလုပ်စရာရှိတာတွေလုပ်၊ အချိန်တန်ရင်အိမ်ပြန်ပြီး Social Media ပေါ်မှာအချိန်ဖြုန်းတတ်တဲ့ သူသူငါငါ ဝန်ထမ်းတစ်ယောက်ပါ။ ဒါပေမယ့် Krish လို့ခေါ်တဲ့ Cello Player တစ်ယောက်နဲ့တွေ့ဆုံပြီးနောက်မှာတော့ သူမရဲ့ ငြီးငွေ့ဖွယ်ကောင်းတဲ့နေ့စဉ်ဘဝဟာ စတင်ပြောင်းလဲလာပါတော့တယ်။

ဒါပေမယ့် Florence ဟာ ကောင်လေးနဲ့ကောင်မလေး တွေ့ဆုံချစ်ကြိုက်၊ ရန်ဖြစ်ပြန်တည့်ပြီး Happy Ending နဲ့အဆုံးသတ်မယ့် သာမန် Boy-Meet-Girl ဇာတ်လမ်းမျိုးမဟုတ်ပါဘူး။ ဒီဂိမ်းမှာ ရင်ခုန်စိတ်လှုပ်ရှားတာနဲ့ ရင်နင့်နေအောင်ခံစားရတာဆိုတဲ့ အချစ်ရဲ့အနိမ့်အမြင့် နှစ်မျိုးလုံးကို သရုပ်ဖော်သွားမှာဖြစ်ပါတယ်။

Ken Wong က ဒီဂိမ်းမှာ လူတစ်ယောက်ကိုချစ်ရတာရဲ့ ပျော်ရွှင်ကြည်နူးရတာတွေရော နာကျင်ခံစားရတာတွေကိုပါ သရုပ်ဖော်ချင်တာပါလို့ဆိုပါတယ်။ Florence ကိုရေးဆွဲဖို့အတွက် ‘500 Days of Summer’ နဲ့ ‘Eternal Sunshine of the Spotless Mind’ တွေလိုရုပ်ရှင်တွေနဲ့ ‘Slice of Life’ Graphic Novel တွေကို လေ့လာမှီငြမ်းထားပါတယ်လို့ဆိုပါတယ်။

လူကိုဖီးလ်အပြည့်နဲ့ ခံစားရစေမယ့် Florence ဂိမ်းလေးဟာ ၂၀၁၈ ခုနှစ်အတွင်းမှာ ထွက်ရှိလာမှာဖြစ်ပါတယ်။ Fantasy နဲ့ Action ဂိမ်းတွေနဲ့ပြည့်နှက်နေတဲ့ခေတ်ကြီးမှာ ဒီလိုစိတ်ဝင်စားဖွယ် Narrative ဂိမ်းတစ်ခုထွက်ရှိလာမယ်ဆိုတော့ တော်တော်ကိုစိတ်ဝင်စားစရာဖြစ်ပါတယ်။ ဒီလိုဂိမ်းအမျိုးအစားကိုနှစ်သက်တတ်သူတွေ စောင့်ကြည့်သင့်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကတော့ ‘Slice-of-Life’ Genre ကိုနှစ်သက်သူဖြစ်တဲ့အတွက် ဒီဂိမ်းထွက်လာရင်ဆော့ဖြစ်အောင်ဆော့ကြည့်မှာပါ။

မကြာမီရက်ပိုင်းအတွင်းမှာကျင်းပမယ့် PAX Australia မှာ Florence ရဲ့ Demo Version ကိုထုတ်ဖော်ပြသမှာဖြစ်တဲ့အတွက် အဲဒီအချိန်ကျရင်တော့ ဒီဂိမ်းကိုဘယ်လိုဆော့ရမယ်ဆိုတာကို သိရှိရမှာဖြစ်ပါတယ်။ နောက်ထပ်သတင်းအချက်အလက်တွေရရှိခဲ့ရင်လည်း အလျှင်းသင့်သလိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

1 Comment
  1. Zwe Maw November 7, 2017 at 6:34 pm

    ကျွန်တော်လည်း Mobile game fanပါပဲ။ This war of mine ဆိုအရမ်းကြိုက်တဲ့ ဂိမ်းပဲ။

Leave a reply

Register New Account
Reset Password