မိုဘိုင်းလ်ပေါ်မှာ ဆော့ကစားလို့ရပြီ ဖြစ်တဲ့ Fire Emblem ဂိမ်း

Console လောကရဲ့ ဘုရင်တစ်ပါးဖြစ်တဲ့ Nintendo ဟာ ယခုအခါမှာတော့ မိုဘိုင်းလ်စျေးကွက်ထဲကို စတင်ခြေလှမ်းလာပြီ ဖြစ်ပါတယ်။ သူ့ရဲ့ နာမည်အကြီးဆုံးဂိမ်းတွေနဲ့ မိုဘိုင်းလ်ဂိမ်းလောကကို ဝင်ရောက်လာရာမှာ Fire Emblem ဇာတ်လမ်းတွဲဟာ Nintendo ရဲ့ ဒုတိယမြောက် ခြေလှမ်းပဲ ဖြစ်ပါတယ်။ ဂိမ်းရဲ့ နာမည်ကတော့ Fire Emblem Heroes ဖြစ်ပြီးတော့ ၂၀၁၇ အစောပိုင်းတုန်းက စတင်ခဲ့တဲ့ ဒီဂိမ်းဟာ လက်ရှိမှာ Apple App Store နဲ့ Google Play Store တို့ရဲ့ အမြတ်အရဆုံးဂိမ်းတွေထဲက တစ်ခုအပါအဝင် ဖြစ်နေပါပြီ။

 .         

Fire Emblem Heroes ကတော့ Fire Emblem ဂိမ်းဖြစ်တာနဲ့အညီ အခြေခံ တိုက်ပွဲစနစ်တွေဟာ အရင်ဂိမ်းတွေနဲ့ အတူတူပဲ ဖြစ်ပါတယ်။ တိုက်ပွဲစတာနဲ့ မြေပုံမှာ ဇယားကွက်တွေ ပေါ်လာမှာဖြစ်ပြီး မိမိရဲ့ Hero တွေကို နည်းဗျူဟာကျကျ ရွှေ့ပြီး တိုက်ပွဲဝင်ရမှာပါ။ ဒါ့အပြင် Weapon Triangle ကိုလည်း သေသေချာချာ အလေးပေးရဦးမှာဖြစ်ပါတယ်။ Hero အမျိုးအစားတစ်ခုဟာ အားသာချက်ရှိသလို အား နည်းချက်လည်း ရှိတာမို့ တိုက်ပွဲမှာ ရင်ဆိုင်ရမယ့် ရန်သူအမျိုးအစားကို လေ့လာပြီး အဲဒီရန်သူကို တန်ပြန်နိုင်တဲ့ Hero တွေကို ခေါ်သွားမှ တိုက်ပွဲကို လွယ်လွယ်ကူကူ အောင်နိုင်မှာပါ။

 .         

ဒီဂိမ်းဟာ မိုဘိုင်းလ်ပေါ်မှာ ဆော့လို့အဆင်ပြေအောင် အထူးပြင်ဆင်ထားရတာမို့ console ပေါ်က Fire Emblem ဂိမ်းတွေနဲ့တော့ ကွဲပြားချက်တွေရှိပါတယ်။ ပထမဦးဆုံးကတော့ မြေပုံအရွယ်အစားပါ။ Fire Emblem Heroes ရဲ့မြေပုံဟာ 8×6 အကွက်ပဲရှိပြီး တခြား Fire Emblem ဂိမ်းတွေနဲ့ယှဉ်ရင် အင်မတန် သေးပါတယ်။ နောက်တစ်ချက်ကတော့ တိုက်ပွဲထဲကို ခေါ်သွားလို့ရတဲ့ Hero အရေအတွက်ပါ။ Console ပေါ်က Fire Emblem ဂိမ်းတွေမှာ Hero တွေအများကြီး ခေါ်သွားလို့ရပေမယ့် ဒီဂိမ်းမှာတော့ ၄ ယောက်သာ ခေါ်သွားလို့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် နည်းဗျူဟာအပိုင်း စဉ်းစားရတာတွေက console က ဂိမ်းတွေလောက် မနက်နဲတော့ပါဘူး။ တကယ့် Fire Emblem ပရိသတ်တွေအတွက်ကတော့ ဂိမ်းဆော့ရတာ အရသာ နည်းနည်းပေါ့သွားသလို ခံစားရမှာပါ။  ဒါပေမယ့် ဒီလိုပြင်လိုက်တာ ကြောင့် မိုဘိုင်းလ် ပေါ်မှာ ဆော့ရတာ အင်မတန် အဆင်ပြေသွားစေပါတယ်။ တိုက်ပွဲမှာ ပါဝင်တဲ့ unit တွေ နည်းသွားပြီး မြေပုံက ကျဉ်းသွားတဲ့အတွက် တိုက်ပွဲကြာချိန်ဟာလည်း အများကြီး လျော့သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် တိုက်ပွဲတစ်ခုကို အကြာကြီး ထိုင်ဆော့နေစရာမလိုဘဲ လမ်းသွားရင်းလည်း ဆော့လို့ရသွားစေပါတယ်။

Fire Emblem ပရိသတ်တွေအဖို့ တိုက်ပွဲစနစ်က အားမလို အားမရ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အားမလျှော့သွားပါနဲ့ဦး။ ဘာကြောင့်လည်းဆိုတော့ ဒီဂိမ်းထဲမှာ အရင် Fire Emblem ဂိမ်းတွေထဲက နာမည်ကြီး Hero တွေကို ဆင့်ခေါ် ဆော့ကစားနိုင်မှာမို့လို့ပဲ ဖြစ်ပါတယ်။ အဲဒီတော့ မိမိ အရမ်းကြိုက်နှစ်သက်တဲ့ ဇာတ်ကောင်တွေနဲ့ ပြန်လည်ဆုံတွေ့နိုင်မှာမို့ အဆိုးထဲက အကောင်းလို့ ပြောရမှာပါ။ ဒီဂိမ်းဟာ Fire Emblem ဂိမ်းတွေကို ဆော့ကစားချင်ပေမယ့် 3DS မဝယ်ချင်တဲ့သူတွေအတွက် Fire Emblem ဂိမ်းကိုဆော့ကစားနိုင်မယ့် အလွန်ကောင်းတဲ့ အခွင့်အရေးကြီးတစ်ခု ဖြစ်တာမို့ Fire Emblem Heroes ကို Android ရော iOS မှာပါ အခမဲ့ ရယူဆော့ကစားနိုင်တယ် ဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

Image Sources:

https://fire-emblem-heroes.com/en/

https://itunes.apple.com/us/app/fire-emblem-heroes/id1181774280?mt=8

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password